အစိုးရသစ် အဖွဲ့စာရင်း ဖေဖော်ဝါရီ ၁ရက် ထုတ်ပြန်မည့်သတင်း မဟုတ်ဟု ဦးဝင်းထိန်ပြော

အစိုးရသစ် အဖွဲ့စာရင်း ဖေဖော်ဝါရီ ၁ရက် ထုတ်ပြန်မည့်သတင်း မဟုတ်ဟု ဦးဝင်းထိန်ပြော
ဓာတ်ပုံ-မဇ္စျိမ
 

ရန်ကုန်၊ ဇန်နဝါရီ ၁၆ ။             ။ အစိုးရသစ်အဖွဲ့စာရင်းကို ဖေဖော်ဝါရီ ၁ရက် နောက်ဆုံးထားထုတ်ပြန်သွားမည်ဆိုသည့် သတင်းမှာ ကောလဟာလသာဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန်က ပြောသည်။

NLD အနေဖြင့် လွှတ်တော်အသစ်စတင်မည့် ဖေဖော်ဝါရီလ ၁ရက် အမီ အစိုးရသစ်အဖွဲ့စာရင်းကို ထုတ်ပြန်သွားမည်ဟု သတင်းမီဒီယာအချို့တွင် ဖော်ပြနေမှုနှင့်ပတ်သက်၍ ယခုကဲ့သို့ ပြန်လည် ဖြေရှင်းခြင်းဖြစ်သည်။

"အဲဒါက ကောလဟာလတွေပါ။ လူတွေက ထင်ရာတွေ လျောက်ရေးနေကြတာပါ"ဟု ဦးဝင်းထိန်က ပြောသည်။

ထို့ပြင် ဖေဖော်ဝါရီ ၁ရက်၌ စတင်မည့် လွှတ်တော်အသစ်တွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် ဦးဝင်းမြင့်နှင့် ဗဟိုကော်မတီဝင် ဦးအောင်ကြည်ညွန့်တို့ကို ရွေးခြယ်ထားသည်ဟု ပြည်တွင်းဂျာနယ်တစ်ခုက ယခု ရက်ပိုင်းတွင် ဖော်ပြထားသည်။

ယင်းဖော်ပြချက်များဟာလည်း ကောလာဟလသာဖြစ်သည်ဟု ဦးဝင်းထိန်က ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင် ဦးအောင်ကြည်ညွန့်က "အန်ကယ်တော့ ဘာမှမသိသေးဘူးဗျ။ အန်ကယ်လည်းတွေ့တယ်လေ။ သူတို့ကတော့ စုံစမ်းလို့ ရတယ်။ ဦးထွန်းထွန်းဟိန်ကလည်း ဘယ်လိုပြောတယ်။ သတင်းရတယ်ဆိုပြီးတော့ မှန်းဆချက်ပဲ ဖြစ်လိမ့်မယ်ထင်ပါတယ်။ မှန်တယ်မှားတယ်ကတော့ အန်ကယ်ကတော့ ဘာမှ တိုက်ရိုက်မသိသေးဘူးလေ"ဟု ပြောသည်။

ထို့ပြင် လွှတ်တော်ပိုင်းဆိုင်ရာ တာဝန်ပေးမှုများနှင့် ပတ်သက်၍ ဖေဖော်ဝါရီလ မတိုင်မီ အသိပေး ကမ်းလှမ်းမှုများရှိလာနိုင်ကြောင်း ၎င်းက သုံးသပ်ပြောဆိုသည်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် အဓိက အတိုက်အခံပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင် နိုင်ငံရေးပါတီ(၉၀)ကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မဲအပြတ် အသာစီး အနိုင်ရရှိကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အစိုးရဖွဲ့ခွင့် ရရှိထားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော်အမတ်များ အများဆုံးပါဝင်မည့် ဒုတိယအကြိမ်လွှတ်တော်များကို လာမည့် ဖေဖော်ဝါရီ ၁ရက်တွင် စတင်မည်ဖြစ်ပြီး အစိုးရသစ်ဖွဲ့စည်းရေးနှင့် ပတ်သက်၍ တစ်နိုင်ငံလုံးက စိတ်ဝင်စားလျှက်ရှိကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly