နန်းထိုက်တဲ့ တော်ဝင်သဇင်ပန်း ဘယ်လိုစိုက်ကြမလဲ

15 January 2016
နန်းထိုက်တဲ့ တော်ဝင်သဇင်ပန်း ဘယ်လိုစိုက်ကြမလဲ

သဇင်ပန်းကတော့ မြန်မာ့နန်းသုံး တော်ဝင်ပန်းအဖြစ် အမြတ်နိုး တန်းဖိုးထား ပန်ဆင်လာခဲ့တာဟာ ဒီနေ့တိုင်ပဲ ဖြစ်ပါတယ်။ သဇင်ပန်းကတော့ နတ်တော် ပြာသိုလတွေမှာ ဖူးပွင့်ကြတာပဲ ဖြစ်ပါတယ်။ မွန်မြတ်သန့်စင်တဲ့ နေရာတွေမှာ ပေါက်လေ့ ရှိတာကြောင့် သန့်စင်ပန်းလို့လည်း တင်စားခေါ်ဝေါ်ကြပါတယ်။ သဇင်ကတော့ သစ်ခွမျိုးရင်းမှာ ပါဝင်ပြီး မျိုးရင်းပေါင်း ၂၀၀၀ခန့် ရှိပါတယ်။ မူလဇာတိကတော့ အရှေ့တောင်အာရှ နိုင်ငံတွေမှာပဲ ဖြစ်ပါတယ်။ အရှေ့အိန္ဒိယကျွန်းစုဝင် သစ်ခွမျိုးဖြစ်ပြီးတော့ အိန္ဒိယ ကျွန်းစုနှင့် အရှေ့တောင်အာရှနိုင်ငံများမှ တစ်ဆင့် အာဖရိကတိုက်နဲ့ အမေရိကတိုက်တို့ကို ပျံနံှံ့ခဲ့ပါတယ်။

 မြန်မာနိုင်ငံမှာတော့ မော်လမြိုင်၊ ရခိုင်၊ တနင်္သာရီ စတဲ့ဒေသတွေမှာ ပေါက်ရောက်လေ့ ရှိပါတယ်။ သဇင်ကတော့ သစ်ပင်ကြီးတွေပေါ်မှာ တွယ်ကပ်ပြီး ပေါက်ရောက်လေ့ရှိတဲ့ အပင်မျိုးလည်း ဖြစ်ပါတယ်။ သဇင်ကတော့ ဥတက်သစ်ခွမျိုးဖြစ်ပြီး ပင်စည်ကတော့ တစ်စုတစ်စည်းတည်း ဖြစ်ပြီးတော့ ဥတက် များစွာ ပါဝင်ပါတယ်။ အမြစ်တွေက သေးငယ်ပြီး ဥတက်ရဲ့ အရင်းမှာ ဖွာနေလေ့ရှိပါတယ်။ ဥတက်ကတော့ အစိမ်းရောင်ရှိပြီး အရွယ်အားဖြင့် အရှည် သုံးစင်တီမီတာခန့်နဲ့ အချင်း နှစ် စင်တီမီတာခန့် ရှိပါတယ်။ ဥတက်ရဲ့ ထိပ်မှာတော့ အရွက်နှစ်ရွက် ဒါမှမဟုတ်ရင် တစ်ရွက်ပါရှိပါတယ်။ အရွက်ကတော့ အစိမ်းလွှာရောင် ရှိပြီး အသားကမာပြီး အနားကတော့ ချောပါတယ်။ အရွက်ကြွေပြီးခါမှ ဖူးတံထွက်ပြီး ပွင့်လေ့ ရှိပါတယ်။ ပန်းခိုင်ကတော့ ဥတက်အရင်းရဲ့ နံဘေးကထွက်ပြီးတော့ ပန်းခိုင်ရဲ့ အဖျားကသေးပြီး ညွတ်ကျနေတတ်ပါတယ်။ အပွင့်ကတော့ အဖြူပေါ်မှာ ဝါဖန့်ဖန့် ဖြစ်ပြီးတော့ အပွင့်ရဲ့အရွယ်ကတော့ ၉ မီလီမီတာခန့် ရှိပါတယ်။

သဇင်မျိုးနွယ်ရဲ့ ထူးခြားတဲ့ ယေဘုယျ လက္ခဏာတွေကတော့ စပ်ကြားတစ်ခုတည်း ရှိခြင်း ဥတက်တစ်ခုမှ အရွက်တစ်ရွက် ဒါမှမဟုတ် နှစ်ရွက်ထွက်ခြင်း၊ ပန်းခိုင်က ဥရဲ့အခြေမှ စပြီး ထွက်ခြင်း၊ ဝတ်မှုန်အုပ်စု လေးခုရှိခြင်း၊ ဘေးဘက်ရှိ ပွင့်ဖတ်များ ဆက်တိုက်ရှိနေခြင်းတို့ ဖြစ်ပါတယ်။

သဇင်ပန်းစိုက်ပျိုးခြင်းမှာတော့ သစ်သားတိုင်ကို အုန်းဆံပတ်၍ စိုက်ပျိုးခြင်း၊ အိုးငယ်များနှင့် အသုံးပြု၍ စိုက်ပျိုးခြင်း၊ သစ်သားတန်းများကို အသုံးပြု၍ စိုက်ပျိုးခြင်း၊ အုန်းဆံ ခြေသုတ်ခုံ အသုံးပြုပြီး စိုက်ပျိုးခြင်း၊ စတဲ့ နည်းစနစ်များနှင့် စီးပွားဖြစ် အမြောက်အများ စိုက်ပျိုးနိုင်ပါတယ်။

တောတွင်းက သဇင်ဥတွေကို ပိဿာချိန်နဲ့ ဝယ်ယူပြီး စိုက်ပျိုးရတာလည်းဖြစ်ပါတယ်။ သဇင်ဥတွေကတော့ ဇန်နဝါရီလထိ လှိုင်လှိုင်ထွက်လေ့ ရှိပါတယ်။ စိုက်ပျိုးရန်အတွက် သန်မာဖွံ့ဖြိုးတဲ့ ဥတက်များက အကောင်းဆုံး ဖြစ်ပါတယ်။ ပန်းခိုင်များကတော့ ဥတက်အသစ်မှ ထွက်လေ့ရှိပါတယ်။

သဇင်ပန်းကို စိုက်ပျိုးရန်အတွက် အုန်းဆံ အဓိက လိုအပ်ပါတယ်။ အုန်းဆံကို တော့ အချဉ်အဖန်ဓာတ်များ ထွက်သွားစေရန် ရေစိပ်ခြင်း ရေလောင်း ခြင်း ပြုလုပ်ပေးရပါတယ်။ အုန်းဆံမှာပါတဲ့ အချဉ်ဖန်ဓာတ်တွေ ကုန်သွားတဲ့ အခါမှ သဇင်ပန်းကို စိုက်ပျိုးရတာပါ။ သဇင်ဥကို စိုက်ပျိုးတဲ့ အခါမှာ သွားကြားထိုးတံ နဲ့ ဥရဲ့ အပေါ်ပိုင်းကို စိုက်ထိုးပြီးတော့ အုံဆံတိုင်မှာ ခပ်စောင်းစောင်းလေး ၄၅ ဒီဂရီ ခန့် စိုက်ပေးရပါတယ်။ ဒါမှသာ အမြစ်တွယ်ကပ်ရန်အတွက် အကောင်းဆုံးပဲ ဖြစ်ပါတယ်။ တစ်ဥနဲ့တစ်ဥကိုတော့ တစ်လက်မခွဲခန့် ခွာပြီး အတန်းလိုက် စိုက်ပေးရပါတယ်။ တစ်လက်မခွဲခန့် ခွာပြီး စိုက်ပျိုးခြင်းကတော့ သဇင်ပန်းခူးရာမှာ အဆင်ပြေစေရန်နဲ့ ဥတက်အသစ်ထွက်ရန်တို့ပဲ ဖြစ်ပါတယ်။

သဇင်ပန်းများကို မိုးရာသီမှာ အများဆုံး စိုက်ပျိုးကြပြီးတော့ ရေပေါတဲ့ ဒေသတွေကတော့ မိုးဦးကျကာလမှာ စိုက်ပျိုးကြပါတယ်။ ရေလောင်းတဲ့ အခါမှာလည်း သဇင်ဥများကို တိုက်ရိုက်မလောင်းပဲ စိုက်ထားတဲ့ အုန်းဆံဖတ်ပေါ်ကို ရေလောင်းပေးရမှာပါ။ သဇင်ပန်းကတော့ နေရောင်ပြင်းပြင်းကို တိုက်ရိုက်မကျစေဘဲ အရိပ်များကို ဖန်တီးထားပေးရမှာပါ။

သဇင်ပန်းစိုက်တဲ့ အခါမှာ အထူးသတိပြုရမယ့် အချက်တွေကတော့ အပူချိန်  မျိုးခံပစ္စည်း၊ ရေ၊ လေ၊ အလင်းရောင်တို့ပဲ ဖြစ်ပါတယ်။ သဇင်ပန်းဟာ သင့်တင့်မျှတတဲ့ အပူချိန်ကိုတော့ လိုအပ်ပါတယ်။ ရေ၊ လေ၊ ဝင်ထွက်ကောင်းမွန်တဲ့ မျိုးခံ ပစ္စည်းများ ဖြစ်ရန် လိုအပ်ပါတယ်။ ရေဝပ်ပြီး မနေဖို့ကတော့ အထူးဂရုပြုရမှာပါ။ တကယ်လို့ ရေဝပ်တယ်ဆိုရင်တော့ အမြစ်တွေက ပုပ်တတ်ပါတယ်။ သဇင်ကို ရေပေးရာမှာလည်း အထူးသတိပြု လောင်းဖို့တော့ လိုပါတယ်။ မိုးမကျခင် ကြိုတင်ပြီး စိုက်ပျိုးသူများကတော့ စိုက်ပြီးတဲ့ အချိန်ကစပြီး ရေကို လှိုင်လှိုင် လောင်းဖို့ လိုအပ်ပါတယ်။ အရွက်ကြွေခါနီး ဒါမှ မဟုတ်ရင် ပန်းခိုင်စထွက်တဲ့ အချိန်မှာတော့ ရေကို လျော့ပြီး လောင်းပေးရမှာပါ။ ပတ်ဝန်းကျင် စိုထိုင်းမှုပေါ်မှာ မူတည်ပြီးတော့ ရေကိုလည်း ဖြတ်နိုင်ပါတယ်။ ပန်းခိုင်ထွက်လာရင်တော့ ရေနဲ့ပန်းခိုင်ကို မထိစေဖို့အတွက် အထူးဂရုပြုပေးရမှာပါ။ ပန်းခိုင်ရင်းမှာလည်း ရေမဝပ်အောင် သတိထားပေးရပါ့မယ်။ ရေဝပ်ရင်တော့ ဥတွေ ပုပ်တတ်ပါတယ်။

သဇင်ပန်းဟာ လေကောင်းလေသန့်ကို ကြိုက်ပြီးတော့ လေဝင်လေထွက်ကောင်းတဲ့ နေရာတွေကို ရွေးချယ်စိုက်ပျိုးဖို့ လိုအပ်ပါတယ်။ လေကောင်းလေသန့်မရရင်တော့ အပင်ကညှက်ပြီး ရောဂါပိုးတွေ ဝင်ရောက်နိုင်ပါတယ်။ သဇင်ပန်းက အရိပ်ကိုလည်း ကြိုက်ပါတယ်။ နံနက်နေရောင်ခြည်ကို ရပြီး ကျနေကွယ်ရာကို ရွေးပြီး စိုက်ပျိုးပေးရမှာပါ။ နံနက်နေရောင်ခြည်ကို ရပြီး နေ့လည်မှာ နေပြောက်ရနေတဲ့ နေရာမျိုး ဖန်တီးပေးနိုင်ရင်တော့ အကောင်းဆုံးပဲ ဖြစ်ပါတယ်။

သဇင်ပန်းကိုတော့ မြေသြဇာအဖြစ် ပဲဖတ်၊ နှမ်းဖတ်၊ နွားချေး စတာတွေကို ရေနဲ့ ရောပြီး ဖျော်လောင်းပေးလို့ လည်းရပါတယ်။ မြေသြဇာကို နေ့စဉ် နည်းနည်း ကျွေးရမှာပါ။ မြေသြဇာ ကျွေးခြင်းကိုတော့ နံနက်ပိုင်းမှာ ကျွေးသင့်ပါတယ်။ ရေလောင်းတဲ့ အခါမှာလည်း ရေပန်းခရားနဲ့ လောင်းခြင်းဟာ အကောင်းဆုံး ဖြစ်ပါတယ်။ အရွက်ကြွေပြီး ပန်းခိုင်ထွက်လာတဲ့ အချိန်မှာတော့ မြေသြဇာကျွေးခြင်းကို လုံးဝ ရပ်ဆိုင်းပေးရမှာ ဖြစ်ပါတယ်။ သဇင်ကတော့ မြေသြဇာ စုပ်ယူမှု နည်းပါးတဲ့ အတွက်ကြောင့် မြေသြဇာ ကျွေးခြင်းထက် သန်မာတဲ့ ဥတွေကို စိုက်ပျိုးခြင်းဟာ အသင့်တော်ဆုံးပဲ ဖြစ်ပါတယ်။

သဇင်ပန်းကတော့ အခြားပန်းများထက်စာရင် ဈေးကောင်းပိုရပါတယ်။ ရာသီဥတုကတော့ ပူနွေးစိုစွတ်တဲ့ ရာသီဥတုကို ကြိုက်နှစ်သက်တဲ့ အတွက်ကြောင့်မို့လို့ ရခိုင်၊ ထားဝယ်စတဲ့ ဒေသများနဲ့ ရာသီဥတု သိပ်မကွာတဲ့ ရန်ကုန် မှာဆိုရင်တော့ သဇင်ကို စီးပွားဖြစ် စိုက်ပျိုးနိုင်ကြပါတယ်။ သဇင်ပန်းကတော့ ဈေးကွက်အတွင်းမှာ ရောင်းချခြင်းမျိုး မဟုတ်ပဲ သဇင်ကို နှစ်သက် မြတ်နိုးသူများက ခြံမှာ ကိုယ်တိုင်လာရောက် ဝယ်ယူကြခြင်းပဲ ဖြစ်ပါတယ်။ သဇင်ပန်း စိုက်ပျိုးဖြစ်ပုံနှင့် သဇင်ပန်းစိုက်ရင် လိုအပ်တဲ့ အကြောင်းတွေကို  ဝါသနာအရ သဇင်ပန်းစိုက်ပျိုးနေသူတစ်ဦးဖြစ်တဲ့ တော်ဝင်သဇင်ခြံပိုင်ရှင် ဒေါ်သဇင်ဦးကအခုလို ရှင်းပြပါတယ်။

သဇင်ပန်းကတော့ ကျွန်မ ပထမတော့ ဝါသနာအရပေါ့။ အပျော်စိုက်ရင်းကနေပြီးတော့ တစ်ဖြေးဖြေးနဲ့ မိတ်ဆွေတွေကလည်း အားပေးတာနဲ့ အခုလိုများများ စိုက်တဲ့ အထိ ဖြစ်သွားတာပေါ့နော်။ သစ်ခွထက်စာလို့ရှိရင် သဇင်ဟာ ကျွန်မတို့ မြန်မာ အမျိုးသမီးတွေ အတွက် အရမ်းကို တန်ဖိုးရှိတဲ့ ပန်းတစ်ခုပေါ့နော်။ တော်ဝင်ပန်းလည်း ဖြစ်တဲ့ အတွက်ကြောင့် ကျွန်မက သဇင်ကို ပိုပြီးတော့ အားသန်ပြီးတော့ သဇင်ကို ပိုပြီးတော့ ကြိုးစားပန်းစား လုပ်ဖြစ်ပါတယ်။ သဇင်ကတော့ အကောင်းဆုံးကတော့ ထားဝယ်ဘက်ကလာတဲ့ ထားဝယ်ဥက အကောင်းဆုံးပေါ့နော်။ ဒုတိယကတော့ ရခိုင်ဥပေါ့။ ပြီးတော့ ကရင်ဥပေါ့နော်။ ကျွန်မကတော့ များသောအားဖြင့် ကရင်ဘက်က ကျိုင်းတုန်ဆိုတဲ့ ရွာက ထွက်တဲ့ သဇင်ဥကို အများဆုံး စိုက်ပါတယ်။ အဲဒီဘက်မှာလည်း မိတ်ဆွေ ရှိတာနဲ့ အဲဒီဘက်က ဥတွေ အများဆုံး ရတာနဲ့ အဲဒီဥကို ပိုပြီး စိုက်ဖြစ်ပါတယ်။ နောက် ရခိုင်ကလည်း ရပါတယ်။ အကောင်းဆုံးကတော့ ထားဝယ်ဥကတော့ အကောင်းဆုံးပေါ့။

ပထမဦးဆုံး တောက ရောက်လာတဲ့ ဥတွေကတော့ အမြစ်တွေ နဲ့ အမှိုက်သရိုက်တွေ အရင် ရှင်းတယ်။ ရှင်းပြီးရင် ပန်းဥရဲ့ နည်းနည်းပါးပါး အမြစ်ကလေးတွေ အကုန်တော့မဟုတ်ဘူးပေါ့နော်။ အမြစ်တွေကို ဖြတ်တယ်။ ဖြတ်ပြီးတော့ ပန်းတိုင်ကိုလည်း တိုင်ကို မှာထားပြီးရင် တိုင်းတွေကို အရင်ဦးဆုံး ရေချရတယ်။ ရေချတယ်ဆိုတာ တိုင်တွေမှာ အရင်ဦးဆုံး အုန်းဆံ တွေ အဖန်ဓာတ်တွေပေါ့ အဲဒီအရာတွေ ကုန်အောင်လို့ ရေကို တစ်ပါတ်လောက်ကို တိုင်ကို ရေလောင်းထားရတယ်။ ရေလောင်းပြီးတော့မှ တိုင်က အုန်းဆံ အဖန်ရေတွေ ကုန်လောက်တဲ့ အထိ အဲဒီလောက်အထိ ရေချရတယ်။ ပြီးတော့မှ ပန်းဥလေးတွေ သင်ထားတဲ့ အရာလေးတွေကို သွားကြားထိုးတံ နဲ့ ဒီတိုင်မှာစိုက်ရပါတယ်။

သဇင်ပန်းက ပွင့်ပြီးသွားရင် အပွင်တံထွက်တဲ့ ဥကသာ ပြန်စိုက်လို့ရှိရင် ကျွန်မတို့ နောက်ထပ် ပွင့်တာပေါ့နော်။ ဒီအပွင့်တံထွက်ဖို့ ဥကို ဒီထက်ကျွန်မ စိုက်ထားတဲ့ဟာက နောက်ထပ် ဥတစ်ဥ ထပ်ထွက်ပြီးတော့ ပန်းထွက်တယ်ပေါ့နော်။ ဒီဥဟောင်းက ပန်းထပ်ပြီးတော့ မထွက်တော့ဘူး။ ဒီဥအသစ်ကိုသာ စိုက်ရတယ်။ ဒါကြောင့်မို့လို့ တောကလာတဲ့ ဒီလို ပန်းပွင့်ထားတဲ့ ဥကိုပဲ လုပ်ရတယ်။ ကျွန်မတို့ ဥက ပန်းတံကြီးနဲ့ အရှည်ကိုကြည့်ပြီးတော့ ဥအမျိုးအစားကိုလည်း အဲလို ခွဲတယ်ပေါ့နော်။ ဥဟောင်းတွေက ဒီလို ပန်းခက်တွေ ပါလာပြီးတော့ သူတို့တောကနေပြီးတော့ အပင်တွေ ခွာလာတဲ့ အခါမှာ ပန်းတံရှည်ရှည် ပါလာတဲ့ဟာဆိုရင် ဒီဥက မျိုးကောင်းတယ်ပေါ့နော်။ အဲလိုမျိုးလေးတွေပေါ့။ ဒီပန်းတံ ပါမှလည်း ကျွန်မတို့က ကြိုက်တယ်။ ပန်းတံ ဥဝယ်တဲ့ အခါကျလို့ရှိရင်လေ။ ဒီအတံမပါလို့ ရှိရင် ဒီဥဟာ ဥဟောင်းမှန်းမသိ ဥအသစ်မှန်း မသိ အဲလိုတွေလည်း ဖြစ်တတ်တယ်ပေါ့နော်။ အဲတာကြောင့်မို့လို့ ဥဝယ်တဲ့ အခါမှာ အဲလို စစ်ပြီးတော့ ဝယ်ပါတယ်။

ပန်းကတော့လေ သူက ပန်းတံလည်း ရှည်ရမယ်။ အပွင့်လည်း ပြွတ်ရ မယ်။ ခဲရမယ်။ အဲတာပေါ်မှာ ကြည့်တာပေါ့နော်။ တစ်ချို့ကျတော့ ပန်းတံကျတော့ ရှည်ပါတယ်။ ဒါပေမယ့် ပန်းသားက မပြွတ်ဘူးပေါ့နော်။ အဲလိုကျရင်လည်း ဈေးကောင်းတော့ မရဘူးပေါ့။ ပန်းတံရှည်ပြီးတော့ ပန်းသားလည်း ပြွတ်မှ သာလျှင် ဈေးကောင်းရတယ်ပေါ့နော်။ အဲတာကြောင့်မို့လို့ ထားဝယ်ဥတို့ဆိုရင် အဲလိုလေ ပန်းသားလည်း ပြွတ်တယ်။ ခံလည်းခံတယ်။ အဲတာကြောင့်မို့လို့ ထားဝယ်ဥက ဈေးအရမ်းကောင်းတယ်။

သူက သိပ်ပြီး အခြားပန်းတွေလို ဈေးကွက် သိပ်ရှာနေစရာ မလိုပါဘူး။ သူ့အဆက်သွယ်နဲ့ သူက ပန်းရှိတဲ့ နေရာကို လာကြတယ်ပေါ့နော်။ အဲတာကြောင့်မို့လို့လည်း ဒီလို သဇင်ပန်းကို လုပ်ဖြစ်သွားတာ ပေါ့နော်။ တကယ်ကို အရမ်းနှစ်သက်တဲ့ သူတွေ မြင်ပြီးတော့ ကိုယ်လည်း အားတက်သွားပြီးတော့ လုပ်ဖြစ်တာ အဲလိုသဘောမျိုးပါ။ ပွင့်လာတဲ့ အချိန်မှာ ခံစားရတဲ့ ခံစားချက်က အရမ်း ကျွန်မတို့ အတွက် စိတ်ချမ်းသာမှုလည်း ရှိတယ်။ အိမ်မှာလည်း စိတ်အပန်းဖြေတဲ့ အခါဖြစ်ဖြစ် ကိုယ်စိုက်ထားတဲ့ ပန်းခင်းလေးထဲ ဝင်လိုက်ရင်လည်း ကိုယ့်မှာ စိတ်ချမ်းသာမှုတွေလည်း ရှိတယ်ပေါ့နော်။ နောက်ပြီးတော့ သူများတွေ ပန်ထားလို့ ရှိရင်လည်း မြင်ရတာ လှတာကိုလည်း စိတ်ချမ်းသာတယ်ပေါ့နော်။ အဲတာကြောင့်မို့ပါပဲ။ ဒီပန်းကြောင့် ပိုက်ဆံ အများကြီးရတာ မဟုတ်ပေမယ့် ဒီ ပီတီလေးကိုပဲ ကိုယ်စိုက်ထားတဲ့ ပန်းတွေ ဖူးပွင့်လာရင် ပီတီလေးကို ခံစားပြီး ဒီအလုပ်ကို လုပ်ဖြစ်နေတာပါပဲ။

သဇင်ပန်းကို နှစ်သက်ပြီး ဝါသနာအရ စိုက်ပျိုးသူ နောက်ထပ်တစ်ဦးဖြစ်တဲ့ စိန်မမ တော်ဝင်သဇင်ပန်းဥယျာဉ်ပိုင်ရှင် ဒေါ်တင်စိန် ကလည်း သဇင်ပန်းစိုက်ပျိုးပုံနဲ့ သဇင်ပန်အပေါ် မြတ်နိုး တန်းဖိုးထားပုံကို အခုလို ရှင်းပြပါတယ်။

အန်တီက ငယ်ငယ်ကတည်းက သဇင်ပန်းကိုပဲ အရမ်း ရှုးသွပ်ခဲ့တာပေါ့။ အဲတာကြောင့်မို့ အန်တီက သဇင်ပေါ့။ ကျန်တဲ့ ပန်းကိုလည်း အန်တီက သိပ်နားမလည်ဘူး။ အဲတော့ သဇင်လေးကို စမ်းစိုက်ရင်းနဲ့ သဇင်လေး အကြောင်းကို နားလည် သွားတာပေါ့နော်။ စိုက်ပျိုးနည်း နားလည်တဲ့ အတွက်ကြောင့်မို့လို့ သဇင်ကိုပဲ ဦးစားပေးပြီး ဒါကို ပဲဦးစားပေး စိုက်ဖြစ်တာ။

သဇင်ပန်းစိုက်မယ်ဆိုရင်တော့ အဓိက တိုင်ပေါ့။ တိုင်ရှိရမယ်။ ပြီးတော့ သူ့အတွက် မျိုးဥပေါ့။ အန်တီတို့ စိုက်ရမယ့် မျိုးဥ အဲတာ နှစ်ခုတော့ အဓိက လိုတာပေါ့နော်။ မျိုးအနေကတော့ အန်တီကို ဈေးကွက်မှာ လေးမျိုးလောက် သိတယ်။ ဘားအံ သဇင်၊ ထားဝယ်သဇင်၊ ရခိုင်သဇင်၊ ရိုးမ သဇင်ဆိုပြီးတော့ လေးမျိုးလေးတော့ သိထားကြပါတယ်။ ဘားအံသဇင်ဆိုတာကတော့ ကရင်ပြည်နယ်ဘက်က ထွက်တာပေါ့။ ရခိုင်သဇင်ကတော့ အန်တီတို့ ပလက်ဝဘက်က ထွက်တယ် ထင်တယ်လေ။ နောက် ပဲခူးရိုးမထဲက ထွက်တယ်။ နောက် တနင်္သာရီတိုင်း ထားဝယ်၊ မြိတ်၊ အဲဘက်ကထွက်တဲ့ သဇင်ဆိုပြီး အန်တီတို့ လေးမျိုး ရှိပါတယ်။

အန်တီကတော့ အဓိက ထားဝယ်မျိုးကို ဦးစားပေးစိုက်တာပေါ့။ ဒါပေမယ့် အန်တီက ၁၅၈ တိုင်လောက် အန်တီမှာ စိုက်ထားတယ်။ စိုက်ထားတဲ့ အတွက်ကြောင့်မို့လို့ အစုံစိုက်ရတာပေါ့ ။ ဘာကြောင့်လဲ ဆိုတော့ ပွင့်တာကလည်း စော ပွင့်တာတို့ နောက်ကျ ပွင့်တာတို့ အဲလိုမျိုးလေး တွေ ရှိတတ်တော့လေ အန်တီကတော့ လေးမျိုးလုံးကို စိုက်ထားပါတယ်။ အဓိက စိုက်တာကတော့ ထားဝယ် သဇင်ပေါ့နော်။ အမှန်ကတော့ သဇင်မျိုးဥတွေက ရှားလာပြီ။ ရှားလာပြီ ဖြစ်တဲ့အတွက် အန်တီတို့က ဈေးကွက်မှာ ပြန်ဝယ်ဖို့ကျတော့လည်း တော်တော်လေး ခက်လာတာပေါ့။ အဲဒီအတွက် အန်တီက ကိုယ်တိုင် မျိုးပွားမယ်ဆိုတဲ့ စိတ်နဲ့ မျိုးလေးတွေ ပြန်ပွားထားပါတယ်။ သဇင်ပန်းကတော့ စိုက်ချင်ကြတယ်။ ဒါပေမယ့်လေ မဖြစ်ကြတာ များတာပေါ့နော်။ မလုပ်တတ်ကြဘူးလို့ ပြောရမှာပေါ့။ အမှန်က စိုက်ချင်စိတ်ပဲ ရှိတာ ပြုစုပျိုးထောင်မှုက အားနည်းတယ်။ သိပ်ပြီးတော့ မသိကြဘူး။ မကျွမ်းသေးဘူးပေါ့ သားရယ်။ သဇင်စိုက်ပျိုးနည်း ပညာပေါ့နော်။ အဲတော့ သူတို့ဝယ်သွားကြတယ်။

သဇင်ဥ တန်ဖိုးကလည်း ကြီးတယ်။ စိုက်ကြတယ်။ ပြီးရင် မပွင့်ဘူး။ တစ်နှစ်လုံး စိုက်ပြီးတော့မှ မပွင့်ဘူးပေါ့နော်။ အဲလိုဆိုတဲ့ အခါကျတော့ သူတို့တွေ စိတ်မကောင်းဘူး။ အဲဒါကြောင့်မို့လို့ နည်းစနစ်မှန်မှန်လေးနဲ့ စိုက်ပြီးတော့ ဖြစ်ထွန်းအောင် အိမ်လာတဲ့ သူရှိရင်လည်း သင်ပေးတယ်။ သူ့ကို စိုက်မယ်ဆိုရင် အန်တီတို့က ဇန်နဝါရီ၊ ဖေဖော်ဝါရီ စစိုက်လိုက်ရင်  အန်တီတို့ နောက်တစ်နှစ် နိုဝင်ဘာ၊ ဒီဇင်ဘာ သုံးလဟာ ပန်းပွင့်ချိန်ပေါ့နော်။ အဲတာဆိုတော့ ၁၀လ ၁၁လ လောက်ကြီး စောင့်ပြီးတော့မှ ပန်းကို ရတာပေါ့။ အဲဒီအတွက် တကယ်ဆိုရင်တော့ အန်တီက ဥယျာဉ်မှူးလေ အန်တီက ပန်းကို စိုက်ပြီးရင် သူများလက်ထဲကို ရောင်းရမှာ နှမြောတာပေါ့နော်။ ကိုယ့်သားသမီး ဖြစ်နေပြီလေ။ တစ်နှစ်လုံး ကိုယ်ပြုစုခဲ့ရတာလေ။ ကိုယ်တိုင်လည်းစိုက်တယ်။ ကိုယ်တိုင်သူ့ကို ယုယ ပျိုထောင်ခဲ့တော့ ပြန်ပြီးတော့ ရောင်းလိုက်ရမယ့် ဟာစိတ်မကောင်းဘူး။

ဒါပေမယ့်လည်း အန်တီတို့ ဈေးကွက် အနေထားအရ ဥလေးတွေ ရှားတယ်။ အဲတာလေးတွေ ပြန်မွေးရမယ်။ ရောင်းတဲ့သူရှိရင်လည်း အန်တီတို့ ပြန်ဝယ်ရမှာပေါ့နော်။ ဝယ်ပြီးတော့မှ စိုက်ရမှာ ဖြစ်တဲ့ အတွက်ကြောင့်မို့ိလို့ အန်တီက အဲတာလေးတွေကို ရောင်းဖြစ်ပါတယ်။ အမှန်ကတော့ အားလုံးကို အလှဆင်စေချင်လို့ပေါ့နော်။ အဲတာကြောင့်မို့လို့ ရောင်းဖြစ်တာပါ။

သဇင်ပန်းကတော့ မြန်မာတို့ရဲ့ အမြတ်တနိူး တန်ဖိုးထားရတဲ့ တော်ဝင်ပန်းပဲ ဖြစ်ပါတယ်။ သဇင်ပန်းကို ဆင်မြန်းကြတဲ့ မင်္ဂလာမောင်နှံ မောင်ရူဒီပါနဲ့ မမြပွင့်ချိုတို့ကလည်း သဇင်ပန်းရဲ့ အပေါ်မှာ သူတို့ရဲ့ ခံယူချက်ကို အခုလို ပြောပြပါတယ်။

သဇင်ပန်းက ၁၂ လရာသီမှာ ဒီကာလမှာပဲ ပွင့်တယ်။ ပြီးတော့ တော်ဝင်သဇင်ပန်းဖြစ်တယ်။ ပန်းတွေ အားလုံးထဲမှာမှ အမြတ်ဆုံး ပန်းဖြစ်တယ်။ အဲတာကြောင့် ရွေးချယ်ဖြစ်တာပါ။ သဇင်ပန်းကတော့ ကျွန်တော်တို့ မင်္ဂလာပွဲ ကျင်းပမယ့် အချိန်မှာ ပွင့်တယ်ပေါ့နော်။ ပန်းတွေထဲမှာလည်း တစ်နှစ်မှာ တစ်ကြိမ်ပဲ ပွင့်တယ်ပေါ့။ တော်ဝင်ပန်းလည်း ဖြစ်တယ်။ အဲတာကြောင့်မို့လို့ သူ့ကို ဒီပန်းလေး ပန်ဖြစ်အောင် ရွေးချယ်ပေးတာပါ။

သစ်တောတွေ ပြုန်းတီးမှုတွေနဲ့ သဇင်ပန်းကို ရောင်းချတဲ့ အခါမှာ ဥကိုပါ ရောင်းချတဲ့ အလေ့အထတွေကြောင့် သဇင်ပန်း ဥတွေဟာ အလွန်ပဲ ရှားပါလာပါတယ်။ သဇင်မျိုးဥ တစ်ဥမှာ မျိုးဥ အများအပြား မထွက်ပဲ တစ်ဥတည်းသာ ပြန်ထွက်တဲ့ အမျိုးအစားပဲ ဖြစ်ပါတယ်။ ခက်ခက်ခဲခဲ ဂရုတစိုက် စိုက်ရတဲ့ သဇင်ပန်းကိုတော့ အချိန်မီ ထိန်သိမ်းနိုင်ခြင်း မရှိပါက မျိုးတုံးပျောက်ကွယ်မယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရမှာတော့ အမှန်ပဲ ဖြစ်ပါတယ် ခင်ဗျာ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly