ဇေကမ္ဘာဦးခင်ရွှေကို ကြ့ံခိုင်ရေးပါတီက ထုတ်ပယ်သည်မှာ မဟုတ်ဟု ပါတီ ဗဟိုကော်မတီဝင်ငြင်း

ဇေကမ္ဘာဦးခင်ရွှေကို ကြ့ံခိုင်ရေးပါတီက ထုတ်ပယ်သည်မှာ မဟုတ်ဟု ပါတီ ဗဟိုကော်မတီဝင်ငြင်း
(ဓာတ်ပုံ-အီးပီအေ)

နေပြည်တော်၊ ဇန်နဝါရီ ၁၅ ။            ။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ သူရဦးရွှေမန်းနှင့် ဇေကမ္ဘာဦးခင်ရွှေတို့ကို ထုတ်ပယ်ပြီး အရေးယူမှုများ ပြုလုပ်မည်ဟု သတင်းထွက်ပေါ်မှှုမှာ   ကောလာဟလသာဖြစ်ကြောင်း ပါတီ၏ ဗဟို ကော်မတီအဖွဲ့ဝင်များက ဇန်နဝါရီ ၁၅ ရက် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးအပြီးတွင် ငြင်းဆိုသွားခဲ့သည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ မိမိတို့အနေဖြင့် မသိရှိကြောင်း၊ မည်သည့်နေရာမှ သတင်းစတင် ထွက်ပေါ်လာသည် မသိသော်လည်း ထိုသတင်းအပေါ်အမှား၊ အမှန် ပြော၍မရနိုင်ကြောင်း ကြံ့ခိုင်ရေးပါတီ၏ ဗဟိုကော်မတီဝင် ဦးစိုးနိုင်က ဆိုသည်။

“အန်ကယ်အနေနဲ့ အဲဒီပါတီက လူကြီးပဲ။ ဘာမှလဲမကြားဘူး။ သိလည်းမသိဘူး။ ရွေးကောက်ပွဲပြီးမှ ဘာအစည်းအဝေးမှ မထိုင်ရသေးဘူး။ ရှေ့အပတ်ထဲလောက်ကျရင်ထိုင်မယ်။ နေပြည်တော်ကိုခေါ်ပြီး ခုံရုံးဖွဲ့စစ်တာဆိုတာလည်း မကြားပါဘူး။ သူရဦးရွှေမန်းကို ထုတ်တယ်ဆိုတာကလည်း မကြားဘူး။ ဘယ်ကရတဲ့ ကောလာဟလ သတင်းတွေလဲ" ဟု မီဒီယာများ၏ အမေးကို ငြင်းဆိုခဲ့သည်။

ကြံ့ခိုင်ရေးပါတီဝင်အဖြစ်မှ ထုတ်ပယ်ခံရနိုင်သည့် အချက်သည် ပြစ်ချက်ရှိခြင်း၊ မရှိခြင်း၊ ပါတီ၏ ချက်မှတ်ထားသည့် စည်းကမ်းနည်းလမ်းများကို လိုက်နာဆောင်ရွက်ခြင်း၊ မဆောင်ရွက်ခြင်းနှင့် ပတ်သက်ပြီး ယင်းစည်းမျဉ်းများကို မလိုက်နာက ပါတီ စည်းကမ်း ဖောက်ဖျက်ရာရောက်သည်ဟု ကြံ့ခိုင်ရေးပါတီ၏ ဗဟိုကော်မတီဝင် ဦးဇော်မြင့်ဖေက ရှင်းပြသည်။

“ ဝိဝါဒကွဲနေတဲ့အဖြေမျိုးဖြစ်နေတဲ့အတွက် အခုကြားနေတဲ့သတင်းတွေလည်း မသိဘူး။ ဖြစ်စေချင်တာကတော့ ပါတီတစ်ရပ်ဟာ မိမိချမှတ်ထားသော ဖွဲ့စည်းပုံစည်းမျဉ်းအတိုင်း ဆက်လက်လျောက်ပြီးတော့ ပါတီ ဆက်လက်ရှင်သန်ဖို့ပဲ။ စည်းမျဉ်းကို မလိုက်နာရင်တော့ ပါတီဟာ မိမိကိုယ်မိမိ သေတွင်းတူးတာပဲ” ဟု ၎င်းက ပြောသည်။

ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ၏ ပူးတွဲဥက္ကဋ္ဌ ရာထူးမှ ဖယ်ရှားခံထားရသူ လက်ရှိ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းနှင့် ခမည်းခမက်တော်သည့် ဇေကမ္ဘာ ဦးခင်ရွှေကမူ ၎င်းကို ကြံ့ခိုင်ရေးပါတီက နေပြည်တော်တွင် ခုံရုံးဖွဲ့ပြီး ခေါ်ယူမေးမြန်းမှု ပြုလုပ်ခဲ့သည်ဟု ဇန်နဝါရီ ၁၅ရက် နံနက်က ပြည်ထောင်စုလွှတ်တော် ခေတ္တနားနေချိန်တွင် သတင်းထောက်များကို ဖွင့်ဟ ပြောကြားသွားသည်။

“ခေါ်သေးတယ်၊ စစ်တာတော့မဟုတ်ဘူးပေါ့ မေးတာ၊ နေပြည်တော်မှာပဲ ခုံရုံးဖွဲ့မေးတာ၊ သူနဲ့ကိုယ်နဲ့က တစ်နွယ်ငင်တစ်စင်ပါ ဆိုတော့ သူဖြစ်ရင်လည်း ကိုယ်ဖြစ်ပါမှာပဲလေ" ဟု ဇေကမ္ဘာဦးခင်ရွှေက သတင်း ထောက်များ၏ မေးမြန်းကို ဖြေကြားခဲ့သည်။

ဦးခင်ရွှေက “တရားဝင်တော့ မလာသေးဘူး။ ဒီလိုပဲ ထုတ်တယ်လို့ပဲ ကြားတယ်။ ပြီးခဲ့တဲ့ ဟိုဒင်း(ရွေးကောက်ပွဲ)တုန်းက ဒေါ်အောင်ဆန်းစုကြည်ကို မဲထည့်မယ်ဆိုတော့ ပါတီစည်းကမ်းကို ဖျက်တယ်လို့ သူတို့ စိတ်ထဲမှာ ထင်တယ်” ဟု ပြောသည်။

နိုဝင်ဘာရွေးကောက်ပွဲတွင် ကော့မှူးမြို့နယ်မှ အမျိုးသားလွှတ်တော်တွင် ဝင်ရောက်ယှဉ်ပြိုင်သော ဦးခင်ရွှေအနေဖြင့် ပြည်သူ့လွှတ်တော်တွင် ဝင်ပြိုင်သော ဒေါ်အောင်ဆန်းစုကြည်အား မဲထည့်ကြရန် ပြောဆိုခဲ့သည့်အတွက် ပါတီမှ ခေါ်ယူစစ်ဆေးခဲ့သေးသည်ဟုလည်း ၎င်းက ဆိုသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးဖွံ့ဖြိုးရေးပါတီသည် နိုဝင်ဘာလ(၈)ရက်က ကျင်းပခဲ့သည့် ရွေးကောက်အပြီး နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ပါတီ၏ ဗဟိုအလုပ်မှုဆောင်အစည်းအဝးကို လာမည့်ရက်သတ္တပတ်အတွင်း ကျင်းပည်သွားမည်ဟုလည်း ဗဟိုကော်မတီဝင် ဦးစိုးနိုင်က ပြောဆိုသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly