စာတမ်း ၅စောင်နဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ပြီးစီး

စာတမ်း ၅စောင်နဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ပြီးစီး

နေပြည်တော်၊ ဇန်နဝါရီ ၁၆ ။              ။ အစိုးရသစ်လက်ထက်၌ ပထမဆုံးကျင်းပသည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကိုနေပြည်တော် တွင် (၅) ရက်တာကျင်းပပြီးစီးခဲ့ပြီး ယင်းညီလာခံမှ   ဆွေးနွေးခဲ့သည့် ကဏ္ဍစုံမှ ဆွေးနွေးချက်စာတမ်း ငါးစောင် ထွက်ပေါ်လာခဲ့သည်။

နေပြည်တော်ရှိ မြန်မာကွန်ဗင်းရှင်းတာ(၁)တွင် ဇန်နဝါရီလ ၁၂ရက်မှ ၁၆ရက် အထိ ငါးရက်တာ ကျင်းပခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတွင် နိုင်ငံရေးကဏ္ဍဆွေးနွေးမှုအပါဝင် ကဏ္ဍအသီးအသီး (၅)ရပ်ရဲ့ ညီလာခံကိုယ်စားလှယ်များက ညှိနှိုင်းဆွေးနိုင်ခဲ့ကြသည်။

“အစုအဖွဲ့အလိုက်၊ ကဏ္ဍအလိုက် ဆွေးနွေးပွဲများမှာ တူညီမှုအမြင်များ ရှိကြသလိုပဲ မတူညီမှုများ၊ မတိုက်ဆိုင်မှုများရှိတယ်လို့သိရပါတယ်။ အဲ့သလို အမြင်ချင်းမတူညီမှုတွေကို လွတ်လွတ်လပ်လပ် ဆွေးနွေးပြီး အမြင်ခြင်းဖလှယ်နေတာကိုက နောက်ထပ်တိုးတက်မှု အခွင့်လမ်းတစ်ရပ်လို့ ယူဆပါတယ်" ဟု ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံပိတ်ပွဲ အခမ်းအနားတွင် ဒုတိယသမ္မ ဒေါက်တာစိုင်းမောက်ခမ်းက ပြောကြားခဲ့သည်။

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ(၅)ရက်တာ ဆွေးနွေးမှုတွင် ညီလာခံကိုယ်စားလှယ်များက နိုင်ငံရေး၊ လူမှုရေး၊စီးပွားရေး၊ လုံခြုံရေး၊ မြေယာနှင့်သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒကိစ္စရပ်များကို   ဆွေးနွေးပြီး ဆွေးနွေးချက်စာတမ်း ငါးစောင် ထွက်ပေါ်လာခြင်းဖြစ်သည်။

ညီလာခံမှထွက်ပေါ်လာသည့် ကဏ္ဍစုံမှ ဆွေးချက်များစာတမ်းမျာကို ဒုတိယသမ္မတဒေါ်တာစိုင်းမောက်ခမ်းမှ လက်ခံရယူခဲ့ပြီး ယင်းဆွေးနွေးချက်စာတမ်းများကို အစိုးရသစ်ထံသို့လွှဲပြောင်းအပ်မည်ဟု   ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ပိတ်ပွဲအခမ်းအနားတွင် ဒုတိယသမ္မက ပြောကြားခဲ့သည်။

ထို့ပြင် အများပြည်သူလေ့လာနိုင်ရန်လည်း ယင်းစာတမ်းများကို ပုံနှိပ်ရိုက်နှိပ်ထုတ်ဝေ၍ ဖြန့်ဝေသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်မှုမတီမှ ဦးလှမောင်ရွှေကပြောကြားခဲ့သည်။

“ကျွန်တော်တို့တိုင်းပြည်ရဲ့ နိုင်ငံရေးပြဿနာတွေက သိပ်များတယ်။ ဖြစ်တာလည်း ကြာပြီဆိုတော့ ဒီနိုင်ငံရေးဆွေးနွေးပွဲကနေ ညီလာခံ ငြိမ်းချမ်းရေးကို ဦးတည်တဲ့ ညီလာခံ ဒါပေမဲ့ တကယ့်ဆွေးနွေးတာက နိုင်ငံရေးကို ဆွေးနွေးတာပဲ ဒီနိုင်ငံရေးဆွေးနွေးပွဲကနေ အဖြေရလာတဲ့ အချိန်ကြရင်တော့ တူညီချက်တွေရလာတဲ့ အချိန်ကြရင်တော့ တကယ့်ငြိမ်းချမ်းရေးရမယ်လို့ ယူဆပါတယ်" ဟု ပအိုဝ်းအမျိုသားလွှတ်ရေးအဖွဲ့ နယက ဗိုလ်မှူးကြီး ခွန်းဥက္ကာက ပြောသည်။

ထု့ိပြင် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးစိုင်းကျော်ညွှန့်ကလည်း နေပြည်တော်တွင် ကျင်းပခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို ကျွန်တော်တို့ရဲ့ နိုင်ငံရေးအခင်းအကျင်းအသစ် စတင်သည်ဟု မြင်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါညီလာခံသို့ တိုင်းရင်းသားလက်နက်ကိုင် အစုအဖွဲ့ကိုယ်စားလှယ်များ၊ အစိုးရအစုအဖွဲ့ ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီအစုအဖွဲ့ ကိုယ်စားလှယ်များ၊ တိုင်းရင်းသားကိုယ်စားလှယ်များ၊ လွှတ်တော်အစုအဖွဲ့ ကိုယ်စားလှယ်များ တပ်မတော်သားအစုအဖွဲ့ ကိုယ်စားလှယ်များ၊ ပါဝင်သင့်ပါထိုက်သသည့်သူများ၊ လေ့လာသူများ တက်ရောက် ဆွေးနွေးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly