ထိုင်းတွင် ၀န်ကြီးချုပ် တစ်ဦး၏ ရာထူးသက်တမ်းကို အများဆုံး ရှစ်နှစ်အထိ သာ ထားရှိရန် ဖွဲ့စည်းပုံရေးဆွဲရေး ကော်မတီ စီစဉ်

ထိုင်းတွင် ၀န်ကြီးချုပ် တစ်ဦး၏ ရာထူးသက်တမ်းကို အများဆုံး ရှစ်နှစ်အထိ သာ ထားရှိရန် ဖွဲ့စည်းပုံရေးဆွဲရေး ကော်မတီ စီစဉ်

ဇန်နဝါရီ ၁၆ ။              ။ ထိုင်းနိုင်ငံတွင် ဝန်ကြီးချုပ် တာဝန်ထမ်းဆောင်မည့် ပုဂ္ဂိုလ်တစ်ဦး၏ သက်တမ်းကာလကို အများဆုံး ရှစ်နှစ်အထိသာ သတ်မှတ်ထားရှိရန် ဖွဲ့စည်းပုံဥပဒေ ရေးဆွဲရေး ကော်မတီ CDC က စီစဉ်နေရာ ယင်းသို့ဆိုလျင် ဝန်ကြီးချုပ်တာဝန်ရယူမည့်သူတစ်ဦးအနေဖြင့် ရာထူးကို အကြိမ်ရေ မည်မျှ ရယူထမ်းဆောင်သည် ဖြစ်စေ ၎င်းမှာ ရှစ်နှစ်ထက်တော့ ကျော်လွန်ထမ်းဆောင်ခွင့် ရှိမည် မဟုတ်ပေ။

နိုင်ငံတွင် လူပုဂ္ဂိုလ်တစ်ဦးသည် ဝန်ကြီးချုပ် တာဝန်ကို တစ်ကြိမ်ထက်ပိုကာ ထမ်းဆောင်နိုင်မည်ဖြစ်သော်လည်း ၎င်းမှာ ယင်းရာထူးတာဝန်တွင် အများဆုံး ရှစ်နှစ်ထက် ကျော်လွန်ရယူထားခွင့် ရှိမည် မဟုတ်သည့် စနစ်တစ်ခုကို CDC က ရေးဆွဲထားကြောင်း ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောသည်။

ယင်းစနစ်အရ နိုင်ငံတွင် လူတစ်ဦးသည် ဝန်ကြီးချုပ် ရာထူးကို ရှစ်နှစ် ပြည့်အောင် ထမ်းဆောင်ပြီးသည်နှင့် နောက်တစ်ကြိမ် ထပ်မံ၍ ထမ်းဆောင်ခွင့် ရတော့မည်မဟုတ်ပေ။လူထု စစ်တမ်း များအရ နိုင်ငံရှိ ပြည်သူများက ဝန်ကြီးချုပ်တစ်ဦးကို နိုင်ငံတွင် ကာလကြာရှည်စွာ အာဏာရယူထားခြင်း သို့မဟုတ် အာဏာချုပ်ကိုင်ထားခြင်းတို့ကို လိုလားမှုမရှိခြင်းကို တွေ့ရှိခဲ့ပြီးနောက် ယခုကဲ့သို့ ကန့်သတ်မှုများကို ကော်မတီတွင် အတည်ပြုသဘောတူခဲ့ကြကြောင်း CDC ဥက္ကဌ မီချိုင်း ရူချူပန်က ပြောသည်။

ဝန်ကြီးချုပ် တစ်ဦး၏ သက်တမ်းကာလကို အများဆုံးလေးနှစ်သက်တမ်းနှစ်ကြိမ်ကို ပြည့်မြောက်သည်အထိ ထမ်းဆောင်ခွင့်ပြုရန် ဖွဲ့စည်းပုံ ရေးဆွဲသူအချို့က အဆိုပြုခဲ့သော်လည်း နိုင်ငံတွင် တာဝန်ယူခဲ့သည့် ဝန်ကြီးချုပ်များအနေဖြင့်နိုင်ငံရေးအကျပ်အတည်းများကြား လေးနှစ်သက်တမ်းတစ်ရပ်ကိုပင် ပြည့်မြောက်အောင် ထမ်းဆောင်ခဲ့ရခြင်းမရှိခြင်းကြောင့် အထက်ပါ အိုင်ဒီယာကို ပယ်ဖျက်ခဲ့သည်ဟု မီချိုင်း ကပြောသည်။

တစ်ချိန်တည်းတွင် အဆိုပါ တစ်ပေါင်းတစ်စည်းထဲဖြစ်သော ရှစ်နှစ်သက်တမ်းတစ်ရပ်ကို သတ်မှတ်ခြင်းက နိုင်ငံရေး မတည်မငြိမ်မှုများကို ဖြစ်စေနိုင်သည်ဟု လေ့လာစောင့်ကြည်သူများက ဝေဖန်သည်။

အကယ်၍ ဝန်ကြီးချုပ့်တစ်ဦးသည် ရာထူးကို ပထမအကြိမ် ရယူထားခဲ့ပြီးနောက် ဆက်လက်၍ နောက်ထပ် နှစ်ကြိမ် သို့မဟုတ် သုံးကြိမ် ထပ်မံရယူမည် ဆိုပါက အဆိုပါ ရှစ်နှစ်သက်တမ်း ကန့်သတ်ချက်ကြောင့် နောက်ပိုင်းအကြိမ်များတွင် တာဝန်ယူနိုင်မည့်နှစ် နည်းသွားနိုင်ခြင်း သို့မဟုတ် နောက်တစ်ကြိမ် ထမ်းဆောင်မှုတွင် ရာထူးကို စောလျင်စွာ စွန့်ခွာနိုင်ရခြင်းတို့ ရှိနိုင်သည်ဟု ဝေဖန်သူများက ပြောကြားကြသည်။

နိုင်ငံအတွက် အကျိုးဖြစ်ထွန်းနိုင်မည့် စီမံကိန်းများကို အောင်မြင်ရန် အကောင်အထည်ဖော်ရာတွင် ဝန်ကြီးချုပ်တစ်ဦးအတွက် အထက်ပါ ကန့်သတ်ချက်များက အတားအဆီးသဖွယ် ဖြစ်လာနိုင်သည်ဟု ဆိုကြသည်။

ယခု ရေးဆွဲထားမှုသည် လက်ရှိ အိမ်စောင့်အစိုးရ ဝန်ကြီးချုပ် ပရာယုသ် ချန်အိုချာ၏ သက်တမ်းကာလကို ပိုမို ရှည်ကြာနိုင်ရန် လုပ်ဆောင်ခြင်းဖြစ်သည်ဟု ဝေဖန်သူများက ပြောကြားကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly