ဘတ်ဂျက်မလျော်မကန်တောင်းသည့် ထိုင်းအမတ်များ နိုင်ငံရေးလုပ်ခွင့် ရာသက်ပန် ပိတ်သိမ်းခံရမည်

ဘတ်ဂျက်မလျော်မကန်တောင်းသည့် ထိုင်းအမတ်များ နိုင်ငံရေးလုပ်ခွင့် ရာသက်ပန် ပိတ်သိမ်းခံရမည်

ထိုင်းလွှတ်တော်အမတ်များနှင့် အစိုးရဝန်ကြီးများအနေဖြင့် မိမိတို့နှင့် ပတ်သက်သူများအခွင့်ထူးရနိုင်ရန် နိုင်ငံတော်ဘတ်ဂျက်များအား တောင်းကြောင်း စစ်ဆေးတွေ့ရှိပါက နိုင်ငံရေးလုပ်ခွင့် ရာသက်ပန် ပိတ်သိမ်းခံရမည်ဖြစ်ကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲ ကော်မရှင်က ဇန်နဝါရီ ၁၅ ရက်တွင် ဆုံးဖြတ်လိုက်သည်။

လွှတ်တော်အမတ်များနှင့် အစိုးရဝန်ကြီးများအနေဖြင့် နိုင်ငံတော်ဘတ်ဂျက်များကို မလျော်မကန်သုံးစွဲမှုမှ ကာကွယ်ရန် ယင်းဥပဒေကို ထည့်သွင်းလိုက်ခြင်းဖြစ်သည်။ ဘတ်ဂျက်မလျော်မကန် တင်ပြသူများ အနေဖြင့် လက်ရှိတာဝန်မှ ဖယ်ရှားခံရမည့်အပြင် ၎င်းတို့ အဆိုပြုခဲ့သည့် စီမံကိန်းများတွင် သုံးစွဲခဲ့သော ငွေပမာဏကိုလည်း ပြန်လည်ပေးလျော် ရမည်ဖြစ်ကြောင်း ကော်မရှင်၏ ပြောခွင့်ရ ပုဂ္ဂိုလ်အူဒွန်ရာ သာမာရီက ပြောကြားသည်။

ဘတ်ဂျက်အား မလျော်ကန်သည့် နည်းလမ်းဖြင့် သုံးစွဲခဲ့သူသည် ဝန်ကြီးတစ်ဦးဦးဖြစ်ပါက ဝန်ကြီးအဖွဲ့တစ်ခုလုံးအား တာဝန်မှ အနားယူသည်အထိ ပြစ်ဒဏ်ချမှတ်နိုင်ကြောင်း အခြေခံဥပဒေရေးဆွဲရေကော်မရှင်က ပြောကြားသည်။

နိုင်ငံတော်၏ ဘဏ္ဍာငွေမထိခိုက်မဆုံးရှုံးစေရန် နှစ်စဉ်နိုင်ငံတော်ဘက်ဂျက် သုံးစွဲမှုအား သက်ဆိုင်ရာဥပဒေများအတိုင်း ဆောင်ရွက်ရန် ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲသူများက သဘောတူထားကြောင်း အူဒွန်က ပြောသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေသစ်မူကြမ်းတွင် ဝန်ကြီးချုပ်ရွေးချယ်တင်မြှောက်ရာ၌ အောက်လွှတ်တော်အမတ် ၅၀၀ အနက် အများစု၏ ထောက်ခံမှုလိုအပ်ပြီး လုံလောက်သည့် မဲအရေအတွက် မရရှိပါက ယာယီအိမ်စောင့်အစိုးရက နိုင်ငံတော်အား တာဝန်ယူအုပ်ချုပ်ရမည်ဖြစ်ကြောင်း အူဒွန်က ပြောကြားသည်။ သို့သော် ထောက်ခံမဲ ထက်ဝက်ကျော်ဖြင့် ဝန်ကြီးချုပ်အား မရွေးချယ်နိင်ပါက နောက်တစ်ကြိမ် ရွေးချယ်ဆုံးဖြတ်ရမည့်ကာလကို ၎င်းက ပြောကြားခဲ့ခြင်းမရှိပေ။

ကြားဖြတ်အစိုးရအနေဖြင့် လက်ရှိ စစ်အစိုးရ ထုတ်ပြန်နိုင်သည့် အရေးပေါ် အခြေအနေပုဒ်မ ၄၄အား ထုတ်ပြန်နိုင်ခွင့် ရှိ၊မရှိကိုလည်း ဥပဒေများတွင် ထည့်သွင်း ပြဌာန်းသွားမည်ဟု အူဒွန်က ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly