ခိုထောင်ကျွန်း လူသတ်မှု ထိုင်းရဲများ ခြိမ်းခြောက်ဖို့ မလိုဟု ဘန်ကောက်ပို့ သတင်းစာ ခေါင်းကြီးရေး

ခိုထောင်ကျွန်း လူသတ်မှု ထိုင်းရဲများ ခြိမ်းခြောက်ဖို့ မလိုဟု ဘန်ကောက်ပို့ သတင်းစာ ခေါင်းကြီးရေး

မြန်မာနှစ်ဦး ပါဝင်ပတ်သက်သည်ဟုဆိုသော ခိုထောင်ကျွန်း လူသတ်မှုတွင် သေဆုံးခဲ့သူ၏ အစ်မဖြစ်သူ ဖေ့ဘုတ်စ်တွင် ရေးသားမှုနှင့် ပတ်သက်၍ ထိုင်းရဲများအနေဖြင့် ခြိမ်းခြောက်ရန် မသင့်ကြောင်း ဘန်ကောက်ပို့စ် သတင်းစာကြီးက အယ်ဒီတာ့အာဘော်အဖြစ် ရေးသားသည်။ ထိုရေးသားချက်ကို ဘာသာပြန်ဆို ဖေါ်ပြပါသည်။

ခိုထောင်ကျွန်း လူသတ်မှုဖြစ်စဉ်တွင် သေဆုံးခဲ့သည့် ဗြိတိန်နိုင်ငံသူ ဟာနာ ဝစ်သရစ်၏ အမဖြစ်သူ ဖေ့ဘုတ်ပေါ်တွင် ရေးသားခဲ့မှုများအပေါ် ဥပဒေကြောင်းအရ အရေးယူသွားနိုင်ရန် ထိုင်းအမျိုးသား ရဲတပ်ဖွဲ့အကြီးအကဲက စဉ်းစားနေခြင်းက ခုတ်ရာတစ်ခြား ရှရာတစ်ခြား ဖြစ်မည့် သဘောတွင် ရှိနေသည်။

အကယ်၍ ထိုကဲ့သို့ အရေးယူမည်ဆိုပါက နိုင်ငံတကာက စိတ်ဝင်စားလျက်ရှိသော ခိုထောင်ကျွန်း လူသတ်မှုဖြစ်စဉ်အပေါ် အငြင်းပွားဖွယ်ရာ ကိုင်တွယ်နေမှုကြောင့် နာမည်ကျဆင်းနေသော ထိုင်း ရဲတပ်ဖွဲ့၏ ဂုဏ်သတင်းကို ထပ်မံ ဆိုးရွားသွားနိုင်ရုံသာ ရှိနေသည်။

ဟာနာ၏ အမဖြစ်သူ လောရာ ဝစ်သရစ် ဖေ့ဘုတ်တွင် ရေးသားခဲ့သော မက်ဆေ့ချ်အပေါ် ထိုင်းရဲတပ်ဖွဲ့နှင့် တရားရေး ဌာနတို့ဘက်က သင့်တင့်လျောက်ပတ်စွာ တုန့်ပြန်ရန်နည်းလမ်းမှာ စွပ်စွဲမှုများကို သေချာစွာစစ်ဆေးရန်နှင့် အမှန်တရားကိုသာ ရှာဖွေနေကြောင်း လူထုကို ပြသ သွားရန်သာဖြစ်သည်။

ပြီးခဲ့သည့် စနေနေ့က ၎င်း၏ ဖေ့ဘုတ်ပေါ်တွင် လော်ရာက ရေးသားထားရာတွင် ထိုင်းရဲများ၏ အမှုပေါ် ကိုင်တွယ် စစ်ဆေးနေပုံက အလွဲလွဲအချော်ချော် ဖြစ်နေသည်ဟု ပါရှိခဲ့သည်။ အခြား ရေးသားချက်တစ်ခုတွင်လည်း မိမိတို့ မိသားစုအပေါ် ထိုင်းတရားရုံး တာဝန်ရှိသူများက ရိုင်းပျသည့် မှတ်ချက်စကားများ ပြောဆိုထားခဲ့သည်ဟု လော်ရာက ရေးသားခဲ့သည်။

ယင်းနောက် နောက်ပိုင်းတွင် အဆိုပါ ရေးသားချက်များကို ၎င်းက ပြင်ဆင်မှုများ ပြုလုပ်သွားခဲ့သော်လည်း နိုင်ငံခြား မီဒီယာများက ယင်းတို့ကို ဖော်ပြခဲ့ပြီးဖြစ်သည်။

သူမတို့ မိသားစုမှာ အမှုနှင့်ပတ်သက်၍ နှုတ်ဆိတ်နေရန် ငွေပေးခိုင်းစေခံခဲ့ရကြောင်း ယင်းကို ငြင်းဆန်ခဲ့ရသည်ဟု ဆိုထားသည်။ အလာတူ ညီမ ဖြစ်သူ အသတ်ခံရပြီးနောက်ပိုင်း ထိုင်းနိုင်ငံသားများထံမှ အသက်အန္တာရာယ် ခြိမ်းခြောက်မှုများ လက်ခံရရှိခဲ့သည်ဟု လော်ရာက ပြောကြားခဲ့သည်။

မစ္စ လော်ရာ ဝစ်သရစ်၏ ဖေ့ဘုတ်ပေါ်မှ စွပ်စွဲချက်များသည် ထိုင်းအာဏာပိုင်များအတွက် ပြင်းထန်ထိခိုက်စေခဲ့သည်။ သို့ရာတွင် ယင်းစွပ်စွဲချက်များနှင့် ပတ်သက်၍ သူမကို တရားစွဲဆိုမည်ဟု ခြိမ်းခြောက်မည့်အစား ထိုင်း ရဲများနှင့် တရားရေးပိုင်း တာဝန်ရှိသူများအနေဖြင့် မစ္စ လော်ရာနှင့် ဆက်သွယ်သင့်ပြီး စွပ်စွဲချက်များနှင့်ပတ်သက်၍ ပိုမိုကောင်းမွန်သည့်အချက်အလက်များ ကို ရရှိရန် ပူးပေါင်းဆောင်ရွက်မှုကိုသာ လုပ်ဆောင်သင့်သည်။

စွပ်စွဲချက်များကို အတည်ပြုပြီး မှန်ကန်သည့် စုံစမ်းစစ်ဆေးမှုတစ်ရပ်ကို လုပ်ဆောင်ကာ ပြည်သူများကို ချပြမည်ဆိုပါက ထိုင်းရဲများအတွက် အကောင်းဆုံး လုပ်ဆောင်မှုပင် ဖြစ်မည်ဖြစ်သည်။ အကယ်၍ မစ္စ လော်ရာ၏ စွပ်စွဲချက်များတွင် မှန်ကန်သည့်အချက်များ ရှိနေမည်ဆိုပါကလည်း ထိုင်းရဲတပ်ဖွဲ့နှင့် တရားရေးဌာနအနေဖြင့် မှန်ကန်သည့်လုပ်ဆောင်ချက်ဖြင့် အလျင်အမြန် ဆက်လုပ်သွားသင့်သည်။

ခိုထောင်လူသတ်မှုသည် ယမန်နှစ် စုံစမ်းစစ်ဆေးမှုများ၏ အစပထမမှာပင် အငြင်းပွားဖွယ်ရာများနှင့် ပြည့်နှက်နေခဲ့သည်။ ယင်းပြစ်မှုကို မြန်မာနိုင်ငံသား ဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့က ဝန်ခံခဲ့သည်ဟု ထိုင်းရဲ့များက အစပိုင်းတွင် ပြောကြားခဲ့သည်။

သို့ရာတွင်လည်း နောက်ပိုင်းတွင် ၎င်းတို့နှစ်ဦးမှာ စုံစမ်းစစ်ဆေးမှုများအတွင်း ညှင်းပန်းနှိပ်စက်ခံရခြင်းကြောင့် ကြောက်လန့်ပြီး ဝန်ခံခဲ့ရသည်ဟု ထွက်ဆိုခဲ့သည်။ သို့ရာတွင်လည်း ၎င်းတို့နှစ်ဦး၏ DNA များမှာ သေဆုံးသူများ၏ ခန္ဓာကိုယ်ပေါ်မှာ တွေ့ရှိရသည်အရာများနှင့် ကိုက်ညီမှုရှိကြောင်း ထိုင်းရဲများက ဆိုထားသည်။

မကြာသေးမီက ယင်းအမှုကိုတရားရုံးက ပြစ်ဒဏ်ချမှတ်ရာတွင် မြန်မာနိုင်ငံသားနှစ်ဦးကို သေဒဏ်ချမှတ်ခဲ့ခြင်းကြောင့် မြန်မာနိုင်ငံတွင်း ဆန္ဒပြမှုများကို ဦးတည်စေခဲ့သည်။ တရားရုံးက မှန်ကန်သည်ဟု ပြောဆိုထားစေကာမူ ယင်းအမှုနှင့် ပတ်သက်သည့် မေးခွန်းများက ဆက်လက် ထွက်ပေါ် နေမြဲဖြစ်သည်။

ထိုင်းရဲများနှင့် တရားရုံးအတွက် အငြင်းပွားဖွယ်ရာကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်း ရမည့် တစ်ခုတည်းသော နည်းလမ်းမှာ ဝေဖန်သူများကို ခြိမ်းခြောက်မှုမပြုလုပ်ပဲ စွပ်စွဲမှုတိုင်းကို ပရော်ဖက်ရှင်နယ်ကျကျ ပွင့်ပွင့်လင်းလင်း ကိုင်တွယ်ဆောင်ရွက်ရန့်ပင်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags