မက္ကဆီကိုတွင် သေနတ်သမားများ၏ ပြန်ပေးဆွဲသွားခြင်းခံရသူ ၂၁ ဦး ပြန်လည် လွတ်မြောက်လာ

မက္ကဆီကိုတွင် သေနတ်သမားများ၏ ပြန်ပေးဆွဲသွားခြင်းခံရသူ ၂၁ ဦး ပြန်လည် လွတ်မြောက်လာ

မက္ကဆီကို စီးတီး၊ ဇန်နဝါရီ ၁၆ ။             ။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက မက္ကဆီနိုင်ငံ ဂွီရာရီရို ပြည်နယ်တွင် လက်နက်ကိုင်အဖွဲ့တစ်ခု၏ ပြန်ပေးဆွဲခြင်းခံခဲ့ရသော လူ ၂၁ ဦးမှာ ဇန်နဝါရီ ၁၅ ရက်က ပြန်လည် လွတ်မြောက်လာသည်ဟု တာဝန်ရှိသူများက ပြောသည်။ ယခု ကဲ့သို့ လွတ်မြောက်လာမှုသည် နိုင်ငံတွင် ကြုံတောင့်ကြုံခဲဖြစ်စဉ်လည်းဖြစ်သည်ဟု ဆိုသည်။

အဆိုပါ ဂွီရာရီရို ပြည်နယ်မှာ နိုင်ငံတွင် မူးယစ်ဆေးနှင့် ပတ်သက်သည့် မှုခင်းများ၊ နိုင်ငံရေး ခြစားမှုများ နှင့် ပြီးခဲ့သည့် နှစ်များအတွင်း မကောင်းသတင်းနှင့် ကျော်စောနေခဲ့သော ဒေသဖြစ်သည်။ ထို့ပြင် ယမန်နှစ်က မက္ကဆီကို ကျောင်းသား ၄၃ ဦး ပျောက်ဆုံးခဲ့သည့် နယ်မြေလည်းဖြစ်သည်။ အဆိုပါကျောင်းသားများအားလုံးမှာ သတ်ဖြတ်ခံခဲ့ရသည်ဟု ယုံကြည်ခဲ့ရပြီး ယင်းကိစ္စရပ်ကြောင့် နိုင်ငံတွင် ဆန္ဒပြမှုများ နှင့် နိုင်ငံရေးအကျပ်အတည်းများ ဖြစ်ပေါ်ခဲ့ရသည်။

ပြန်ပေးသမားများလက်မှ လက်ရှိ ပြန်လည်လွတ်မြောက်လာသူများအနက်မှ ၁၉ ဦးမှာ ဇန်နဝါရီ ၉ ရက်က မင်္ဂလာဆောင်တစ်ခုသို့ သွားရာလမ်းရှိ အာဆီလီယာ Arcelia ဟု ခေါ်သော ရွာတစ်ရွာတွင် လက်နက်ကိုင်များက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ပြီး ယင်းဖြစ်စဉ်တွင် နှစ်ဦးမှာ အသတ်ခံခဲ့ရသည်ဟု သတင်းများက ဖော်ပြသည်။

ယင်းနောက်နှစ်ရက်အကြာတွင် အဆိုပါ လက်နက်ကိုင်အဖွဲ့ကပင် ဆရာငါးဦးကို ယင်းရွာအနီးတွင် ထပ်မံခေါ်ဆောင်သွားခဲ့သည်။ ထိုကဲ့သို့ ဖမ်းဆီးခံထားရသူများထဲမှ ၁၇ ဦးအုပ်စုသည် ဇန်နဝါရီ ၁၅ ရက် နံနက် ၂ နာရီ ခန့်တွင် ဒေသတွင်း လမ်းတစ်ခုပေါ်တွင် ပြန်လည် ရောက်ရှိလွတ်မြောက်လာခဲ့ပြီး ၎င်းတို့မှာ ရက်ပေါင်းများစွာ လမ်းလျှောက်ခဲ့ကြရကြောင်း ဂွီရာရီရိုမှ ရှေ့နေချုပ် ဂျာဗီးယား အိုလီယာက ပြောသည်။

ယင်းနေ့ နေ့လည်ပိုင်းတွင်လည်း ပြန်ပေးဆွဲခံခဲ့ရသည့် ဆရားငါးဦးအနက် လေးဦးမှာလည်း ပြန်လည် လွတ်မြောက်လာခဲ့သည်။ ကျန်ရှိသည် ဆရာတစ်ဦးမှာ သေဆုံးခဲ့ပြီဖြစ်ကြောင်း အိုလီယာက ဆိုသည်။

၎င်းတို့ မည်ကဲ့သို့ လွတ်မြောက်ခဲ့ခြင်းနှင့် ပတ်သက်၍ အိုလီယာက အသေးစိတ်ပြောကြားသွားခြင်းမရှိပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly