ဘာကီနာ ဖာဆို မြို့တော်ရှိ ဟိုတယ်တစ်ခုကို သေနတ်သမားများ ၀င်ရောက်ပစ်ခတ်၊ အနည်းဆုံး ၂၀ ဦးသေဆုံး

ဘာကီနာ ဖာဆို မြို့တော်ရှိ ဟိုတယ်တစ်ခုကို သေနတ်သမားများ ၀င်ရောက်ပစ်ခတ်၊ အနည်းဆုံး ၂၀ ဦးသေဆုံး

ဇန်နဝါရီ ၁၆ ။             ။ ဘာကီနာဖာဆို နိုင်ငံ မြို့တော် အွာဂါဒိုဂို ရှိ အနောက်တိုင်းသားများ တည်းခိုလေ့ရှိသော ဟိုတယ်တစ်ခုကို သေနတ်သမားများက ဇန်နဝါရီ ၁၅ ရက် ညပိုင်းတွင် ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ အနည်းဆုံး လူ ၂၀ သေဆုံးပြီး ၁၅ ထိခိုက်ဒဏ်ရာရရှိသွားခဲ့သည်။

အဆိုပါ ဟိုတယ် အပြင်ဘက်တွင် ယမန်ညအစောပိုင်းက ကားဗုံးပေါက်ကွဲမှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် မျက်နှာဖုံးစွပ်သေနတ်သမားများက ဟိုတယ်ကို ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်တွေ့ရှိသူများက ပြောသည်။

ဆက်လက်၍ ယခုအခါ သေနတ်သမားများ၏ ဓားစာခံဖမ်းဆီးခံထားရသူ ၃၀ ဦးကို ကယ်ဆယ်နိုင်ခဲ့ပြီး သေနတ်သမားများအပေါ် စစ်ဆင်ရေးလုပ်ငန်းများ ဆက်လက် လုပ်ဆောင်နေရဆဲဖြစ်သည်ဟု ဆက်သွယ်ရေး ဝန်ကြီး ရီမစ်စ် ဒန်ဂျီနိုက တွစ်တာတွင် ရေးသားထားသည်။

" ကျွန်တော်တို့ဆီကို သေနတ်ဒဏ်ရာတွေနဲ့ အနည်းငယ်ဆုံး ၁၅ ယောက်လောက် ရောက်လာပါတယ်၊ အခြား ထိခိုက်မိသူတွေလည်း ပါဝင်ပါတယ်" ဟု မြို့တော်ရှိ ယယ်ဂါဒို ဆေးရုံမှ ဆေးရုံအုပ် ရောဘတ်ဆန်ဂါက က ပြောကြားသွားသည်။

ဇန်နဝါရီ ၁၅ ရက် ညပိုင်းက အဆိုပါ ဟိုတယ်အနီးတွင် စစ်တပ်မှ တပ်ဖွဲ့ဝင်များ ရောက်ရှိနေပြီး သေနတ်သမားများနှင့် အပြန်အလှန် ပစ်ခတ်မှုများ ရှိနေဆဲဖြစ်သည်။

ပစ်ခတ်မှုများ ရှိနေခြင်းကြောင့် ဒေသစံတော်ချိန် ၆ နာရီအထိ ကာဖျူးအမိန့်ထုတ်ပြန်ထားမည်ဖြစ်ကြောင်း ပြင်သစ်သံအမတ် ဂယ်လီစ် သီဘော့က က ပြောကြားခဲ့သည်။

ယခု တိုက်ခိုက်မှု၏နောက်ကွယ်တွင် အယ်ကိုင်ဒါတို့ ရှိနေကြောင်း ဂျီဟတ်စစ်သွေးကြွများ၏ လှုပ်ရှားမှုများကို စောင့်ကြည့်နေသည့် အဖွဲ့တစ်ခုက ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly