မြေခွေးတွေကို မေ့ထားလို့ရပါတော့မလား

မြေခွေးတွေကို မေ့ထားလို့ရပါတော့မလား

ပရီးမီးယားလိဂ်ပွဲစဉ် ၂၁ ပြီးသွားခဲ့ပါပြီ။ အာဆင်နယ်အသင်းက ရမှတ် ၄၃ မှတ်နဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေပြီး သူတို့ နောက်မှာ လက်စတာစီးတီးအသင်းက ရမှတ်တူ ဂိုးကွာခြားချက်နဲ့ ရပ်တည်လျက်ရှိနေပါတယ်။ သူတို့ နှစ်သင်းရဲ့ နောက်မှာတော့ မန်စီးတီး၊ စပါး၊ ဝက်စ်ဟမ်း၊ မန်ယူတို့က အစဉ်လိုက် ရပ်တည်နေကြပါတယ်။

ဒီရာသီမှာ ပရီးမီးယားလိဂ်ရဲ့ ထိပ်သီးအသင်းကြီးတွေလို့ ဆိုကြတဲ့ အသင်းကြီးတွေ အားလုံး ပုံမှန်နိုင်ပွဲရတယ်ဆိုတာ မရှိခဲ့ဘဲ ရှုံးလိုက်၊ နိုင်လိုက်၊ သရေကျလိုက်နဲ့ ချီတက်လာခဲ့ကြတာ အခုဆိုရင် ပြိုင်ပွဲက တစ်ဝက်တောင် ကျိုးလို့ နှစ်ပွဲကျော်သွားခဲ့ပါပြီ။ ဒီအချိန်မှာ လက်ရှိချန်ပီယံချယ်လ်ဆီးအသင်းက ရမှတ် ၂၄ မှတ်နဲ့ အဆင့် ၁၄ နေရာကို ရောက်နေလို့ ချန်ပီယံလောင်းစာရင်းထဲကနေ ထုတ်ပယ်လိုက်လို့ရပါပြီ။ ပြီးတော့ မန်ယူ ဗန်ဟားလ်လက်ထက်မှာ မတည်ငြိမ်သေးတဲ့ ခြေစွမ်းနဲ့ တိုက်စစ်ကစားသမားတွေရဲ့ ဂိုးသွင်းအား ကျဆင်းမှု၊ ဝယ်ထားတဲ့ ကစားသမားတွေရဲ့ ခြေစွမ်းမပြနိုင်မှုတွေကြောင့် ချန်ပီယံဖြစ်ဖို့ဆိုတာ တော်တော်ခက်ခဲတဲ့ အနေအထားမှာ ရှိနေပါတယ်။ လီဗာပူးလ်ကို ကြည့်ပြန်တော့လည်း ၃၁မှတ်နဲ့ အဆင့် ကိုးမှာ။ ကလော့ပ်လက်ထက်မှာ တိုးတက်မှု အချို့ရှိပေမယ့် ဒဏ်ရာရကစားသမား များပြား လွန်းနေတာကြောင့် သူတို့ရဲ့ အဓိက မျှော်လင့်ချက်က အဆင့်လေးအတွင်း ဝင်ဖို့ ဖြစ်လာခဲ့ရပါပြီ။ သင်္ချာနည်းအရ ချန်ပီယံဖြစ်နိုင်သေးပေမယ့် မလွယ်ကူတဲ့ အနေအထားဖြစ်ပါတယ်။

အဲ့ဒီတော့ ပရီးမီးယားလိဂ်အသင်းကြီးတွေထဲမှာ ချန်ပီယံဖြစ်နိုင်ဖို့ ကျန်နေတာက အာဆင်နယ်နဲ့ မန်စီးတီး။ ဒီနှစ်သင်းကတော့ ကျန်အသင်းကြီးတွေထက်စာရင် ခြေမှန်ပြီး ရလဒ်ကောင်းတွေ ရယူနိုင်လို့ သူတို့ကိုပဲ ဘောလုံးကျွမ်းကျင်သူတွေက ဒီနှစ် ပရီးမီးယားလိဂ် ချန်ပီယံအဖြစ် သတ်မှတ်ထားကြပါတယ်။

ဒီနေရာမှာ ပြောစရာရှိလာတာက မြေခွေးတွေလို့ နာမည်ပြောင်ရတဲ့ လက်စတာစီးတီးအသင်းပါ။ လက်စတာစီးတီးအသင်းကို ရာသီအစတုန်းက ဘယ်သူကမှ ဒီလိုအဆင့်မှာ ရပ်တည်နိုင်မယ်လို့ မထင်ခဲ့ကြပါဘူး။ တန်းမဆင်းရဖို့ ရုန်းကန်ရမယ့်အသင်းတွေ စာရင်းမှာတောင် ထည့်သွင်းထားကြပါတယ်။ ဘွတ်ကီဒိုင်တွေကလည်း လက်စတာကို ထည့်မတွက်ထားကြပါဘူး။ ဒါပေမဲ့ ဒီအချိန်မှာတော့ အမြင်တွေ ပြောင်းလဲလာခဲ့ရပါပြီ။ ဘွတ်ကီဒိုင်တွေရဲ့ အလေးပေးမှုမှာလည်း လက်စတာက အာဆင်နယ်၊ မန်စီးတီးနဲ့ စပါးတို့ရဲ့နောက် စတုတ္ထနေရာကနေ ဗိုလ်စွဲဖို့ နေရာပေးခံထားရပါပြီ။ တကယ်လည်း ဟုတ်ပါတယ်။ မြေခွေးတွေကို ဒီအချိန်မှာ လျစ်လျူရှုထားလို့ မရတော့ပါဘူး။

ရုပ်သံထုတ်လွှင့်ခွင့်နဲ့  တိုက်ရိုက်အချိုးကျလာတဲ့ ပရီးမီးယားလိဂ်

ဒီနှစ်ပရီးမီးယားလိဂ်ပြိုင်ပွဲက အရင်နှစ်တွေတုန်းက ပရီးမီးယားလိဂ်ပြိုင်ပွဲနဲ့ လုံးဝကွဲပြားခြားနားလာခဲ့ပါတယ်။ အဓိက အကြောင်းအရင်းကတော့ ရုပ်သံဝင်ငွေ တိုးတက်လာမှုပဲဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ရယ်လို့ စတင် အမည်ပြောင်းလဲလိုက်တဲ့အချိန်က ရုပ်သံဝင်ငွေ ရရှိမှုက ပေါင် ၁၉၁ သန်းပဲ ရှိခဲ့ပါတယ်။ ဒါပေမဲ့ အခုအချိန်မှာတော့ Sky Sports, BT Sport တို့နဲ့ ချုပ်ဆိုလိုက်တဲ့ စာချုပ်အရ ရုပ်သံဝင်ငွေဟာ ပေါင် ၅ ဒသမ ၁၄ ဘီလီယံ ဖြစ်လာခဲ့ပါပြီ။ ဒါကြောင့် ချန်ပီယံအသင်းကစလို့ ဟိုးအောက်ဆုံးက အသင်းအထိ ရုပ်သံဝင်ငွေတွေ အများအပြား ရရှိလာခဲ့ကြပါတယ်။ အဲ့ဒီတော့ အသင်းငယ်တွေကလည်း ကစားသမားကောင်းတွေကို ဝယ်ယူလာနိုင်ပြီး ပြိုင်ပွဲက အရင်နှစ်တွေကထက် ပိုမို အကြိတ်အနယ် ဖြစ်လာရပါတော့တယ်။

ဒီနှစ်မှာ အဲ့ဒီအချက်က ထူးထူးခြားခြားကို ပေါ်လွင်ပါတယ်။ အသင်းကြီးတွေအားလုံးကို ကြည့်လိုက်ပါ။ ဘယ်အသင်းမှာ ကြာရှည်နိုင်ပွဲ မဆက်နိုင်ကြပါဘူး။ အသင်းငယ်ဆိုတိုင်းလည်း နိုင်ဖို့ မလွယ်တော့ပါဘူး။ အလယ်အလတ်အသင်းတွေကလည်း သူတို့ အိမ်ကွင်းမှာဆို အသင်းကြီးတွေကို အနိုင်ကစားဖို့ အသင့်ဖြစ်နေကြပါတယ်။ ထိပ်ဆုံးမှာ ရပ်တည်နေတဲ့ အာဆင်နယ်တို့တောင် ဝက်စ်ဟမ်း၊ ချယ်လ်ဆီး၊ ဆောက်သမ်တန်နဲ့ ဝက်စ်ဘရွန်းတို့ကို ရှုံးထားပြီး လီဗာပူးလ်၊ စပါး၊ နောဝှစ်ချ်တို့နဲ့ သရေကျထားခဲ့ပါတယ်။ ဒါကြောင့် လက်ကျန်ပွဲစဉ်တွေမှာ အသင်းတိုင်း ရုန်းကန်နေရဦးမှာ သေချာပါတယ်။

လက်စတာ ချန်ပီယံဖြစ်နိုင်သလား

လက်စတာအသင်းအပေါ် ယေဘူယျဆန်ဆန် တွက်ချက်ကြည့်ရင်တော့ ချန်ပီယံဖြစ်ဖို့ ရာခိုင်နှုန်းက နည်းလွန်းပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့အသင်းမှာ ရှိနေတဲ့ ကစားသမားတွေက ဒုတိယတန်းစား ကစားသမားတွေချည်း ဖြစ်ပါတယ်။ ပြီးတော့ အဓိက အားထားနေရတဲ့ ကစားသမားတွေ ဒဏ်ရာမရသေးတာက လက်စတာအတွက် ကံကောင်းခြင်းလို့လဲ ဆိုလို့ ရပါတယ်။ လက်စတာနည်းပြ ရာနီရေရီဟာ နာပိုလီ၊ ဗလင်စီယာ၊ အက်သလက်၊ ချယ်လ်ဆီး၊ ဂျူဗင်တပ်စ်၊ ရိုးမား၊ အင်တာမီလန်နဲ့ မိုနာကိုတို့လို ထိပ်တန်းအသင်းကြီးတွေကို ကိုင်တွယ်ဖူးတဲ့ နည်းပြကြီး ဖြစ်ပေမယ့် သူ့ရဲ့ နည်းပြဘဝမှာ ထိပ်တန်းလိဂ်တွေရဲ့ ဘယ်ဖလားကိုမှ မရရှိခဲ့ဖူးပါဘူး။ ပရီးမီးယားလိဂ်၊ လာလီဂါ၊ စီးရီးအေ၊ ပြင်သစ်လိဂ် ဘယ်အမှတ်ပေးဖလားကိုမှ မရခဲ့ဖူးတာပါ။ သူအောင်မြင်ခဲ့တာက ရှုံးထွက်ဖလားတွေနဲ့  အောက်တန်းလိဂ်တွေမှာသာ ဖြစ်ပါတယ်။ ဒါကြောင့် သူ့ကို League Trophy Luck မရှိသူလို့ ဆိုရပါမယ်။ သူ့ရဲ့ ကိုင်တွယ်မှုအောက်မှာ လက်စတာ ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ခဲ့တယ်ဆိုရင်တော့ အလွန်အမင်း ချီးကျူးထိုက်ပြီး ဆန်းကျယ်လွန်းတဲ့ ရာနီရေရီရဲ့ ကံကြမ္မာလို့ ပြောရမှာပါ။

လက်စတာတို့ ချန်ပီယံဖြစ်လိုတယ်ဆိုရင် လက်ရှိခြေစွမ်းပြနေကြတဲ့ ကစားသမားတွေအားလုံး ဒီခြေစွမ်းအတိုင်း ရာသီအဆုံးအထိ ဆက်ရှိနေဖို့ လိုအပ်ပါတယ်။ တိုက်စစ်မှာ ၁၅ ဂိုးသွင်းထားတဲ့ ဗာဒီနဲ့ ၁၄ ဂိုးသွင်းထားတဲ့ မာရက်ဇ်တို့ နှစ်ဦးက တစ်ဦး ဒဏ်ရာရသွားခဲ့ရင်ပဲ လက်စတာရဲ့ အခြေအနေက ယိမ်းယိုင်သွားနိုင်ပါတယ်။ ဒါ့အပြင် ကွင်းလယ်မှာ ခြေစွမ်းပြနေကြတဲ့ အယ်လ်ဘရိုက်တန်၊ ကန်တီ၊ အန်ဒီကင်းတို့လည်း ဒဏ်ရာကင်းစင်ပြီး ခြေမှန်ဖို့လိုပါတယ်။ သူတို့သာ ဒဏ်ရာရခြင်း ဒါမှမဟုတ် ခြေကျသွားခြင်းမျိုးတွေဖြစ်ခဲ့ရင် လက်စတာ ရုန်းကန်ရပါလိမ့်မယ်။ ပြီးတော့ ခံစစ်က ဝက်စ်မော်ဂန်နဲ့ ရောဘတ်ဟုချ်အတွဲပါ။ အသက် ၃၀ ကျော် ဒီကစားသမားနှစ်ဦးက ဒီရာသီမှာ လက်စတာရဲ့ အသက်သွေးကြောထဲက တစ်ကြောပါပဲ။ နောက်ထပ် အရေးပါသူက ဂိုးသမားလေး ကက်စပါရှမိုက်ကယ်ပါ။ ပရီးမီးယားလိဂ်မှာ နောက်ဆုံး သုံးပွဲဆက်တိုက် ဂိုးမပေးထားရသလို ၂၁ ပွဲအပြီးမှာ ခြောက်ပွဲ ဂိုးမပေးရအောင် စွမ်းဆောင်ထားပါတယ်။ ဒီဂိုးသမားနဲ့ခံစစ်ကလည်း အလွန်အရေးကြီးပါတယ်။ အခုဖာ်ပြခဲ့တဲ့ ကစားသမားတွေထဲက တစ်ဦး၊ နှစ်ဦးလောက် ပဲ့ထွက်သွားရင်ပဲ လက်စတာရဲ့ အခြေအနေက ပြောင်းလဲသွားနိုင်ပါတယ်။ အထူးသဖြင့် တိုက်စစ်နဲ့ ခံစစ်သမားတွေပါ။

ဒီအခြေအနေတွေကို ကာကွယ်နိုင်ဖို့အတွက် လက်စတာတို့ ဆောင်းရာသီအပြောင်းအရွှေ့မှာ လူဝယ်ထားဖို့တော့ လိုအပ်ပါလိမ့်မယ်။ အရည်အချင်းရှိတဲ့ ကစားသမားအချို့နဲ့ ကာဗာလုပ်ထားလိုက်မယ်ဆိုရင်တော့ လက်စတာရဲ့ အခြေအနေက ချန်ပီယံဆုမရရင်တောင် အဆင့်လေးအတွင်းလောက်ကိုတော့ မှန်းနိုင်မှာပါ။ လူဝယ်ဖို့လိုသလို အသင်းက အဓိက ကစားသမားတွေကို ထိန်းသိမ်းထားနိုင်ဖို့ကလည်း အရေးကြီးပါတယ်။ ဒီလိုမှ မဟုတ်ရင်တော့ လက်စတာတို့ မလွယ်ပါဘူး။

အစဉ်အလာနဲ့ ပွဲစဉ်ဇယား

လက်စတာတို့ ချန်ပီယံဖြစ်နိုင်သလားဆိုတဲ့ မေးခွန်းကို မဖြစ်မနေဖြေရမယ်ဆိုရင်တော့ သုံးဆယ်ရာခိုင်နှုန်းထက် မပိုဘူးလို့ပဲ ဖြေရပါလိ့မ်မယ်။ ဘာကြောင့် ဒီလို ပြောရသလဲဆိုတော့ တစ်အချက်က လက်စတာရဲ့ အစဉ်အလာပါ။ လက်စတာတို့ဟာ သူတို့ရဲ့ အသင်းသမိုင်းကြောင်းတစ်လျှောက်မှာ အမှတ်ပေးချန်ပီယံ ရှစ်ကြိမ် ဖြစ်ခဲ့ဖူးပါတယ်။ ချန်ပီယံရှစ်မှာ တစ်ကြိမ်၊ လိဂ်-၁ မှာ တစ်ကြိမ်နဲ့ လိဂ်-၂ မှာ ခြောက်ကြိမ် ဖြစ်ခဲ့တာပါ။ အင်္ဂလန်ရဲ့ အဆင့်မြင့်ဆုံးလိဂ်မှာတော့ လက်စတာတို့ဟာ အမြင့်ဆုံးအောင်မြင်မှုအဖြစ် ၁၉၆၀-၆၁ ခုနှစ်က အဆင့် ၆၊ ၁၉၆၂-၆၃ က အဆင့် ၄ ရရှိခဲ့တာ အမြင့်ဆုံးသော အောင်မြင်မှုတွေဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ရယ်လို့ ဖြစ်လာချိန်မှာတော့ ၁၉၉၉-၂၀ဝ၀ ခုနှစ်က အဆင့် ၈ ရရှိခဲ့တာ အမြင့်ဆုံးဖြစ်ပါတယ်။ လက်စတာပဲ ဒီလောက်ပဲ ရှိမှာပေါ့လို့ အပြစ်တင်လို့ရပါတယ်။ ကျွန်တော်က သူတို့ရဲ့ အစဉ်အလာကို ချပြတာပါ။

ပြီးတော့ ပွဲစဉ်ဇယားပါ။ လက်စတာတို့ လက်ကျန်ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ ခက်ခက်ခဲခဲ ဖြတ်ကျော်ရမယ့် အချိန် နှစ်ချိန်ရှိပါတယ်။ အဲ့ဒီပွဲစဉ်တွေကတော့ ပွဲစဉ် ၂၄၊ ၂၅၊ ၂၆ မှာ ဆက်တိုက်တွေ့ဆုံရမယ့် လီဗာပူးလ်၊ မန်စီးတီး၊ အာဆင်နယ်တို့နဲ့ ပွဲစဉ်တွေဖြစ်ပြီး ပွဲစဉ် ၃၆၊ ၃၇၊ ၃၈ တွေမှာ ရင်ဆိုင်ရမယ့် မန်ယူ၊ အဲဗာတန်၊ ချယ်လ်ဆီးတို့နဲ့ ပွဲစဉ်တွေ ဖြစ်ပါတယ်။ အဲ့ဒီပွဲစဉ်ခြောက်ပွဲမှာ မန်စီးတီး၊ အာဆင်နယ်၊ မန်ယူနဲ့ ချယ်လ်ဆီးတို့ကို အဝေးကွင်းမှာ သွားရောက်ကစားရမှာ ဖြစ်ပါတယ်။ ဒီပွဲစဉ်တွေက လက်စတာရဲ့ အိပ်မက်တွေကို အဆုံးအဖြတ်ပေးမယ့် ပွဲစဉ်တွေလို့ ဆိုလို့ရပါတယ်။ ဒီပွဲစဉ်တွေနဲ့ အသင်းရဲ့ အစဉ်အလာကြောင့် လက်စတာ ချန်ပီယံဖြစ်ဖို့ ၃၀ ရာခိုင်နှုန်းထက် မပိုဘူးလို့ ဆိုချင်ပါတယ်။

နောက်ဆုံးတစ်ချက်ကတော့ ပရီးမီးယားလိဂ်ချန်ပီယံဆုကို အသည်းအသန်အလိုရှိနေတဲ့ အာဆင်နယ်နဲ့ ဓနရှင် မန်စီးတီးတို့ကြောင့် လက်စတာရဲ့ ချန်ပီယံအိပ်မက်က အလွန်ခက်ခဲလိမ့်မယ်လို့ ခန့်မှန်းနိုင်ပါတယ်။ မန်စီးတီးကတော့ သုံးစွဲထားတဲ့ ငွေကြေးအင်အားနဲ့ အောင်မြင်မှု တစ်ခုခုသေချာပေါက်ရအောင် ကြိုးစားမှာဖြစ်လို့ အထူးပြောစရာ မလိုပေမယ့် အာဆင်နယ်အကြောင်းကတော့ ပြောဖို့ လိုအပ်ပါတယ်။

အာဆင်နယ်တို့ဟာ ၂၀ဝ၃-ဝ၄ ခုနှစ်က ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရရှိခဲ့ပြီးတဲ့နောက်ပိုင်း အမှတ်ပေးချန်ပီယံမဖြစ်ခဲ့တာ ၁၁ နှစ်ရှိသွားခဲ့ပါပြီ။ နှစ်တိုင်းမှာ အမြဲတမ်းအသင်း လေးသင်းလောက်က ချန်ပီယံဆုအတွက် ယှဉ်ပြိုင်နေရလို့ အာဆင်နယ်တို့ အမြဲတမ်းချန်ပီယံလိဂ်ဝင်ခွင့်နဲ့ပဲ ကျေနပ်နေခဲ့ရပါတယ်။ ဒီနှစ်ကတော့ ဒီလိုမဟုတ်တော့ပါဘူး။ အဓိကပြိုင်ဘက်တွေဖြစ်တဲ့ ချယ်လ်ဆီးနဲ့ မန်ယူတို့ ယုတ်လျော့သွားချိန်မှာ အဓိက ယှဉ်ပြိုင်စရာက မန်စီးတီး တစ်သင်းပဲ ရှိပါတော့တယ်။ လက်ရှိမန်စီးတီးကလည်း အရင်နှစ်တွေကလို ဒေါင်ဒေါင်မြည် မဟုတ်ပါဘူး။ ချန်ပီယံလိဂ်မှာလည်း နောက်တစ်ဆင့်တက်သွားလို့ စစ်မျက်နှာနှစ်ခုကို အာရုံစိုက်နေရပါတယ်။ ဒီလိုအနေအထားမှာ အာဆင်နယ်တို့ အသေအချာ အာရုံစိုက်မယ်ဆိုရင် ပရီးမီးယားလိဂ်ချန်ပီယံ ဖြစ်လာနိုင်ပါတယ်။ ကစားသမားအင်အားအရလည်း တောင့်တင်းနေလို့ မျှော်လင့်နိုင်တာ အမှန်ပါပဲ။ ဒါကြောင့် အာဆင်နယ်ဟာ လက်စတာရဲ့ အိပ်မက်ကို အဓိက ဖျက်ဆီးမယ့်အသင်းဖြစ်လာမှာ သေချာပါတယ်။

နောက်ဆုံးအနေနဲ့ ပြောရမယ်ဆိုရင်တော့ ဒီနှစ်ပရီးမီးယားလိဂ်ပြိုင်ပွဲက လက်စတာနည်းပြ ရာနီရေရီ ပြောသလိုပဲ Crazy League လို့ ဆိုရမှာပါ။ ဘယ်အသင်းမှ သေချာပေါက် တထစ်ချ ပြောလို့ မရတဲ့ အနေအထားပါ။ နောက်ဆုံးအချိန်အထိ ချန်ပီယံတိုက်ပွဲက ပြင်းထန်နေဖို့ ရှိပါတယ်။ ဒါကြောင့် မြေခွေးတွေကိုလည်း မေ့ထားလို့တော့ မရပါဘူး။ မျှော်လင့်ချက်ပါးပါးနဲ့ နောက်ဆုံးအချိန်အထိ မြေခွေးတွေ ဆက်ပြေးနေဖို့ရှိပါတယ်။

ကိုငြိမ်းမောင်

Hyper Sports Magazine No. 26

.page-node-9931 .page-subtitle{ display: none; }

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly