ဂျာကာတာတိုက်ခိုက်ခံရမှုက အိုင်အက်စ်ခြိမ်းခြောက်မှုကို မီးမောင်းထိုးပြခြင်းဖြစ်ဟု အင်ဒို ပြော

ဂျာကာတာတိုက်ခိုက်ခံရမှုက အိုင်အက်စ်ခြိမ်းခြောက်မှုကို မီးမောင်းထိုးပြခြင်းဖြစ်ဟု အင်ဒို ပြော

ဂျာကာတာ၊ ဇန်နဝါရီ ၁၅ ။              ။ အိုင်အက်စ်ရန်မှကာကွယ်ရန် အင်ဒိုနီးရှားသည် အင်အားတောင့်တင်းအောင် မဖြစ်မနေလုပ်ဆောင်ရမည်ဖြစ်သကဲ့သို့ အိုင်အက်စ်ကို တိုက်ခိုက်ရေးအတွက်လည်း အိမ်နီးချင်းနိုင်ငံများနှင့်လည်း မဖြစ်မနေပူးပေါင်းဆောင်ရွက်ရမည်ဟု ဂျာကာတာ၏ ရဲတပ်ဖွဲ့အကြီးအကဲက ဇန်နဝါရီ၁၅တွင် ပြောကြားခဲ့သည်။

ဇန်နဝါရီ ၁၄က အသေခံဗုံးခွဲသမားများနှင့် သေနတ်သမားများသည် အင်ဒိုနီးရှားနိုင်ငံ၏ မြို့တော်ဂျာကာတာ၏ အချက်အခြာနေရာတွင် တိုက်ခိုက်မှုပြုလုပ်ခဲ့ကြသည်။ စည်ကားသော ဈေးဝယ်ရပ်ကွက် တစ်ခုတွင် သုံးနာရီကြာတိုက်ခိုက်မှုတွင် ပေါက်ကွဲမှုများ၊ အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီး လူ ခုနှစ်ဦးသေဆုံးခဲ့ရာ သေဆုံးသူများတွင် တိုက်ခိုက်သူ ငါးဦးပါသည်။

သို့သော်လည်း ယခုတိုက်ခိုက်မှုက ကမ္ဘာ့မွတ်စလင်ဦးရေအများဆုံးရှိသည့် အင်ဒိုနီးရှားကို အိုင်အက်စ်အုပ်စုက ပထမဆုံးအကြိမ်ပစ်မှတ်ထားလိုက်ခြင်းဖြစ်သည်။ နိုင်ငံတစ်ဝန်းမှ ရဲတပ်ဖွဲ့ အကြီးအကဲများ ကို မြင့်မားစွာတပ်လှန့်သတိပေးထားပြီး ဂျာကာတာရှိ သံရုံးအချို့ကို တစ်နေ့တာပိတ်ခဲ့ပြီး သြစတြေးလျနှင့် အာရှနိုင်ငံများမှ ခရီးသည်များကို ဆွဲဆောင်နိုင်သည့်နေရာ ဘာလီအပမ်းဖြေကျွန်းတွင် လုံခြုံရေးတင်းကျပ်ထားသည်။

ဂျာကာတာ၏ တောင်ဘက် ဒီပေါ့မြို့တွင် အာရုဏ်မတက်မီအချိန်က တိုက်ခိုက်မှုပြုလုပ်ရန် ကြံစည်နေသည်ဟု သံသယရှိသူ သုံးဦးကို ဖမ်းဆီးခဲ့သည်ဟု မီဒီယာများက အစီရင်ခံသည်။ သို့သော်လည်း ဗုံးပြုလုပ်သူတစ်ဦး၊ လက်နက်ကျွမ်းကျင်သူတစ်ဦးနှင့် တရားဟောဆရာတစ်ဦးဖြစ်သော ၎င်းအမျိုးသား သုံးဦးမှာ ဇန်နဝါရီ ၁၄က တိုက်ခိုက်မှုနှင့် ပတ်သက်သည့်လက္ခဏာမရှိဟု Metro TV ကအစီရင်ခံ ခဲ့သည်။

ရဲတပ်ဖွဲ့ကမူ ယင်းဖမ်းဆီးမှုများကို အတည်ပြုရန် ငြင်းဆိုထားသည်။ "အိုင်အက်စ်တွေ အင်အားကြီးလာတာကို ကျွန်တော်တို့အများကြီးဂရုစိုက်ဖို့လိုပါတယ်"ဟု ဂျာကာတာရဲတပ်ဖွဲ့အကြီးအကဲ တီတိုကာနေဗီယန်က တိုက်ခိုက်မှုဖြစ်ပွားခဲ့သည့် မြို့တော်၏ သက်တမ်းအရင့်ဆုံး ကုန်တိုက် ဆာရီနာ၏ အပြင်ဘက်တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

အားကောင်းသည့် တုံ့ပြန်မှုနှင့် ကြိုတင်ကာကွယ်ရေးဆောင်ရွက်ချက်များပြုလုပ်ရန် လိုအပ်ပြီး ယခုတိုက်ခိုက်မှုမှာ အိုင်အက်စ်ကွန်ရက်၏ အစိတ်အပိုင်းဖြစ်သဖြင့် အခြားနိုင်ငံများနှင့် လက်တွဲဆောင်ရွက် သွားရမည်ဖြစ်ကြောင်းလည်း ၎င်းကပြောကြားခဲ့သည်။ အင်ဒိုနီးရှားနိုင်ငံ၏ လုံခြုံရေးအကြီးအကဲ လူဟတ်ပန်ဂျိုက်တန် ကလည်း ၎င်း၏ရုံးသည် ကြိုတင်ဖမ်းဆီးမှုကို ခွင့်ပြုသည့် ဥပဒေများပြဋ္ဌာန်းနိုင်ရန် ပါလီမန်နှင့် လက်တွဲဆောင်ရွက်နေသည်ဟု သတင်းထောက်များကို ပြောကြားခဲ့သည်။

တိုက်ခိုက်မှုကြောင့် အင်ဒိုနီးရှားလူမျိုးတစ်ဦး၊ ကနေဒါနှင့် အယ်လ်ဂျီးရီးယားနှစ်နိုင်ငံသားခံယူထားသူ အမျိုးသားတစ်ဦးလည်းသေဆုံးခဲ့သည်။ ထို့အပြင်လူ ၂၄ ဦးလည်းပြင်းထန်စွာဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာရရှိသူများတွင် သြစတြီးယားလူမျိုးတစ်ဦး၊ ဂျာမန်လူမျိုးတစ်ဦးနှင့် ဒတ်ချ်လူမျိုးတစ်ဦးလည်းပါဝင်သည်။

တိုက်ခိုက်မှုမှာ အိုင်အက်စ်လက်ချက်ဖြစ်ကြောင်း ကာနေဗီယန်က အတည်ပြုခဲ့ပြီး ကြိုးကိုင်သူမှာ အင်ဒိုနီးရှားလူမျိုးစစ်သွေးကြွ ဘာရွန်နာအင်မ်တိုသူဖြစ်ကြောင်း ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly