မဇ္စျိမရဲ့အလှဆုံးပွဲကဏ္ဍ(အေစီမီလန်-ဖီအိုရင်တီးနား)

16 January 2016
မဇ္စျိမရဲ့အလှဆုံးပွဲကဏ္ဍ(အေစီမီလန်-ဖီအိုရင်တီးနား)

ဒီတစ်ပတ် မဇ္ဈိမရဲ့အလှဆုံးပွဲကဏ္ဍမှာ စီးရီးအေပွဲစဉ်(၂၀) ပွဲစဉ်တစ်ပွဲဖြစ်တဲ့ အေစီမီလန်နဲ့ ဖီအိုရင်တီးနားပွဲစဉ်ကို သုံးသပ်ဖော်ပြပေးမှာဖြစ်ပါတယ်။

အေစီမီလန်-ဖီအိုရင်တီးနား

(၁၈-၁-၂၀၁၆ တနင်္လာနေ့နံနက် ၂း၁၅)

ထိပ်တိုက်တွေ့ဆုံမှု

၂၄-၈-၁၅ (စီးရီးအေ)         ဖီအိုရင်တီးနား ၂-၀ အေစီမီလန်

၁၇-၃-၁၅ (စီးရီးအေ)         ဖီအိုရင်တီးနား ၂-၁ အေစီမီလန်

၂၇-၁၀-၁၄ (စီးရီးအေ)       အေစီမီလန် ၁-၁ ဖီအိုရင်တီးနား

အေစီမီလန်

အိမ်ရှင်အဖြစ်ကစားမယ့် အေစီမီလန်ရဲ့အခြေအနေကတော့ အားရစရာသိပ်မရှိဘူး။ လက်ရှိအနေအထားမှာသူတို့က ၂၉ မှတ်ရပြီး အဆင့် ၈ နေရာရောက်နေတယ်။ နောက်တစ်ချက်ပြောစရာရှိတာက သွင်းဂိုး ၂၅ ဂိုးပဲရထားတယ်။ ပေးဂိုးက ၂၃ ဂိုးရှိတယ်။ ဒါက သာမန်အသင်းအဆင့်လောက်ပဲရှိတယ်။ ခံစစ်ကလည်းယိုယွင်းနေတယ်။ တိုက်စစ်ပိုင်းကလည်းထင်သလောက်အားရစရာမရှိဘူး။ ဒါကြောင့် လက်ရှိနည်းပြ မီဟိုင်းလိုဗစ်လည်းဝေဖန်မှုတွေအောက်ရောက်နေတယ်။ ဖိအားတွေများနေတယ်။ အိမ်ကွင်းနောက်ဆုံးလေးပွဲမှာ တစ်ပွဲပဲအနိုင်ရထားတယ်။ ခြေစွမ်းကအတက်အကျမမှန်ဘူး။ တိုက်စစ်ပိုင်းကလည်း ခုနကပြောသလိုပဲ။ တိုက်စစ်မှူးတွေကတော့ ဂိုးရတယ်။ သို့သော်ဂိုးတွေအများကြီး မသွင်းနိုင်ဘူး။ ခံစစ်ပိုင်းကလည်းယိုယွင်းနေတယ်။ နာမည်ကြီးအသင်းကြီးတွေအဆင့်မှာဆိုရင် သူတို့ခံစစ်က လာဇီယိုပြီးရင် အညံ့ဆုံးပဲ။ အဓိကပြောရမယ်ဆိုရင် သူတို့ generation ပြတ်သွားတာ။ လက်ရှိမှာအကျပိုင်းရောက်နေတဲ့ မွန်တိုလီဗိုကို အားကိုးနေရတုန်းပဲ။ ပြီးတော့ ဒုတိယတန်းစားကစားသမားတွေပေါ့။ ဘဏ္ဍာရေးအကျပ်အတည်းကြောင်း စီးရီးအေကလပ်အသင်းတွေ အားလုံး ရုန်းကန်ရတဲ့ပုံစံအတိုင်းပါပဲ။ အေစီမီလန်လည်း လက်ရှိရုန်းကန်နေရတာပေါ့။

ဖီအိုရင်တီးနား

ဖီအိုရင်တီးနားက လက်ရှိအဆင့် ၄ နေရာမှာ ၃၈ မှတ်ရထားတယ်။ သူ့အနေအထားက ချန်ပီယံဆုမျှော်လင့်လို့တော့ မဖြစ်နိုင်ဘူး။ ဒါပေမဲ့လည်း ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာရဖို့တော့ ရည်မှန်းနိုင်တယ်။ အဲဒီအတွက်အစွမ်းကုန်ကြိုးစားနေတဲ့ အသင်းတစ်သင်းလို့ပြောလို့ရ တယ်။ လက်ရှိအချိန်မှာလည်း သူတို့ခြေစွမ်းပိုင်းက အားရစရာအနေအထားလို့ပြောလို့ရတယ်။ ဒီရာသီမှာ ငါးပွဲပဲရှုံးထားတယ်။ ငါးပွဲရှုံးထားတဲ့ထဲမှာ အသင်းကြီးလေးသင်းပါဝင်နေတယ်။ တစ်ပွဲပဲအောက်အသင်းတစ်သင်းပါတယ်။ ရှုံးထားတာ လာဇီယို၊ နာပိုလီ၊ ဂျူဗီ၊ ရိုးမားပေါ့။ ဒါပေမဲ့ကျန်တဲ့ပွဲတွေမှာတော့ ရလဒ်ကောင်းအောာင်ကစားနိုင်တယ်။ သူတို့ဆီမှာ စတားပလေယာမရှိဘူး။ လူသိနည်းတဲ့ ကစားသမားတွေပဲ ပါဝင်တယ်။ ဒါပေမဲ့ team work အရမ်းကောင်းတယ်။ အသင်းလိုက်စုစည်းမှုနဲ့ ကစားနေတဲ့အသင်းတစ်သင်းလို့ ပြောလို့ရတယ်။ ဒါကြောင့်တိုက်စစ်ပိုင်းကလည်း ၃၇ ဂိုးထိသွင်းထားနိုင်တယ်။ ဒီနှုန်းကလည်း ကျေနပ်စရာပါ။ သူတို့အသင်းမှာ ကာလီနစ်ပေါ့။ သူဆို ခရိုအေးရှားကစားသမား ။၁၀ ဂိုးသွင်းထားတယ်။ နောက်ကွင်းလယ်ပိုင်းက အိုလီဆစ်။ ကိုးဂိုးထိရထားတယ်။ နောက် ဘာဘာကာ။ တိုက်စစ်မှူး။ လေးဂိုးထိရထားတယ်။ တိုက်စစ်ရော ကွင်းလယ်ရော ဂိုးရထားလို့ သူတို့က ဟန်ချက်ညီတဲ့ အသင်းတစ်သင်းလို့ ပြောလို့ရတယ်။

စီးရီးအေနောက်ဆုံး ငါးပွဲမှာလည်း သုံးပွဲထိ အနိုင်ကစားထားတယ်။

သုံးသပ်ချက်

သုံးသပ်ချက်မပြောခင် ထိပ်တိုက်တွေ့ဆုံမှုကို အရင်ဆုံးပြောချင်ပါတယ်။ ပထမအကျော့တုန်းက ဖီအိုရင်တီးနားက ၂-၀ နဲ့အိမ်ကွင်းမှာ အနိုင်ရထားတယ်။ ပြီးခဲ့တဲ့ ၂၀၁၄-၁၅ တုန်းကတော့ ဖီအိုရင်တီးနားက သူ့ကွင်းမှာ ၂-၁ နဲ့နိုင်ထားတယ်။ အေစီကွင်းမှာကျတော့ ၁-၁ သရေကျတယ်။ နောက်ထပ်ထူးခြားမှုတစ်ချက်ကတော့ အေစီမီလန်ကွင်းနောက်ဆုံးလေးကြိမ်စလုံး ဖီအိုရင်တီးနား မရှုံးထားဘူး။ ဒါကတော့ ဖီအိုရင်တီးနားက အစဉ်အလာအရအသာရနေတယ်လို့ ပြောလို့ရတာပေါ့။

ဒါကြောင့် ဒီပွဲကိုသုံးသပ်ရမယ်ဆိုရင်တော့ အေစီမီလန်က တစ်နေ့ရွှေ၊ တစ်နေ့ငွေ ဖြစ်နေတယ်။ ပုံစံက ကောင်းလိုက် မကောင်းလိုက်ဖြစ်နေ တယ်။ မှန်းဆရခက်တယ်။ သူတို့အတက်အကျမြန်နေတယ်။ ဖီအိုရင်တီးနားကတော့ team work နဲ့ကစားတဲ့အသင်းဖြစ်တယ်။ အဲဒီအတွက် တစ်ဦးကောင်းတစ်ယောက်ကောင်းအပေါ် မှီခိုခြင်းမရှိဘူး။ နောက်တစ်ချက်က ချန်ပီယံလိဂ်ဝင်ခွင့်အတွက် မျှော်လင့်ချက်ရှိနေတယ်။ ဒါကြောင့်ဒီပွဲမှာ ခြေစွမ်းမရေမရာဖြစ်နေတဲ့ အေစီမီလန်ကို ငြင်းပယ်ချင်တယ်။ ဖီအိုရင်တီးနား အနိမ့်ဆုံးသရေကစားမယ်ပေါ့။ ဒီပွဲမှာတော့ ဖီအိုရင်တီးနား အဝေးကွင်းမှာ ၂-၁ နဲ့အနိုင်ရမယ်လို့ ခန့်မှန်းချင်ပါတယ်။

အလှဆုံးပွဲရွေးချယ်မှု ဖီအိုရင်တီးနား

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly