အငြင်းပွားဖွယ်ရာများဖြင့် ကိုပါအမေရိကဖလား ဆီမီးဖိုင်နယ် တက်ရောက်ခဲ့သည့် ချီလီ

အငြင်းပွားဖွယ်ရာများဖြင့် ကိုပါအမေရိကဖလား ဆီမီးဖိုင်နယ် တက်ရောက်ခဲ့သည့် ချီလီ

ဆန်တီယာဂို၊ ဇွန် ၂၅။ ။ ၂၀၁၅ ကိုပါအမေရိကဖလား ကွာတားဖိုင်နယ် ပထမဆုံးပွဲစဉ်အဖြစ် ချီလီအသင်းနှင့် ဥရုဂွေးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာတွင် အိမ်ရှင် ချီလီအသင်းက ပွဲချိန် ၈၁ မိနစ်၌ သွင်းယူခဲ့သော အစ္စလာ၏တစ်လုံးတည်းသောသွင်းဂိုးဖြင့် အနိုင်ရရှိသွားခဲ့သည်။

ချီလီအသင်းသည် ယခုပွဲစဉ်တွင် ဥရုဂွေးအသင်းကို ခြေစွမ်းအသာစီးဖြင့် ကစားနိုင်ခဲ့ပြီး ဂိုးကန်သွင်းခွင့်ပေါင်းများစွာ ရရှိခဲ့သည်။ ထို့ကြောင့် ခြေစွမ်းအသာစီးဖြင့် အနိုင်ရရှိခဲ့သည်ဟု ပြောဆိုနိုင်သော်လည်း ဘရာဇီးဒိုင်လူကြီး ဆန်ဒရိုရီစီ၏ အငြင်းပွားဖွယ်ဆုံးဖြတ်ချက်များကြောင့် ချီလီအသင်း၏ အနိုင်ရမှုမှာ ဝေဖန်စရာဖြစ်လာခဲ့သည်။

ထိုပွဲစဉ်တွင် ဒိုင်လူကြီးဆန်ဒရိုရီစီသည် ဥရုဂွးတိုက်စစ်မှူး ကာဗာနီကို ၆၃ မိနစ်တွင် လည်းကောင်း၊ နောက်ခံလူ ဖူစီလီကို ၈၁ မိနစ်တွင်လည်းကောင်း နှစ်ဝါတစ်နီဖြင့် ထုတ်ပယ်ခဲ့သည်။ ထိုအနီကတ်နှစ်ကတ်စလုံးမှာ အငြင်းပွားဖွယ်ရာများရှိခဲ့သည်။

ကာဗာနီ၏ ဒုတိယအဝါကတ်မှာ ချီလီကစားသမား ဂျာရာက ဦးစွာ ရန်စခဲ့ခြင်းဖြစ်သည်။ ဂျာရာသည် ကာဗာနီ၏ တင်ပါးကို လက်ဖြင့်နှိုက်ခဲ့ရာတွင် ကာဗာနီက မေးစေ့(မျက်နှာနား)ကို လက်ဖြင့် အားမပါဘဲ တွန်းလိုက်သဖြင့် ထုတ်ပယ်ခံခဲ့ရခြင်း ဖြစ်သည်။

ဖူစီလီ၏ ဒုတိယအဝါကတ်တွင်လည်း ဆန်းချက်ဇ်ကို ဖျက်ထုတ်ရာတွင် ဘောလုံးကို ထိခဲ့သော်လည်း ဒိုင်လူကြီးဆန်ဒရိုရီစီက ပြိုင်ပွဲမှ ထုတ်ပယ်ခဲ့ခြင်း ဖြစ်သည်။

ကိုပါအမေရိကဖလားပြိုင်ပွဲတွင် ဒုတိယလေးကြိမ်သာ ရရှိခဲ့ဖူးသည့် ချီလီအသင်းသည် ယခုနှစ်တွင် အိမ်ရှင်အားဖြင့် ချန်ပီယံဆုကို ရယူရန် အားခဲလျက်ရှိသည်။ ချီလီအသင်းသည် ဆီမီးဖိုင်နယ်တွင် ပီရူးနှင့် ဘိုလီးဗီးယားတို့ ပွဲစဉ်မှ အနိုင်ရသည့်အသင်းနှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။

ကိုပါအမေရိကဖလားတွင် ၁၅ ကြိမ် ဗိုလ်စွဲခဲ့ဖူးပြီး အအောင်မြင်ဆုံးဖြစ်သည့် လက်ရှိချန်ပီယံဥရုဂွေးအသင်းမှာမူ ၂၀၁၅ တွင် ကွာတားဖိုင်နယ်အဆင့်ဖြင့်ပင် ကျေနပ်လိုက်ရပြီဖြစ်သည်။

ကိုးကား ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly