Miss Myanmar Yangon 2015တွင် Miss BMB Award ဆု ရရှိခဲ့သည့် ရွှေရုပ်၏ ၁၈နှစ်ပြည့် မွေးနေ့ပွဲ

Miss Myanmar Yangon 2015တွင် Miss BMB Award ဆု ရရှိခဲ့သည့် ရွှေရုပ်၏ ၁၈နှစ်ပြည့် မွေးနေ့ပွဲ

ရန်ကုန်၊ ဇန်နဝါရီ ၁၆ ။           ။ ရန်ကုန်မြို့ ကန်တော်ကြီး မျှော်စင်ကျွန်းတွင် ကျင်းပခဲ့သည့် Miss Myanmar Yangon 2015 ပြိုင်ပွဲတွင် Miss BMB Award ဆု ရရှိခဲ့သည့် အလှမယ် ရွှေရုပ်သည် ၎င်း၏ ၁၈နှစ်ပြည့် မွေးနေ့ကို ဇန်နဝါရီ ၁၅ရက်က ကျင်းပခဲ့သည်။

Miss Myanmar Yangon 2015 ပြိုင်ပွဲတွင် Title ဆု တစ်ဆုအပြင် Top 5 အထိ ပါဝင်ခဲ့သည့်အတွက် မွေးနေ့ပွဲ နှင့် ပေါင်းပြီး မိသားစုက ရန်ကုန်မြို့ ကန်တော်ကြီး ဥယျာဉ်အတွင်းရှိ Steamboat HotPot ဆိုင်၌ ကျင်းပ ပြုလုပ်ပေးခြင်းဖြစ်သည်။

အလှမယ် ရွှေရုပ်က "ညီမကို Title ဆု တစ်ဆု ရရှိတာအပြင် Top 5 ထဲလည်း ပါခဲ့တဲ့အတွက် ညီမကို ဂုဏ်ပြုတဲ့ အနေနဲ့ မွေးနေ့လေးပါ ပေါင်းပြီး လုပ်ပေးတာပါ။ မနှစ်က မွေးနေ့တွေကတော့ အိမ်မှာပဲ လုပ်ဖြစ်ခဲ့တာပါ။ ဒီနှစ်မှ ဒီလိုမျိုးလေး လုပ်ဖြစ်သွားတာပါ" ဟု ပြောသည်။

လက်ရှိတွင် နောက်ထပ် အလှမယ် ပြိုင်ပွဲတွေလည်း ဝင်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်ပြီး အလှမယ်အပြင် သရုပ်ဆောင် တစ်ယောက် ဖြစ်ချင်သည့် အတွက် သင်တန်းတက်ရောက်ရန် စီစဉ်ထားသည်ဟု ရွှေရုပ်က ပြောသည်။

"အခု ညီမပြိုင်ပွဲတွေ ထပ်ပြိုင်မယ်။ MTV တွေ ရိုက်ဖို့ လုပ်ထားပါတယ်။ သရုပ်ဆောင် အလုပ်ကိုလည်း လုပ်ဖို့ စဉ်းစားထားတဲ့အတွက် သရုပ်ဆောင် သင်တန်း တက်ရောက်သွားမှာပါ။ အခု ၁၀တန်း အောင်ထားတာ ဆိုတော့ ပညာရေးဘက်ကိုလည်း ဆက်လုပ်သွားမှာပါ" ဟု ပြောသည်။

အလှမယ် ရွှေရုပ်သည် Mister & Miss Christmas ပြိုင်ပွဲ နှင့် တခြား ပြိုင်ပွဲ တော်တော်များများကို ဝင်ရောက် ယှဉ်ပြိုင်ခဲ့ဖူးသူ ဖြစ်ကာ နိုင်ငံတကာ ပြိုင်ပွဲအတွက် Miss Myanmar Yangon 2015 ကို ထပ်မံ ဝင်ရောက် ယှဉ်ပြိုင်ခြင်း ဖြစ်သည်။

Miss Myanmar Yangon 2015 အလှမယ် ပြိုင်ပွဲကို  BMB Entertainment မှ ပထမဆုံး အကြိမ် ဦးစီး ကျင်းပပြီး Miss Myanmar Yangon 2015 ၊ 1st Runner up ၊ 2nd runner up အပြင် တခြား Title ဆုများကိုပါ ချီးမြှင့် ပေးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly