ဂျကာတာတိုက်ခိုက်သူ နှစ်ဦးက အစွန်းရောက်မှုဖြင့် ပြစ်မှုဟောင်းရှိထားသူများဖြစ်

ဂျကာတာတိုက်ခိုက်သူ နှစ်ဦးက အစွန်းရောက်မှုဖြင့် ပြစ်မှုဟောင်းရှိထားသူများဖြစ်

ဂျကာတာ၊ ဇန်နဝါရီ ၁၆ ။             ။ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တော်တွင် ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုများ၏ လက်သည်တရားခံငါးဦး၌ လေးဦးကို မည်သူမည်ဝါဖြစ်ကြောင်း ရဲက   ဖော်ထုတ်နိုင်ပြီဖြစ်ပြီး နှစ်ဦးမှာ အစွန်းရောက်မှုဖြင့် ပြစ်မှုဟောင်း ရှိခဲ့ကြသူများဖြစ်သည်။

တိုက်ခိုက်မှုများဖြစ်စဉ်က သေနတ်တစ်လက်နှင့် ကျောပိုးအိတ်လွယ်ထားသည်ကို တွေ့ရသည့်သူမှာ အဖစ်စူနာခမ်ဆိုသူဖြစ်ပြီး အစွန်းရောက်စစ်သင်တန်းတက်ရောက်ခဲ့၍ ထောင်ဒဏ် ခုနစ်နှစ် အပြစ်ပေးခံရသူဖြစ်ကြောင်း ရဲက ပြောသည်။

ဇန်နဝါရီ ၁၄ ရက်က ဖြစ်ပွားသည့် ယင်းတိုက်ခိုက်မှုများအတွင်း တိုက်ခိုက်သူငါးဦးစလုံးကို အသေပစ်ခတ်နှိမ်နှင်းနိုင်ခဲ့ပြီး တိုက်ခိုက်မှုအတွင်း အရပ်သားနှစ်ဦးသေဆုံးသည်။ အိုင်အက်စ်တို့က ၎င်းတို့လက်ချက်ဖြစ်ကြောင်း ကြွေးကြော်ထားသည်။

ဇန်နဝါရီ ၁၅ ရက်တွင် လူသုံးဦးကို ဖမ်းဆီးခဲ့သော်လည်း ပတ်သက်ချိတ်ဆက်မှု ရှိသူများ ဟုတ်မဟုတ် မရှင်းလင်းသေးပေ။

တိုက်ခိုက်မှုများကို လူစည်းကားရာနေရာတွင် ကျုးလွန်ခြင်းဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့များနှင့် တိုက်ခိုက်ရေးသမားများ နာရီအတန်ကြာ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ရသည်။

ကနေဒါနိုင်ငံသားတစ်ဦးနှင့် အင်ဒိုနီးရှားနိုင်ငံသားတို့ တိုက်ခိုက်မှုအတွင်း သေဆုံးပြီး ဒဏ်ရာရသူ အနည်းဆုံး ၂၀ ဝန်းကျင်ရှိသည်။

တိုက်ခိုက်မှုတွင် နှစ်ဦးက အသေခံဗုံးဖောက်ခွဲခဲ့ကာ သေဆုံးခဲ့ပြီး ကျန်သုံးဦးကို ပစ်ခတ်သုတ်သင်လိုက်ရခြင်းဖြစ်ကြောင်း ရဲက ပြောသည်။

အင်ဒိုနီးရှားနိုင်ငံသည် ယခင်ကလည်း အစ္စလာမ်မစ်အစွန်းရောက်များ၏ တိုက်ခိုက်မှုများနှင့် ကြုံခဲ့ရပြီး လက်ရှိတွင် အိုင်အက်စ်တို့၏ ခြိမ်းခြောက်မှုများနှင့်ပါ ရင်ဆိုင်လာရရာ လုံခြုံရေးတပ်လှန့်ထားရလျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly