ယင်လပ်အား တရားရုံးတွင် ပထမဆုံး အမှုစစစ်

ယင်လပ်အား တရားရုံးတွင် ပထမဆုံး အမှုစစစ်

ဘန်ကောက်၊ ဇန်နဝါရီ ၁၆ ။              ။ ထိုင်းနိုင်ငံက ဖြုတ်ချခံဝန်ကြီးချုပ် ယင်လပ်အား စပါးအမတော်ကြေးအစီအစဉ်နှင့် ပတ်သက်ပြီး တရားစွဲဆိုထားမှုကို နိုင်ငံတော်တရားရုံးချုပ်တွင် ဇန်နဝါရီ ၁၆ ရက်က အမှု စတင်ကြားနားသည်။

တရားရုံး၏ ကြားနာမှုတွင် အကယ်၍ အပြစ်ရှိကြောင်း တွေ့ရှိပါက ယင်လပ်အနေဖြင့် ထောင်ဒဏ် ၁၀ နှစ်အထက် ချမှတ်ခံရနိုင်သည်။

ဘန်ကောက်မြို့ရှိ တရားရုံးချုပ်သို့ နံနက် ရှစ်နာရီခွဲတွင် ယင်လပ်က စတင် ရောက်ရှိလာခဲ့သည်။

ဝန်ကြီးချုပ်ဟောင်းဖြစ်သူ ယင်လပ်အား ထောက်ခံသူလူအုပ်နှင့်အတူ အချို့သော အစိုးရအဖွဲ့ဝင် ဝန်ကြီးဟောင်းတစ်ချို့နှင့် ပျူထိုင်းပါတီဝင်အချို့က ကြိုဆိုကြသည်။

ယင်လပ် တရားရုံးသို့လာရောက်မှုတွင် ရဲအင်အား ၁၀၀ ဖြင့် လုံခြုံရေးတင်းကြပ်ကာ အတားအဆီးများလည်း ချထားသည်။ တရားရုံးချုပ်ရှေ့တွင် လာရောက်ကြိုလင့်နေသူ ထောက်ခံသူများအား စာတမ်းများ၊ ပိုစတာများ ကိုင်ဆွဲခွင့်ကိုလည်း တားမြစ်ထားသည်။

ယင်လပ်အား ကြိုဆိုသူများတွင် လယ်သမားကြီးတစ်ဦးက သူ၏ အတိဒုက္ခကို ပြသသည့် သဘောဖြင့် စပါးနှံစည်း တစ်စည်းကို ပေးအပ်ခဲ့သည်။ ထိုပြင် ၎င်းက ယခုသီတင်းပတ်အတွင်း လက်ရှိဝန်ကြီးချုပ်  ချန်အိုချာက ရော်ဘာစိုက်တောင်သူများကို အကူအညီများ ပေးခြင်း၏နောက်ဝယ်တွင် စပါးစိုက်တောင်သူလယ်သမားများကိုလည်း ကြည့်ရှုစောင့်ရှောက်ပါရန်အတွက် တိုက်တွန်းပြောကြားခဲ့သည်။

ယခုတရားရုံးတွင် အမျိုးသားအကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးကော်မရှင် NACC ၌ တစ်ကြိမ်တစ်ခါမျှ မထွက်ဆိုဖူးသည့် တရားလိုဖက်သက်သေသစ်များအား ကြားနာမည်ဖြစ်၍ စိုးရိမ်မိသလားဟု   မေးမြန်းရာတွင် ယင်လပ်က အကောင်းဆုံးပြင်ဆင်ထားကြောင်း ဖြေကြားသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly