လက်ရွေးစင်အသင်းအတွက် ဂျာမနီ ကြံ့ခိုင်ရေးနည်းပြ ဇန်နဝါရီ တတိယအပတ်အတွင်း မြန်မာနိုင်ငံသို့ ရောက်မည်

လက်ရွေးစင်အသင်းအတွက် ဂျာမနီ ကြံ့ခိုင်ရေးနည်းပြ ဇန်နဝါရီ တတိယအပတ်အတွင်း မြန်မာနိုင်ငံသို့ ရောက်မည်
ကိုရီးယားနှင့်ခြေစစ်ပွဲမတိုင်မီလေ့ကျင့်နေသော မြန်မာအသင်း။ (ဓာတ်ပုံ - ရွှေဘုတ်)

ဇန်နဝါရီ ၁၆၊ ရန်ကုန်။           ။ ကမ္ဘာ့ဖလားခြေစစ်ပွဲဝင်ရောက်ယှဉ်ပြိုင်နေသည့် မြန်မာ့လက်ရွေးစင်အသင်းအတွက် ဂျာမနီကြံ့ခိုင်ရေးမှူး တစ်ဦးအား ခေါ်ယူရန် စီစဉ်ထားရာ လာမည့် ဇန်နဝါရီ တတိယအပတ်အတွင်း မြန်မာနိုင်ငံသို့ ရောက်ရှိမည် ဟု အသင်းနည်းပြချုပ် ဂတ်ဇီဆီက ပြောသည်။ ဂျာမနီကြံ့ခိုင်ရေးမှူး မီဟိုရာကီတစ် သည် အေလိုင်စင် ရရှိထားသည့်နည်းပြတစ်ဦးဖြစ်ပြီး ဂျာမနီလိဂ်တွင်လည်း ရှေ့တန်းတိုက်စစ်မှူးအဖြစ် ကစားခဲ့ဖူးသူ တစ်ဦး ဖြစ်သည်။

“ ဂျာမနီ ကြံ့ခိုင်ရေးမှူး တစ်ဦး ခေါ်ဖို့ စီစဉ်ထားပါတယ်။ ဒီကို လာဖို့လည်း သဘောတူထားပြီးပါပြီ။ လာမယ့် ဇန်နဝါရီလ တတိယအပတ်လောက်အတွင်း မြန်မာနိုင်ငံကို ရောက်ပါမယ်။ နာမည်ကတော့ မီဟိုရာကီတစ် ပါ။ သူက ဂျာမနီပတ်စပို့ကိုင်ထားတဲ့ ဂျာမနီနိုင်ငံသားတစ်ဦးပါ။ ဒါပေမယ့် သူ့အဖေနဲ့ အမေက ဆာဘီးယား၊ ခရိုအေးရှား ပါ။ သူက ကြံ့ခိုင်ရေးမှူးအပြင် နည်းပြ အေလိုင်စင်လည်း ရှိပါတယ်။ အရင်ကလည်း ဂျာမနီလိဂ်မှာ ရှေ့တန်းကစားသမားတစ်ဦးပါ။ အဲ့အတွက်ကြောင့် အသင်းက တိုက်စစ်မှူးတွေကိုလည်း လေ့ကျင့်ပေးနိုင်ပါတယ် ” ဟု နည်းပြ ဂတ်ဇီဆီက ဂျာမနီကြံ့ခိုင်ရေးမှူးသစ်နှင့် ပတ်သက်၍ ပြောသည်။

မြန်မာအသင်းသည် ၂၀၁၆အတွင်း အနီးစပ်ဆုံးပွဲစဉ်အဖြစ် လာမည့် မတ်လ ၂၃ ရက်တွင် စင်ကာပူနိုင်ငံသို့သွားရောက်ကာ စင်ကာပူလက်ရွေးစင်အသင်းနှင့် ခြေစမ်းကစားရန် စီစဉ်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly