ပထမဆုံး ရုပ်ရှင် ဇာတ်ကားကြီး အတွက် ရင်ခုန်နေသည့် သရုပ်ဆောင် နန်းမြတ်ဖြိုးသင်း

ပထမဆုံး ရုပ်ရှင် ဇာတ်ကားကြီး အတွက် ရင်ခုန်နေသည့် သရုပ်ဆောင် နန်းမြတ်ဖြိုးသင်း

ရန်ကုန်၊ ဇန်နဝါရီ ၁၅ ။              ။ ဇန်နဝါရီ နောက်ဆုံးပတ်တွင် ရုံတင် ပြသတော့မည့် အီဖေကိုတို့ရွေးကောက်ပွဲ ရုပ်ရှင်ဇာတ်ကားကြီး၌ အဓိက ဇာတ်ဆောင်အဖြစ် ပါဝင် သရုပ်ဆောင်ထားသည့် နန်းမြတ်ဖြိုးသင်းက ၎င်း၏ ပထမဆုံး ရုပ်ရှင် ဇာတ်ကားကြီး ဖြစ်သည့်အတွက် ရင်ခုန်နေမိကြောင်း နှင့် ပရိသတ် တုန့်ပြန်မှုကိုလည်း မျှော်လင့်ကြောင်း ပြောသည်။

ထိုရုပ်ရှင် ဇာတ်ကားတွင် သရုပ်ဆောင် နန်းမြတ်ဖြိုးသင်းက ရွေးကောက်ရွာမှ ချောမော လှပသည့် ချိုအီဆိုသည့် ကောင်မလေး နေရာမှ ပါဝင် သရုပ်ဆောင်ထားပြီး ၎င်းကို မောင်ဖေ နှင့်   မောင်ကိုတို့ နှစ်ဦးလုံးမှ သဘောကျနေသည့် အတွက် ရွေးကောက်ပွဲ၌ အနိုင်ရရှိသူက ချိုအီဖြင့် ထိမ်းမြားလက်ထပ် ကြရမည် ဖြစ်သည်။

အီဖေကိုတို့ရွေးကောက်ပွဲ ရုပ်ရှင် ဇာတ်ကားကို အိပ်မက်မျှဝေ ရုပ်ရှင် ထုတ်လုပ်ရေးမှ ရိုက်ကူးပြီး စီစဉ်သူ သြရသ၊ ဝတ္တု လူနေ၊ ဇာတ်ညွှန်း လွင်မင်းအံ့ ဖြစ်ကာ ဒါရိုက်တာ အကယ်ဒမီ ညီညီထွန်းလွင်က ရိုက်ကူးထားသည်။

သရုပ်ဆောင်များ အဖြစ် ဇေရဲထက်၊ ညီထွဋ်ခေါင်၊ နန်းမြတ်ဖြိုးသင်း၊ ခန့်စည်သူ၊ ထွန်းထွန်း၊ ခင်လှိုင်၊ ဆင်မ၊ မျိုးမျိုးခိုင်၊ အေးသီတာ၊ kညီ၊ မေပန်းချီတို့အပြင် တခြား သရုပ်ဆောင်များစွာဖြင့် ရိုက်ကူးထားသည်။

သရုပ်ဆောင် နန်းမြတ်ဖြိုးသင်းက "ဒီကားလေးက နန်းမြတ်အတွက် ပထမဆုံး ပွဲဦးထွက် ကားလေးပါ ကိုယ် ခေါင်းဆောင်လည်း ဖြစ်တဲ့အတွက် ပရိသတ်အတွက် အများကြီး ကြိုးစားထားပါတယ်။ နန်းမြတ်ရဲ့ ကြိုးစားမှုလေးကို လာပြီး အကဲခတ်ပေးပါလို့ နန်းမြတ် ပရိသတ်ရဲ့ တုန့်ပြန်မှုကို အရမ်းမျှော်လင့်ပါတယ်" ဟု ပြောသည်။

ပထမဆုံး ရုပ်ရှင် ဇာတ်ကားကြီး ဖြစ်သည့် အတွက် အခက်အခဲတွေ ကြုံတွေ့ရတာ ရှိသလို ယမ်းဖောက်သည့် အခန်းတွင် ယမ်းကို ကိုယ်ပေါ်တွင် ဖောက်ရသည့်အတွက် စိုးရိမ်မှုတွေ ရှိခဲ့ကြောင်း သို့သော်လည်း အကောင်းဆုံး လုပ်ဆောင်ခဲ့ကြောင်း ၎င်းက ဆိုသည်။

သရုပ်ဆောင် နန်းမြတ်ဖြိုးသင်းက "အဲဒီအခန်း ရိုက်တုန်းကဆိုရင်က ဒုန်းဒုန်း နဲ့ တုန်နေတာ ဒါပေမယ့် အားလုံး မေ့ပြီး သရုပ်ဆောင် လိုက်တယ်။ တစ်ခေါက်တည်း နဲ့ ပြီးသွားတယ် ပြီးတော့ သူက ပြန်ရိုက်လို့လည်း မရတဲ့အခန်း ဆိုတော့ မှားလို့လည်း မရဘူး။ အရမ်း Stress များတယ်။ ဒါပေမယ့် တစ်ခေါက်တည်း နဲ့ ပီပီပြင်ပြင် ဖြစ်သွားပါတယ်" ဟု ပထမဆုံး ရုပ်ရှင် ဇာတ်ကားကြီး နှင့် ပတ်သက်ပြီး တွေ့ကြုံရသည်များကို ပြောပြသည်။

၎င်း အနေဖြင့် ၂၀၁၆ ခုနှစ် ထဲတွင် ဗီဒီယို ဇာတ်ကားများ ရိုက်ကူးဖို့ လက်ခံ ထားသလို ရုပ်သံ ဇာတ်လမ်းတွဲ တွင်လည်း ပါဝင် သရုပ်ဆောင်ထားသည်။ မြန်မာ့အသံ ရုပ်သံလိုင်းတွင် လွှင့်မည့် ဇာတ်လမ်းတွဲတွင်လည်း ပါဝင် သရုပ်ဆောင်ဖို့ ရှိသလို တေးသီချင်းတွေလည်း ဆက်လုပ်သွားရန် စီစဉ်ထားသည်။

တစ်ကိုယ်တော်  အခွေ အတွက်ကိုလည်း သီချင်းများ စတင် စုနေပြီဖြစ်ပြီး သရုပ်ဆောင်၊ အဆိုဘက် နှစ်ခုလုံးကို ကြိုးစား လုပ်ဆောင်နေရသည့်အတွက် တစ်ကိုယ်တော်အခွေအတွက်ကို အချိန်ယူပြီး လုပ်သွားရန် စီစဉ်ထားသည်ဟု ၎င်းက ပြောသည်။

"တစ်ကိုယ်တော် အခွေအတွက်က သီချင်းတွေတော့ စုနေတယ်။ တချို့ တေးရေးဆရာတွေဆီကနေ ရပြီ။ တချို့ဆီကလည်း မရသေးဘူး။ ကြိုးစားပြီးတော့ လုပ်နေပါတယ်။ ၂၀၁၆ ခုနှစ် ထဲမှာတော့ ထွက်နိုင်အောင် လုပ်သွားမှာပါ" ဟု ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly