လီဗာပူးလ်တွင် ကျောနံပါတ် ၁၁ ဂျာစီကို ဖာမီနို ၀တ်ဆင်မည်

လီဗာပူးလ်တွင် ကျောနံပါတ် ၁၁ ဂျာစီကို ဖာမီနို ၀တ်ဆင်မည်

ဆန်တီယာဂို၊ ဇွန် ၂၅။ ။ ဘရာဇီးကွင်းလယ် တိုက်စစ်ကစားသမား ဖာမီနိုသည် လီဗာပူးလ်အသင်းတွင် ကျောနံပါတ် ၁၁ ဂျာစီကို ဝတ်ဆင်ကစားမည် ဖြစ်သည်။

လီဗာပူးလ်အသင်း၏ ဒုတိယဈေးအကြီးဆုံး ကစားသမား ဖြစ်လာသည့် ဖာမီနိုသည် ကျောနံပါတ် ၇ ဂျာစီကို ဝတ်ဆင်ကစားလိုသော်လည်း မန်စီးတီးမှ ပြောင်းရွှေ့လာသည့် ဂျိမ်းစ်မီလ်နာက ထိုနံပါတ်ကို ဝတ်ဆင်ရန် ရွေးချယ်ထားပြီး ဖြစ်သောကြောင့် ဘရာဇီးလက်ရွေးစင်အသင်းတွင် ဝတ်ဆင်နေသည့် နံပါတ် ၁၁ ကိုသာ ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

ဂျိမ်းစ်မီလ်နာသည် မန်စီးတီးအသင်းက များပြားသည့် လစာငွေနှင့် စာချုပ်သစ် ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ပြီး လီဗာပူးလ်သို့ ပြောင်းရွှေ့လာခြင်း ဖြစ်သည်။ ထို့နောက် မီလ်နာသည် ကီဗင်ကီးဂန်း၊ ဒဲလ်ဂလစ်ရှ် နှင့် ဆွာရက်ဇ်တို့ ဝတ်ဆင်ခဲ့သော ဂန္ထဝင် ကျောနံပါတ် ၇ ကို ဝတ်ဆင်ရန် ရွေးချယ်ခဲ့သည်။ ထိုနံပါတ်မှ ဆွာရက်ဇ် ဘာစီလိုနာသို့ ပြောင်းရွှေ့သွားကတည်းက လစ်လပ်နေခြင်း ဖြစ်သည်။

လီဗာပူးလ်အသင်း၏ အမှုဆောင်အရာရှိချုပ် အီယန်အေရီသည် ကိုပါအမေရိကဖလားပြိုင်ပွဲ ကျင်းပနေသည့် ချီလီနိုင်ငံ အထိသွားရောက်ခဲ့ပြီး ဖာမီနိုနှင့် တွေ့ဆုံခဲ့ကာ လီဗာပူးလ်ဂျာစီဖြင့် ဓာတ်ပုံ တွဲဖက် ရိုက်ကူးခဲ့သည်။

လီဗာပူးလ်အသင်းသည် ဖာမီနိုကို ပေါင် ၂၉ သန်းဖြင့် ငါးနှစ်စာချုပ် ချုပ်ဆိုကာ ခေါ်ယူခဲ့ခြင်း ဖြစ်သည်။ ဖာမီနိုသည် လီဗာပူးလ်အသင်းတွင် တစ်ပတ် လုပ်ခလစာငွေ ပေါင် ၁ သိန်း ရရှိမည် ဖြစ်သည်။

လီဗာပူးအသင်းသည် ယခုရာသီတွင် အသင်းကို ပြန်လည် တည်ဆောက်လျက်ရှိပြီး လူငယ်ခြေတက် ကစားသမား အများအပြားကို ခေါ်ယူလျက်ရှိသည်။ ဖာမီနိုကို ခေါ်ယူပြီးနောက်တွင် ဆောက်သမ်တန်မှ အင်္ဂလန်လက်ရွေးစင်နောက်ခံလူ ကလိုင်နီကို ခေါ်ယူရန် ကြိုးပမ်းလျက်ရှိသည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly