နှစ်ထပ်သဘောင်္မြို့ကလေးရယ် အကောက်တောင်ရယ် သွားကြမယ်ကွယ်

16 January 2016
နှစ်ထပ်သဘောင်္မြို့ကလေးရယ် အကောက်တောင်ရယ် သွားကြမယ်ကွယ်

လမ်းတစ်ဖက်တစ်ချက်မှာရိပ်ကနဲရိပ်ကနဲကျန်ရစ်ခဲ့တဲ့ အရွယ်ညီညီအပင်တန်းလေးတွေကြားမှာ ကျွန်မတို့ရဲ့ကားလေးဟာပန်းတောင်းမြို့နယ်၊ ထုံးဘိုမြို့လေးဆီကိုဦးတည်ပြီးမောင်းနေပါတယ်။ ကျွန်မတို့ ထုံးဘိုမြို့လေးကိုဘာကြောင့် ဦးတည်ပြီးသွားနေရသလဲဆိုတာမကြာခင်မှာပဲသိရတော့မှာပါ။ ဒီတစ်ပတ်ပြည်မြို့ခရီးစဉ်ကတော့ ဒီဒေသကနာမည်ကြီးတဲ့အကြောင်းအရာတချို့နဲ့ အကောက်တောင်ခရီးစဉ်ပဲဖြစ်ပါတယ်။

ကျွန်မတို့သွားမယ့် အကောက်တောင်က ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ရဲ့ တောင် ဘက်အစွန်ဆုံးဖြစ်တဲ့ ထုံးဘိုမြို့ရဲ့အနီးမှာတည်ရှိနေပါတယ်။ ပြည်မြို့ကနေဆိုရင် တစ်နာရီခွဲကြာလောက် ကားမောင်းသွားရမှာပါ။ အဲ့ဒီကိုသွားနေတဲ့လမ်းမှာတော့ ဒီဒေသမှာနာမည်ကြီးဆိုင်တစ်ဆိုင်ရှိပါတယ်။ အဲ့ဒါကတော့ ကြက်..သောက်..ဆမ်းဆိုတဲ့ဆိုင်ပါ။ ဒီဆိုင်ကဘာကြောင့်နာမည်ကြီးရတာလဲဆိုတော့ ကြက်သားနဲ့ပတ်သက်တဲ့ဟင်းလျာတွေချည်း ရလို့ပါပဲ။

ကြက် သောက် ဆမ်းဆိုင် ဖြစ်ပေါ်လာပုံလေးကို ဆိုင်ပိုင်ရှင် က အခုလိုရှင်းပြပါတယ်။

တဲကလေးနဲ့ ကိုယ်ဘာသာ နေတာ ကားသမားတွေ ကားပျက်တော့ ထမင်းချက်ခိုင်းရာကနေ အန်တီတို့စားသလိုပဲ ချက်ကျွေးပါဆိုတော့ ထမင်းချက်ချက် ကျွေးတာပေါ့။ အဲလိုကျွေးတာနဲ့ ကျွန်တော်တို့ကားသမားတွေက ဆီပြန်တွေ မကြိုက်ဘူးတဲ့။ ဒါမျိုးလေးတွေ ချက်ရောင်းပါလား ပြောလို့ တောင်ကုတ်ဘက်မှာ အဲတာ ချက်ရောင်းတယ်။ သူတို့ပြောတာနဲ့ပဲ ချက်ရောင်းလိုက်တာ။ အဲတာနဲ့ ဟင်းနာမည်ကိုပဲ တပ်လိုက်တာ။ ကြက်သောက်ဆမ်း ဆိုင်ဆိုပြီးတော့။ ဝါသိုလပြည့်တုန်းကဆို လူလေးရာလောက် ကျွေးရတယ်။ ရန်ကုန်က လူတွေချည်းပဲ ဒီကလူ မပါဘူး။ အော်ဒါမှာတယ်လေ။ ဝါသိုလပြည့်နေ့ လာမယ်ဆိုရင် ၁၃ ရက်နေ့ကတည်းက ကြိုမှာတာ။ ကျွန်တော်တို့ ကားတစ်စီးကို ဘယ်နှစ်ယောက်ဆိုပြီး အော်ဒါကြိုမှာလို့ သူတို့ကို သပ်သပ်ချက်ထားတာ။

ချက်တာက ဘယ်လိုလဲဆိုတော့ ကြက်သားကို တုန်းတုန်းပြီး အိမ်မှာချက်သလိုပဲပေါ့။ ဒီကတော့ ငါးပိ ထည့်ချက်ရတာ။ ဆီ၊ ဆား၊ ဂျင်း၊ ငရုပ်၊ ကြက်သွန်ဖြူ ထောင်းပြီးသားနဲ့ ငပိလေးနဲ့   ရောပြီးလုံးလိုက်တာပေါ့။ ဆီမသပ်ဘူး။ ဆီသပ်ရင် တစ်ချို့က မကြိုက်ဘူး။ ဆီစော်နံလို့လေ။ ငရုပ်သီးစိမ်း ထောင်းပြီးသားလေးနဲ့ လုံးချက်ပေါ့။ ကြက်သားလည်း နူးရော ရေနွေးဖောက်လိုက်တာပေါ့။ အရည်သောက် အာပူရွက်ခတ်လိုက်တာပေါ့။ အာပူရွက်ဆိုတာတော့နံနံပင်လိုပေါ့။

ထုံးဘိုမြို့ဆိုတာက ဧရာဝတီမြစ်ရဲ့ လက်ယာဘက်ကမ်းမှာတည်ရှိနေတဲ့မြို့လေးပါ။ ဒီမြို့လေးဟာ တစ်သက်လုံး ဂုဏ်ယူနေရမယ့် အရာတစ်ခုကိုလည်းပိုင်ဆိုင်ထားပါတယ်။ အဲဒါကတော့ အာဇာနည်နေ့ဖြစ်တဲ့ ဇူလိုင် ၁၉ ရက်ရောက်တိုင်း ပြည်သူတွေ အလေးပြုကြတဲ့ လူပုဂ္ဂိုလ်တစ်ဦးရဲ့ဇာတိမြေဖြစ်နေလို့ပါ။ ဟုတ်ပါတယ်။ အာဇာနည်ကိုးဦးထဲမှာ တစ်ဦးအပါအဝင်ဖြစ်တဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနဝန်ကြီး သခင်မြရဲ့ ဇာတိချက်ကြွေမွေးရပ်မြေဟာထုံးဘိုမြို့ပါပဲ။

ပြည်မြို့အောက်ဘက် မိုင် ၃၀ လောက်အကွာမှာ ဧရာဝတီမြစ်ကမ်းပါးရောက်တဲ့အထိ ထိုးထွက်နေတဲ့ သဲကျောက်တောင်စောင်းကြီးတစ်ခုရှိပါတယ်။ ဒါဟာအကောက် တောင်ပါပဲ။ မင်းတုန်းမင်းကြီးလက်ထက်က ဒီနေရာမှာ ဧရာဝတီမြစ်တွင်းသွားလာတဲ့ ရေယာဉ်တွေကို အခွန်ကောက်ခံခဲ့တာကြောင့် အကောက်တောင်လို့ ခေါ်တယ်လို့ သမိုင်းမှတ်တမ်းမှာ   ဖော်ပြထားပါတယ်။ ဒီတောင်စောင်းတစ်လျှောက်မှာတော့ ဘုရားပုံတော်အမျိုးမျိုး ထွင်းထုထားတာကိုဖူးမျှော်ကြရမှာဖြစ်ပါတယ်။ ဒီနေရာလေးဟာ   ပြည်ခရိုင်ရဲ့   တောင်ဘက်အစွန်ဆုံးနဲ့ ဟသာၤတခရိုင်ရဲ့ မြောက်ဘက်အစွန်ဆုံးမှာတည်ရှိပါတယ်။ ဒါကြောင့် ပဲခူးတိုင်းဆိုတာရော ဧရာဝတီတိုင်း ဤနေရာမှစသည် ဆိုတာရော အမှတ်အသားပြုထားတာ တွေ့ရပါတယ်။ ကျွန်မတို့ သွားတဲ့အချိန်ဟာ ရေကျချိန်ဖြစ်တာကြောင့် တောင်နံရံတွေပေါ်ထွင်းထုထားတဲ့ ဘုရားဆင်းတုတော်တွေကို ခပ်ဝေးဝေးကပဲ တွေ့မြင်နေရပါတယ်။

တကယ်တော့ အကောက်တောင်ဘုရားဟာတောင်နံရံတွေကပန်းပုလက်ရာတွေကြောင့် စိတ်ဝင်စားစရာနေရာဒေသတစ်ခုဖြစ်ပေမယ့် ခရီးသွားလုပ်ငန်းအနေနဲ့   နောက်ကျကျန်နေခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကစပြီး ဘုရားဖူးသူတွေ တစ်စတစ်စများလာပြီလို့ ဒေသခံတွေကပြောပြကြပါတယ်။ အထူးသဖြင့် အခါကြီးရက်ကြီးရုံးပိတ်ရက်တွေမှာ ဒီကစက်လှေတွေဟာ ဇယ်ဆက်သလိုလူးလားခေါက်ပြန်မောင်းပေးရတယ်လို့ ဆိုပါတယ်။ အကောက်တောင်ဆီ လာရောက်ကြတဲ့ ဘုရာဖူးခရီးသည်တွေရဲ့အခြေအနေကို ဂေါပကအဖွဲ့ဝင်တစ်ဦးက ပြောပြပါတယ်။

ဖွံ့ဖြိုးတိုးတက်တာတော့ တစ်နှစ်ခွဲလောက်ပဲ ရှိပါသေးတယ်။ ဒီလောက် လူစုလူဝေးနဲ့ များများလာကြတာပေါ့လေ။ ဟိုတုန်းကတော့ ကျဲကျဲလာပါတယ်။ အဲဒီဗိုလ်ချုပ်ခင်ညွန့်တို့လာတဲ့ ဘုရားပင့်သွားတဲ့ နောက်ပိုင်းရောက်တဲ့အခါမှာ နိုင်ငံခြားသားတွေ ဝင်လာပြီး နိုင်ငံခြားသား ခရီးစဉ်တွေ တိုးတက်လာတာပေါ့။ အဲဒီကတဆင့် ဒီနေ့ဒီချိန်နေထိ ဖြစ်သွားတာပေါ့။

တောင်ပေါ်တက်တဲ့လမ်းဟာကျဉ်းပြီးတော်တော်လေးလည်းမတ်ပါတယ်။ ဒီတောင်တက်လမ်းမှာရော၊တောင်ပေါ်မှာရောထူးခြားတာလေးတွေ အများကြီးတွေ့ရဦးမယ်လို့ ကျွန်မတို့နဲ့အတူပါလာတဲ့ ဒေသခံကပြောလိုက်တော့ ဘာတွေများတွေ့ရမလဲလို့ ကြိုပြီးစဉ်းစားကြည့်မိပါသေးတယ်။ လမ်းခရီးပြုပြင်မှုအခြေအနေကိုတော့ ယင်း ဘုရားဂေါပအဖွဲ့ဝင်တစ်ဦးက ရှင်းပြပါတယ်။

အခုရတဲ့ အလှုငွေအားလုံးကို တက်လမ်းတွေ လုပ်တယ်။ တက်လမ်းတွေဟာ အနည်းဆုံး သိန်းတစ်ရာကျော် အထက်မှာ ရှိတယ်။ အခုလည်း ပဲ သိန်းငါးဆယ်ကျော်လောက် ရနေပါပြီ။ ဒီစေတီကိုလည်း အဓိကထားပြီးတော့ ဒီနံရံကပ်ဘုရားတွေကို ထိန်းသိမ်းဖို့ အစီစဉ်ရှိတယ်။ ဒီတက်လမ်းလေးကတော့ မရှိမဖြစ် သမီးတို့လည်း လာခဲ့တာ အခက်ခဲကြုံတယ်လေ။ ဝါသိုအမီလုပ်မယ်။ လုပ်ပြီးရင် ဒီဘုရားတွေကို ဆက်လက်ထိန်သိမ်းသွားဖို့  အစီစဉ်တွေ အကုန်ရှိတယ်။

အခုနကပြောတဲ့ ထူးခြားတာတွေ ဆိုတာကိုတော့ စပြီးတွေ့လိုက်ပါပြီ။ ရောင်စုံဝါးတုတ်လေးတွေအများကြီးပါပဲ။ အသက်ရှည်အောင် ညောင်ထောက်ကြတယ်လို့တော့ ကြားဖူးပါတယ်။ ဒါပေမဲ့ ဒီမှာတော့ ချွန်ထွက်နေတဲ့တောင်နံရံမှာထောက်ထားကြတာပါ။ ဒီလိုထောက်ထားတဲ့ ရောင်စုံဝါးတုတ်လေးတွေကို ကြည့်ပြီးဒီကိုလာတဲ့ ဘုရားဖူးဘယ်လောက်များလဲခန့်မှန်းနိုင်ပါတယ်။ ဒါဟာလူသားတွေရဲ့ ယုံကြည်မှုကိုလည်းသက်သေပြလို့နေပါတယ်။

သမိုင်းတွေဟာဒဏ္ဍာရီဇာတ်လမ်းနဲ့ မကင်းဘူးလို့ ဆိုနိုင်သလိုသမိုင်းကြောင်းတချို့ဟာလည်းလူသားတွေရဲ့ ယုံကြည်မှုနဲ့ ဆက်စပ်လို့ နေပြန်ပါတယ်။ အခု ကျွန်မတို့ရောက်နေတဲ့   ရွှေမြင်းတင်စေတီဟာလည်း သမိုင်းဝင်စေတီတစ်ဆူဖြစ်ပြီး ဒီအနီးနားမှာလည်း စိတ်ဝင်စားဖွယ်သမိုင်းကြောင်းတွေနဲ့ ဦးပွားသိုက်တွင်း၊ ရေတံခွန်၊ နဂါးတွင်း၊ ကျောက်ဖားနဲ့   ကျောက်ပွားဆိုတာတွေကိုတွေ့ရပါတယ်။ တခြားထူးခြားတာတချို့ကိုတော့  ဒေသခံတစ်ဦးက အခုလို ရှင်းပြပါတယ်။

ထူးခြားတာက အောင်မြေနင်းပြီးလို့ရှိရင် ရွှေဖားလေးကို ရေလောင်း အကောက်တောင်က ပြန်ရင် အမောက်ထောင်ရမယ်လို့ အဲလို စာဆိုလေးနဲ့ပေါ့နော်။ ဒါရွှေခွက်လေးနဲ့ ကျောက်ဖားပေါ့။ သူက အထဲကရေလေးနဲ့ပဲ ပြန်လောင်းရတာပေါ့။ ဒီရေလေးက ထူးခြားချက်ရှိတယ်။ ဘယ်လောက်နေပူပူ ရေလေးက အေးမြနေတယ်။ ထူးခြားချက်ပေါ့နော်။ ဒီတောင်က ဝိဇ္ဖာတောင်လို့ ခေါ်ပါတယ်။ ၇ ရက်သားသမီးတွေ အတွက် ဒီကျောက်ဖားလေးကို ဖန်တီးပေးတယ်လို့ ဆိုပါတယ်။ ဒီကျောက်ဖားလေးက ၃၈ နှစ်ရှိပြီလို့ ခေါ်ဆိုပါတယ်။ လက်ငါးလုံးလောက်ကနေ ကြီးလာတာပေါ့နော်။ ရေလေးလောင်းပေးရင်းကနေပြီးတော့။

ဒီကျောက်ပွားလေးကနေတော့ သေးသေးလေးကနေ ပွားပွားပြီးလာလို့ ကျောက်ပွားလို့ ခေါ်ပါတယ်။ ဒီကျောက်ပွားလေးကို ရွှေလေးထိခြင်းအားဖြင့် ရွှေတိုးတယ်။ ဒီငွေလေးကို ထိပြီးတော့   ဆောင်ထားခြင်းအားဖြင့် ဒီငွေလေးဟာ ဆွဲငင်အားနဲ့ ပွားလာတယ်ပေါ့နော်။ ဒါကြောင့် ရွှေပွား၊ ငွေပွားလို့ ခေါ်ဆိုပါတယ်။

ဒီက အပေါက်ကြီးတွေ သုံးပေါက်ကတော့ ဘုရားကြီးတွေ တည်ပြီးနောက်ပိုင်းမှာ နဂါးကြီးသုံးကောင်က ၇ရက်သားသမီး ပြည်သူနှင့်တကွ မြစ်ထဲကနေ ကျောက်ဆောင်တွေကို လာပြီး ဖူးမျှော်တာပေါ့နော်။ ဟိုတုန်းကလည်း ဆရာတော် ရှိပါတယ်။ ဆရာတော်  တရားနာ ရေစက်ချ အမျှအတမ်း ဝေပြီးတဲ့အခါ ဒီအပေါက်ကြီးထဲကိုပဲ ပြန်ဆင်းသွားပါတယ်။

နေပြည်တော်က သိုက်ဆရာကြီး ဦးပွားက မင်းတုန်းမင်းလက်ထက်မှာ သူ့တပည့်နောက်ပါ အစုံအလင်နဲ့ သုံးနှစ်တိုင်တိုင် ဒီမှာ မနောမရ ပတ္တမြားကြီး ရှိတယ်ဆိုပြီးတော့ တူးပါတယ်။ ဒါကိုလာပြီး သိုက်တူးတာ။ ဒီကျောက်နရံတွေ ကျောက်သားတွေကို တူးသွားတာ တော်တော် အံမခန်းပါပဲ။ အခုလက်ရှိ ဝါးနဲ့ ထောက်စမ်းတဲ့ အခါမှာတောင် ဆယ်နှစ်တောင်လောက် နက်ပါတယ်။

အခုဆိုရင် ကျွန်မတို့ သတ်သတ်လွတ်ထမင်း စတုဒီသာကျွေးနေတဲ့ဇရပ်ကို ရောက်ရှိနေတာပါ။ ဒီကိုလာတဲ့ ရပ်ဝေးရပ်နီးက ဘုရားဖူးတွေကိုနေ့စဉ်မပြတ် စတုဒီသာကျွေးမွေးနေတာလို့ ပြောပြကြပါတယ်။ စတုဒီသာကျွေးတာနဲ့ပတ်သက်ပြီး  ကျွေးမွေးဧည့်ခံရေးအဖွဲ့ဝင်တစ်ဦးက အခုလို ရှင်းပြပါတယ်။

ကျွေးတာတော့ နေ့တိုင်းကျွေးတာပေါ့။ ဒါပေမယ့်နေ့ထူးနေ့မြတ်တွေမှာ ဧည့်ပရိတ်သတ်က ပိုကျတယ်။ ကျွေးတာ တစ်နေ့ကို လူအနည်းဆုံး ၅၀၀/၅၀၀ ထိလာတယ်။ အများဆုံးလာတဲ့ နေ့တွေဆိုရင်တော့ ဆန် တင်းနှစ်ဆယ်ကို မလောက်ဘူး ခင်ဗျ။  ချက်တာပြုတ်တာကတော့ လာပြီး ကုသိုလ်ယူတဲ့ သူလည်း ရှိတာပေါ့။ ဒီကြားထဲမှာ ဆရာတော်ကြီးရဲ့ နေ့စဉ်ဝန်ထမ်း ပုံစံမျိုးပေါ့။ ဆရာတော်ကြီးရဲ့ ဆွေမျိုးတွေနဲ့ ကျွန်တော်တို့ ရပ်ရွာက အလုပ်သမားတွေနဲ့ ဒီမှာ နေ့စဉ်နဲ့အမျှ တာဝန်ထမ်းဆောင်နေတဲ့ သူတွေလည်း ရှိပါတယ်။ အကုန်သတ်သတ်လွတ်တွေ ချည်းပဲပေါ့နော်။ စနေ၊ တနင်္ဂနွေ နေ့တွေဆိုရင် သီးစုံ ပဲဟင်းတွေ ချက်ကျွေးပါတယ်။

ဒီတစ်ခါတော့ ပြည်မြို့မှာသာရတယ်ဆိုတဲ့ စားစရာတစ်ခုနဲ့ ပရိသတ်ကြီးကိုမိတ်ဆက်ပေးချင်ပါတယ်။

ဒီတစ်ခါတော့ ပြည်မြို့မှာသာရတဲ့ ပြည်မြို့မှာပဲ ထွက်တဲ့  တောလဖက်ဆိုတဲ့ အရသာကို မြည်းကြည့်ရအောင်။ သူက နားရွဲရွက်နဲ့ လုပ်တာလို့ ပြောကြတယ်။ ပြီးတော့ နားရွဲရွက်ကလည်း ကျန်းမာရေးအတွက် အထောက်အကူပြုတယ်။ တီဗီ ရောဂါလည်း ပျောက်တယ်လို့ ဒေသခံတွေကလည်း ပြောတယ်ပေါ့။ အခုအဲတာ လက်ဖက်လေးကို   မြည်းကြည့်ရအောင်။

ကျွန်မစားနေတဲ့တောလက်ဖက်ရဲ့ မူလမြစ်ဖျားခံလာရာကတော့ နိဗ္ဗာန်နတောရကျောင်းတိုက်တွေက  သီလရှင်တွေပါ။ အရင်ကဒီနေရာပတ်လည်ဟာတောဖြစ်ခဲ့ဖူးပါတယ်။ မြို့နဲ့ဝေးတဲ့အတွက် တောထဲကရတဲ့ သစ်ဥသစ်ဖုတွေ အသီးအရွက်တွေကိုစားစရာဖန်တီးရာကတောလက်ဖက်ဖြစ်လာခဲ့တယ်လို့ ဒီတောရကျောင်းတိုက်က သီလရှင်ဆရာလေးတွေက အခုလိုရှင်းပြကြပါတယ်။

ဆရာလေးတို့ ကျောင်းရယ် မဟုတ်ဘူးပေါ့။ တောရ ရှိ သီလရှင်တွေပေါ့လေ။ ရှေ့ရှေ့တုန်းကတော့ တောရ ရှိ သီလရှင်တွေက စခဲ့တာပေါ့။ စပြီးတော့ ပြုတ်ပြီး သုပ်စားကြတယ်ပေါ့။ အဲတော့ လူတွေက မလုပ်စားသေးဘူးပေါ့။ နောက်ပိုင်းကျတော့ လူတွေက ရောင်းရတယ် ဆိုတာ သိတော့ သူတို့လုပ်စားကြတာပေါ့။ အခုတော့ မြို့တွေ နယ်တွေ ဝယ်ကြတယ်လေ။ ပြည်ရောက်ရင် တောလဖက်က  နည်မည်ကြီးတယ်ဆို ဝယ်တော့ လူတွေက လုပ်ရောင်းနေကုန်ပြီ။ အခုတော့ ခူးလို့မရတော့ဘူး ဟိုရှေ့တုန်းကတော့ တောကြီးပေါ့။ အခုတော့ တောမဟုတ်တော့ဘူး။ အရပ်လို ဖြစ်သွားပြီပေါ့။ အိမ်တွေကြားထဲမှာ တောလဖက်ပင်တွေလည်း ဒီအနားမှာ မရှိတော့ဘူး။ သူတို့က ဟိုအဝေးကြီး သွားခူးတာပေါ့။ အခုတော့ သူတို့ဆီကမှတစ်ဆင့် သီလရှင်တွေက ဝယ်ထားပြီး ဧည့်လာဆောင်လာ ကျွေးရတာပေါ့။

အခု ကျွန်မရောက်နေတာကတော့ တောလက်ဖက်လုပ်တဲ့ နရွဲရွက်ပင်အောက်ပါ။ ကျွန်မတို့အနေနဲ့ တောလက်ဖက်သားဟာအရမ်းနူးညံ့ပြီးအရွက်ကိုတောင်မမြင်ရတဲ့အတွက် အပင်ဟာလည်းသေးသေးလေးလို့ ထင်ထားတာပါ။ ဒါပေမဲ့ တွေ့ရတဲ့အခါမှာတော့ အပင်က တော်တော်ကြီးပါတယ်။

ပြုတ်ပြီးသားနရွဲရွက်ကိုအနုနဲ့အကြမ်းပြန်ရွေး၊အကြမ်းတွေကိုနောက်တစ်ခေါက်ပြန်ပြုတ်၊ အနုတွေကိုတော့ လက်တစ်ဆုပ်စာလေးတွေလုံးထားပါတယ်။ ဒီလက်တစ်ဆုပ်ဟာအလေးချိန် ငါးကျပ်သားနဲ့ညီမျှတယ်လို့ ဆိုပါတယ်။ ဒီလိုလုံးထားတာလေးတွေကိုဘန့်ဘွေးရွက်၊ အင်ဖက်ရွက်တွေနဲ့ ဆက်ပြီးထုပ်ကြပါတယ်။ ဖက်တွေစီတဲ့အခါမှာလည်းဘန့်ဘွေးရွက်တစ်ထပ်၊ အင်ဖက်ရွက်တစ်ထပ်၊ ဘန့်ဘွေးရွက်တစ်ထပ် ဆိုပြီးဖက်ကိုသုံးထပ်စီပြီးတောလက်ဖက်ကိုထုပ်ရတာပါ။

ကျွမ်းကျင်ရာလိမ္မာဆိုသလိုဒီကဒေသခံတွေလုပ်နေတာတော့ တကယ်ကို မြန်ပါတယ်။ ပြီးရင်တော့ သူတို့ထုပ်ထားတဲ့ တောလက်ဖက်ထုပ်တွေကိုကျောက်စည်ကြီးတွေထဲထည့်စိမ်၊ တစ်ပတ်တစ်ခါလောက် ရေလှယ်ပေး၊ သုံးပတ်လောက်ဆိုရင် တောလက်ဖက်ကိုစားလို့ရပါပြီ။ နောက်တစ်ချက်ကတော့ တောလက်ဖက်တွေကို ဝယ်ပြီးမစားဖြစ်သေးဘူးဆိုရင်လည်းရေစိမ်ထားရတယ်လို့ ဆိုပါတယ်။ တစ်ပတ်တစ်ခါ ရေလှယ်ပေးနေရင် အနံ့ဆိုးလည်းမရှိဘူး၊ ပိုလည်းအရသာကောင်းတယ်လို့ ဒေသခံတွေကအကြံပေးလိုက် ပါသေးတယ်။

ပြည်

လဝန်းထဲ

ပွဲကြည့်လှေကလေးလှော်ခတ်ဝင်သွား

လမ်းရွေးမှားသူမြစ်

နှစ်ထပ်သင်္ဘောမြို့ကလေးဆီနားခဲ့ပေါ့…။

ဒီကဗျာတိုလေးကတော့ မြန်မာခေတ်ပေါ်ကဗျာရယ်လို့ ဒီကနေ့မှာ မြင်နေရတဲ့အခင်းအကျင်းမျိုးဖြစ်လာဖို့ လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀ ကျော်လောက်က ကြိုးစားသွားခဲ့သူ … ဘဝမှာ ကဗျာမှကဗျာ … ကဗျာဆရာစစ်စစ်တစ်ဦးအဖြစ် သတ်မှတ်လေးစားခံရသူမော်ဒန်ကဗျာဆရာကြီးမောင်ချောနွယ်က ပြည်မြို့အကြောင်းကိုရေးဖွဲ့ထားတာပါ။

ကျွန်မတို့ ရိုက်ကူးရေးအဖွဲ့ဟာ ပြည်မြို့က မပြန်ခင်မှာကဗျာဆရာကြီး မောင်ချောနွယ်ရဲ့ အမှတ်တရကျောက်တိုင်ကိုသွားပြီး လေးစားစွာဦးညွတ်ခဲ့ကြပါတယ်။ ဆရာကြီးဟာသူ့ကိုယ်သူဗမာပြည်သားကဗျာဆရာလို့ အမည်ရေးထိုးလေ့ရှိသူလည်း ဖြစ်ပါတယ်။

ပြည်မြို့ဟာအနုပညာအင်အားကောင်းတဲ့မြို့တစ်မြို့လို့ ဆိုရင်လည်းမှားမယ်မထင်ပါဘူး။ နာမည်ကျော် ကဗျာဆရာတွေ၊ စာရေးဆရာတွေ၊ ကာတွန်းဆရာတွေ၊ တေးရေးဆရာတွေ၊ အဆိုတော်တွေ မွေးထုတ်ပေးနေတဲ့ မြို့ငယ်လေးပါ။

ပြီးတော့ ယူနက်စကိုအဖွဲ့က ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်တစ်ခုအဖြစ် အသိအမှတ်ပြုသတ်မှတ်လိုက်တဲ့ သရေခေတ္တရာပျူမြို့ဟောင်းလည်း ရှိနေသလို တခြားထူးခြားဆန်းပြားပြီး စိတ်ဝင်စားစရာကောင်းတဲ့နေရာတွေလည်း အများကြီးရှိနေပါသေးတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly