မတ်လ ၁၄ ရက်တွင် လက်ရွေးစင်အသင်း ကစားသမား ၂၅ ဦးဖြင့် လေ့ကျင့်ခန်း ပြန်လည် စတင်မည်

မတ်လ ၁၄ ရက်တွင် လက်ရွေးစင်အသင်း ကစားသမား ၂၅ ဦးဖြင့် လေ့ကျင့်ခန်း ပြန်လည် စတင်မည်
နိုဝင်ဘာလအတွင်းလေ့ကျင့်နေသော မြန်မာအသင်းသားများ။ (ဓာတ်ပုံ- ရွှေဘုတ်)

ဇန်နဝါရီ ၁၆၊ ရန်ကုန်။         ။ မြန်မာ့လက်ရွေးစင်အသင်းအနေဖြင့် ကမ္ဘာ့ဖလားခြေစစ်ပွဲနှင့် နိုင်ငံတကာခြေစမ်းပွဲများအတွက် လာမည့် မတ်လ ၁၄ ရက်တွင် ကစားသမား ၂၅ ဦးဖြင့် လေ့ကျင့်ခန်းအစီအစဉ်များ ပြန်လည် လုပ်ဆောင်သွားမည် ဟု နည်းပြချုပ် ဂတ်ဇီဆီဖရိုင်းဒရစ်က ပြောသည်။ မြန်မာ့လက်ရွေးစင်အသင်းမှာ နိုဝင်ဘာလအတွင်းက ကိုရီးယားအသင်းနှင့် ကစားခဲ့သောကမ္ဘာ့ဖလားခြေစစ်ပွဲ အပြီးကတည်းက လေ့ကျင့်မှုရပ်နားထားသည်။

လက်ရွေးစင်အသင်း၏ လေ့ကျင့်ခန်းအစီအစဉ်နှင့် ပတ်သက်၍ “မတ်လ ၁၄ ရက် လေ့ကျင့်ခန်းပြန်စပါမယ်။့ ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက်ရော စင်ကာပူခြေစမ်းပွဲအတွက်ရော ပြင်ဆင်သွားမှာပါ။ ကစားသမားကတော့ ၂၅ ယောက်တော့ ရွေးပြီးတော့ လေ့ကျင့်ဖြစ်မှာပါ။ ကလပ်အသင်းတွေကနေ လက်ရွေးစင်အတွက် တစ်ပတ်မှာ တစ်ရက်လောက်ဖြစ်ဖြစ် လေ့ကျင့်ခွင့်ရဖို့လည်း ကလပ်တွေနဲ့ ညှိနှိုင်းနေပါတယ်။ လက်ရွေးစင် ကစားသမားအချို့ကိုလည်း ဒီထက်ပိုကောင်းဖို့ ကလပ်တွေကို လေ့ကျင့်ပေးစေလိုပါတယ်။ ကြံ့ခိုင်မှုက အစပေါ့။ အာလုံးတော့ သေချာပြင်ဆင်သွားပါမယ် ” ဟု ဂတ်ဇီဆီဖရိုင်းဒရစ်က ပြောသည်။

မြန်မာ့လက်ရွေးစင်အသင်းသည် ၂၀၁၆ ခုနှစ်တွင် ကမ္ဘာ့ဖလားခြေစစ်ပွဲ၊ နိုင်ငံတကာခြေစမ်းပွဲများ နှင့် နိုဝင်ဘာလတွင် မြန်မာနိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့ ၌ အိမ်ရှင်အဖြစ် ကျင်းပပြုလုပ်မည့် ၂၀၁၆ ဆူဇူကီးဖလားပြိုင်ပွဲ တို့အား ဝင်ရောက်ယှဉ်ပြိုင်ကစားသွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly