အင်တာနက် အသုံးမပြုနိုင်သေးသူ လူဦးရေ သန်းလေးထောင်ရှိနေ

အင်တာနက် အသုံးမပြုနိုင်သေးသူ လူဦးရေ သန်းလေးထောင်ရှိနေ
(ဓာတ်ပုံ-အီးပီအေ)

ရန်ကုန်၊ ဇန်နဝါရီ ၁၆ ။              ။ အင်တာနက် အသုံးပြုခွင့် မရရှိသေးသူ လူဦးရေ သန်းလေးထောင်ရှိသည်ဟု ကမ္ဘာ့ဘဏ်က ဇန်နဝါရီ ၁၃ရက်က ထုတ်ပြန်လိုက်သည်။

လူသန်းလေးထောင်အတွက် အင်တာနက်အပါအဝင် မိုဘိုင်းဖုန်းကဲ့သို့ ဒစ်ဂျစ်တယ် နည်းပညာ မရရှိခြင်းက ဒစ်ဂျစ်တယ်နည်းပညာဖြင့် စီးပွားရေး၊ အလုပ်အကိုင်၊ ပြည်သူ့ဝန်ဆောင်မှု စသဖြင့် ဖွံ့ဖြိုးတိုးတက်နေသည့် ဒစ်ဂျစ်တယ်စီးပွားရေးကြီးမှ ဖယ်ထုတ်ထားသကဲ့သို့ ဖြစ်နေကြောင့် ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာ သစ်က ဆိုသည်။

ကမ္ဘာ့ဘဏ်အစီရင်ခံစာ အသစ်ဖြစ်သည့် ‘၂၀၁၆ ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်မှုအစီရင်ခံစာ - ဒစ်ဂျစ်တယ် အကျိုး ကျေးဇူးများ (World Development Report 2016: Digital Dividends)’ အရ လျင်လျင်မြန်မြန် ပြန့်ပွားလာနေသည့် ဒစ်ဂျစ်တယ်နည်းပညာများ၏ အကျိုးကျေးဇူးများကို ကမ္ဘာတစ်ဝန်းမှ ချမ်းသာ ကြွယ်ဝသူများ၊ ကျွမ်းကျင်မှုရှိထားပြီးသူများ၊ ဩဇာတိက္ကမ ရှိသူများကသာ သိမ်းကြုံးခံစားနေရသည်ဟု ဆိုသည်။

“ဒစ်ဂျစ်တယ်နည်းပညာတွေဟာ စီးပွားရေး၊ အလုပ်အကိုင်နဲ့ အစိုးရတို့နဲ့ဆိုင်တဲ့လောကတွေကို ပုံစံ ပြောင်းလဲပစ်နေပါတယ်။ ကျွန်တော်တို့အနေနဲ့ လူတိုင်းလူတိုင်း ဒီနည်းပညာတွေသုံးပြီး ချိတ်ဆက်ထားနိုင်ဖို့၊ ဘယ်သူမှ နောက်မှာ ကျန်မနေရစ်စေဖို့ ဆက်လက် ကြိုးပမ်းရမှာဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခွင့်အလမ်းတွေ ဆုံးရှုံးမှုအတွက်ပေးရတဲ့ အရင်းအနှီးက သိပ်ကြီးမားလွန်းလို့ပါပဲ။ ဒါပေမဲ့လည်း ဒစ်ဂျစ်တယ် အကျိုးကျေးဇူးတွေ လူ့အဖွဲ့အစည်းရဲ့အလွှာအသီးသီးမှာ ပျံ့နှံ့ဖို့ဆိုရင် နိုင်ငံအသီးသီးအနေနဲ့ သူတို့နိုင်ငံရဲ့ စီးပွားရေးလုပ်ကိုင်နိုင်မယ့် ဝန်းကျင်ကောင်းတွေ တိုးတက်အောင် လုပ်ရပါမယ်၊ ပညာရေးနဲ့ ကျန်းမာရေး ကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံရပါမယ်။ အုပ်ချုပ်ရေးယန္တရားတွေ ကောင်းအောင် မြေတောင် မြှောက်ပေးရပါမယ်” ဟု ကမ္ဘာ့ဘဏ်အုပ်စု၏ဥက္ကဋ္ဌ ဂျင်မ် ယောင်ကင်က ပြောပါသည်။

တစ်နိုင်ငံချင်းစီအလိုက် အောင်မြင်မှုမှတ်တိုင်များပြစရာရှိသော်လည်း ကမ္ဘာတစ်ဝန်းလုံး၏ထုတ်လုပ်နိုင်မှု၊ လူလတ်တန်းစားနှင့် ဆင်းရဲနွမ်းပါးသူအလွှာတို့အတွက် အခွင့်အလမ်းများချဲ့ထွင်ယူနိုင်မှု၊ တာဝန်ခံမှုရှိရှိ အုပ်ချုပ်စီမံမှုစသည်တို့အပေါ် နည်းပညာ၏ အကျိုးသက်ရောက်မှုမှာ မျှော်လင့်သလို ဖြစ်မလာသေးဟု ဆိုသည်။

"ကမ္ဘာ့လူဦးရေရဲ့ ၂၀ ရာခိုင်နှုန်းနီးပါးဟာ စာမရေးတတ်၊ မဖတ်တတ်ကြပါဘူး။ ဒီဂျစ်တယ် နည်းပညာများ ပျံ့နှံ့မှုတစ်ခုတည်း သက်သက်နဲ့ ကမ္ဘာကြီးမှာဖြစ်နေတဲ့ အသိပညာကွာဟမှုကြီးကို အဆုံးသတ်နိုင်မှာ မဟုတ်ပါဘူး” ဟု ကမ္ဘာ့ဘဏ်၏ စီးပွားရေးအရာရှိချုပ် ကောရှစ် ဘာဆူက ပြောသည်။

နိုင်ငံအချို့တွင် မိုဘိုင်းဖုန်း နှင့် နည်းပညာများကို အသုံးပြုနေသည့် ရာခိုင်နှုန်းနှင့် မည်သို့ အသုံးဝင်နေသည် ဆိုသည်ကိုလည်း ကမ္ဘာ့ဘဏ်၏ စစ်တမ်းတွင် ဖော်ပြထားသည်။

အရှေ့အာဖရိကဒေသ၏ အရွယ်ရောက်ပြီးသူများ၏ ၄၀ ရာခိုင်နှုန်းကျော်သည် မိုဘိုင်းဖုန်းများ သုံးပြီး အခွန်အခများကို ပေးဆောင်နေကြပါသည်။ တရုတ်နိုင်ငံတွင် စွန့်ဦး တီထွင်လုပ်ငန်းရှင်ပေါင်း ရှစ်သန်းရှိရာ (၎င်းအနက် သုံးပုံတစ်ပုံမှာ အမျိုးသမီးများဖြစ်) ၎င်းတို့မှာ ကုန်စည်များကို ပြည်တွင်းမှာရော နိုင်ငံပေါင်း ၁၂၀ သို့တင်ပို့ရောင်းချရာမှာပါ အီလက်ထရွန်းနစ်ကူးသန်းရောင်းဝယ်ရေး (e-commerce) ပလက်ဖောင်းတစ်ခုကို အသုံးပြုကြပါသည်။ အိန္ဒိယနိုင်ငံ၌ ငါးနှစ်အတွင်း လူပေါင်းသန်းတစ်ထောင်နီးပါးတို့အား မူကွဲမရှိနိုင်သည့် ဒစ်ဂျစ်တယ်မှတ်ပုံတင်များ ထုတ်ပေးနိုင်ခဲ့ပြီး ပြည်သူ့ရေးရာဝန်ဆောင်မှုများ ရရှိခံစားရသူဦးရေကို မြှင့်တင်ကာ အကျင့်ပျက်မှုကိုလျှော့ချနိုင်ခဲ့သည်။ အများပြည်သူ့ကျန်းမာရေး ဝန်ဆောင်မှုဘက်ပိုင်းတွင် မိုဘိုင်းဖုန်းဖြင့် စာတိုပေးပို့ခြင်းမျှဖြင့် အိပ်ခ်ျအိုင်ဗီပိုးရှိနေကြသူများအား အသက်ကယ်ဆေး သောက်ရန် သတိပေးရာတွင် ထိရောက်မှုရှိကြောင်းကို လက်တွေ့မြင်ခဲ့ကြရပြီးဖြစ်သည်ဟု ဖော်ပြထားသည်။

ဒစ်ဂျစ်တယ်နည်းပညာများသည် စီးပွားရေး၊ လူ့အဖွဲ့အစည်းနှင့် အများပြည်သူဆိုင်ရာ စနစ်ကျင့်ထုံးများကို အသွင်ပြောင်းလဲပေးနိုင်သော်လည်း အဆိုပါပြောင်းလဲမှုများ မလွဲမသွေ ဖြစ်ပါလိမ့်မည်ဟု အာမမခံနိုင်သလို အလိုအလျောက်လည်း ဖြစ်လာမည်မဟုတ်ဟု အစီရင်ခံစာက သတိပေးထားသေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly