ဟာသလူရွှင်တော် ဂွာတီမာလာသမ္မတသစ်အဖြစ် တာဝန်စတင်ထမ်းဆောင်

ဟာသလူရွှင်တော် ဂွာတီမာလာသမ္မတသစ်အဖြစ် တာဝန်စတင်ထမ်းဆောင်

ဂွာတီမာလာစီးတီး၊ ဇန်နဝါရီ - ၁၅ ။              ။ အကျင့်ပျက်ခြစားမှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေသည့်အပေါ် လူထုက မနှစ်မြို့နေချိန်တွင် ဂွာတီမာလာ၏ သမ္မတသစ်အဖြစ် ရွေးကောက်ခံခဲ့ရသည့် ရုပ်သံဟာသလူရွှင်တော်ဟောင်း ဂျင်မီ မိုရေး အာဏာရယူသည့် အခန်းအနားသို့ အမေရိကနိုင်ငံများမှ ခေါင်းဆောင်များ တက်ရောက်ခဲ့ကြသည်။

ကျမ်းသစ္စာကျိန်ဆိုပွဲ အခန်းအနားသို့ ဖိတ်ကြားခံရသူများထဲတွင် အမေရိကန်ဒုသမ္မတ ဂျိုး ဘိုင်ဒင်၊ မက္ကဆီကို၊ အီကွေဒေါနှင့် အမေရိက အလယ်ပိုင်းနိုင်ငံများမှ သမ္မတများ ပါဝင်သည်။ စပိန်ဘုရင်ဟောင်း ဂျူအန် ကားလို့စ်လည်း တက်ရောက်ခဲ့သည်။

‘ဘယ်လို အကျင့်ပျက်ခြစားမှု (ဒါမှမဟုတ်) ခိုးမှုမျိုးကိုမှ သည်းခံမှာ မဟုတ်ပါဘူး။ ဒါဟာ ပထမဆုံးနေ့ကစလို့ ကျနော်တို့ လုပ်နိုင်တဲ့အရာ၊ လုပ်မယ့်အရာပါပဲ’’ဟု မိုရေး (၄၆နှစ်)က သမ္မတစလွယ်ကို လက်ခံစဉ်တွင် ပြောကြားခဲ့သည်။

မိုရေးမှာ သမ္မတဖြစ်လုနီးပါး ကျေးတောသားတစ်ယောက်အနေနှင့် သရုပ်ဆောင်ခဲ့သည့် ရုပ်သံဟာသလူရွှင်တော်အဖြစ်လည်း ယခင်ကတည်းက လူသိများလာခဲ့သူ ဖြစ်သည်။

၂၀၁၁ခုနှစ်က မြူနီစပါယ်ရုံးအတွက် မအောင်မြင်သည့် ယှဉ်ပြိုင်အရွေးခံမှုကလွဲလျှင် နိုင်ငံရေးအတွေ့အကြုံ လုံးလုံးမရှိသော်လည်း မိုရေးမှာ အောက်တိုဘာ ၂၅ ရက် ရွေးကောက်ပွဲတွင် တောင်ပြို ကမ်းပြိုအနိုင်ရ၍ နိုင်ငံအကြီးအကဲရုံးသို့ အမှန်တကယ် ရောက်ရှိလာခဲ့သည်။

သူ့ရှေ့ကသမ္မတ အော့တို ပီရက်ဇ်မှာ ခြစားမှုအရှုပ်တော်ပုံကြီးတစ်ခုကြောင့် ပြိုလဲသွားခဲ့ပြီးနောက် လူထုက ခြစားမှုများကို ကျယ်ကျယ်ပြန့်ပြန့် မနှစ်မမြို့ဖြစ်လာကြသောကြောင့်လည်း မိုရေး အနိုင်ရလာခဲ့ခြင်းပင်ဖြစ်သည်။

သို့ရာတွင် ကွန်ဂရက် ၁၅၈နေရာတွင် မိုရေး၏ ကွန်ဆာဗေးတစ်ပါတီက ၁၁နေရာသာ ထိန်းချုပ်ထားနိုင်ခဲ့သောကြောင့် နိုင်ငံရေးကျောထောက်နောက်ခံ အားနည်းသည်ဟု ဆိုရမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly