မြန်မာပြည်မှာလုပ်တဲ့ ထရန်စဖော်မာတွေကို ပြည်ပတင်ပို့နိုင်ဖို့ စိုးလျှပ်စစ် ဘယ်လိုကြိုးပမ်းမလဲ

မြန်မာပြည်မှာလုပ်တဲ့ ထရန်စဖော်မာတွေကို ပြည်ပတင်ပို့နိုင်ဖို့ စိုးလျှပ်စစ် ဘယ်လိုကြိုးပမ်းမလဲ

ရန်ကုန်၊ ဇန်နဝါရီ ၁၅ ။ ။ စိုးလျှပ်စစ်! အိမ်သုံးနဲ့ စက်မှုလုပ်ငန်းသုံး ထရန်စဖော်မာတွေကို ထုတ်လုပ်နေတဲ့ ပြည်တွင်းစီးပွားရေးလုပ်ငန်းတစ်ခုပါ၊ နှစ်စဉ်ပြည်တွင်းဈေးကွက်ဝေစု ရာခိုင်နှုန်းခြောက်ဆယ်ကျော် ရရှိထားတဲ့ စိုးလျှပ်စစ်ကုမ္ပဏီလီမိတက်က အခုဆိုရင် ဂျပန်ဟီတာချီကော်ပိုရေးရှင်းနဲ့ အကျိုးတူပူးပေါင်းလိုက်ပါတယ်။  ဒီ ၂၀၁၆ခုနှစ်ထဲကနေစလို့ ဟီတာချီနည်းပညာ ပေါင်းစပ်ထားတဲ့ ထရန်စဖော်မာသစ်တွေကို တိုးချဲ့ထုတ်လုပ်သွားမှာဖြစ်ပြီး လက်ရှိဈေးကွက်ကို နှစ်ဆတိုးမြှင့်သွားမယ်လို့ အသစ်ပူးပေါင်းလိုက်တဲ့ ဟီတာချီစိုးလီမိတက်ရဲ့ အုပ်ချုပ်မှုဒါရိုက်တာကပြောပါတယ်။ 

မြန်မာပြည်လုပ် ဒီလိုကုန်ပစ္စည်းကို နိုင်ငံခြားဈေးကွက်တွေမှာ ရောင်းချနိုင်ဖို့ဆိုတာက လက်ရှိအခြေအနေမှာ သိပ်ပြီးအကြံကြီးတယ်လို့ ပြောလို့ရပေမယ့် လက်တွေ့မှာလွယ်ကူနိုင်ပါ့မလားဆိုတဲ့ မေးခွန်းကရှိနေတုန်းပါ။

ဟီတာချီစီးပွားရေးလုပ်ငန်းစုအောက်က ကမ္ဘာလုံးဆိုင်ရာ ကွန်ရက်အဖွဲ့ဆိုရင် သူတို့ရဲ့ စီးပွားဖက်ဖြစ်တဲ့ ပြည်တွင်းက စိုးလျှပ်စစ်လုပ်ငန်းကို ပိုပြီးကြီးထွားစေချင်တယ်လို့ ပြောပါတယ်။

"ဟီတာချီရဲ့ ကမ္ဘာလုံးဆိုင်ရာကွန်ရက်အဖွဲ့ကနေဒီကုမ္ပဏီအသစ်ကိုပိုပြီးအောင် မြင်နိုင်မယ့်နည်းလမ်းတွေ ရှာဖွေနေကြတာဗျ။ဟီတာချီနဲ့ စိုးလျှပ်စစ်တို့ ပူးပေါင်းမှုက မြန်မာနိုင်ငံအတွက် နိုင်ငံခြားဝင်ငွေရရှိဖို့ အထောက်အကူပြုမှာပါ။" လို့ Hitachi Soe Electric & Machinery Co.,Ltd ရဲ့ အုပ်ချုပ်မှု ဒါရိုက်တာ ကာဆူတိုရှီအင်နာဂါကီက မဇ္ဈိမကို ပြောပါတယ်။ 

အခုတော့ဂျပန်ဟီတာချီနဲ့ မြန်မာကစိုးလျှပ်စစ်တို့ပူးပေါင်းထားတဲ့ ဟီတာချီစိုးလီမိတက်က ပြည်တွင်းနဲ့ နိုင်ငံခြားဈေးကွက်တွေဆီမှာမောင်းတင်နိုင်ဖို့  စိုင်ပြင်လာနေကြပါပြီ။ဒီကနေတစ်ဆင့် ထုတ်လုပ်မှုကိုသုံးဆလောက်တိုးမြှင့်ပြီးဈေးကွက် ကို နှစ်ဆအထိတိုးချဲ့သွားမှာဖြစ်တယ်လို့ ဟီတာချီစိုးလီမိတက်ရဲ့ အုပ်ချုပ်မှု ဒါရိုက်တာကပြောပြထားပါတယ်။

ဟီတာချီစိုးထရန်စဖော်မာထုတ်လုပ်တဲ့ လုပ်ငန်းကနေ တစ်နှစ်ကိုထရန်စဖော်မာအလုံးပေါင်း ငါးထောင်အထိကို တိုးမြှင့်ထုတ်လုပ်သွားမှာပါ။ ပြီးရင်တော့ အခုနှစ် အောက်တိုဘာလလောက်မှာ အာဆီယံဈေးကွက်တွေကို တင်ပို့သွားမှာဖြစ်ပါတယ်။

“ဟီတာချီစိုးလီမိတက်ရဲ့ အရည်အသွေးထိန်းချုပ်မှုပိုင်းဆိုင်ရာ မန်နေဂျာအဖြစ် တာဝန်ထမ်းဆောင်နေပါတယ်၊ကျွန်တော်တို့ ဟီတာချီစိုးအနေနဲ့ ကျွန်တော်တို့ရဲ့ထုတ်ကုန်တွေကို ပြည်တွင်းမှာရော၊ ပြည်ပမှာပါ ဖြန့်ချီသွားမှာဖြစ်တဲ့အတွက် အဓိကအရေးကြီးတဲ့ အရည်အသွေးတိုးမြှင့်ခြင်းကိုဆောင်ရွက်လျက်ရှိပါတယ်” လို့ Hitachi Soe Electric & Machinery Co.,Ltd ရဲ့ အရည်အသွေးထိန်းချုပ်မှုဆိုင်ရာ မန်နေဂျာ ကိုဇော်ထက်အောင်က မဇ္ဈိမကို ပြောပါတယ်။

Hitachi Soe Electric & Machinery Co.,Ltd ရဲ့ အင်ဂျင်နီယာချုပ် ဦးစောခိုင်ထွန်းကလည်း "ဒီနှစ်ခုကို ကျွန်တော်တို့ပူးပေါင်းလိုက်ခြင်းအားဖြင့် ပိုပြီးတော့ ယုံကြည်စိတ်ချရတဲ့ ထရန်စဖော်မာတွေပေါ့၊ပြီးတော့ နည်းပညာအသစ်တွေကိုပိုပြီးတော့ ယုံကြည်စိတ်ချရအောင်ထုတ်လုပ်သွားမယ်။" လို့ ဆိုပါတယ်။ 

အနာဂတ်ပူးပေါင်းမှုတွေအတွက် ဟီတာချီစိုးကုမ္ပဏီလီမိတက်က လုပ်ငန်းသုံးလျှပ်စစ်ဆက်စပ်ပစ္စည်းတွေကို ပြည်တွင်းမှာ တိုးချဲ့ ထုတ်လုပ်သွားဦးမှာဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်းအသစ်တွေကို ဖန်တီးပေးသွားဖို့လည်းရှိနေပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly