နိုင်ငံ့စီးပွားရေးတိုးတက်မှုနဲ့အတူ ပုဂ္ဂလိက စီးပွားရေးကဏ္ဍ တိုးတက်လာဖို့ မျှော်လင့်နေ

နိုင်ငံ့စီးပွားရေးတိုးတက်မှုနဲ့အတူ ပုဂ္ဂလိက စီးပွားရေးကဏ္ဍ တိုးတက်လာဖို့ မျှော်လင့်နေ
စီးပွားရေးမြို့တော် ရန်ကုန်မြို့၏ စီးပွားရေးအရ အချက်အချာအကျဆုံးဖြစ်သည့် အေးရှဝေါဆိပ်ကမ်း။ (ဓာတ်ပုံ-မဇ္ဈိမ)

ရန်ကုန်၊ ဇန်နဝါရီ ၁၅ ။ ။ မြန်မာနိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုကို အကောင်းမြင်သဘောနဲ့ ရှုမြင်သုံးသပ်လာနေကြတာ တွေရှိလာပေမယ့် ပုဂ္ဂလိကစီးပွားရေးအခန်းကဏ္ဍ တိုးတက်ဖွံ့ဖြိုးဖို့ကလည်း တစ်ဘက်မှာ အရေးကြီးနေပါတယ်။ တစ်ချိန်တည်းမှာပဲ ကျပ်ငွေတန်ဖိုးကျဆင်းပြီး ငွေကြေးဈေးကွက်မတည်ငြိမ်တာ၊ ပို့ကုန်၊သွင်းကုန်ကဏ္ဍနှစ်ရပ်ကို ချိန်ခွင်လျှာညှိဖို့ လိုအပ်နေတာတွေက ပြည်တွင်းစီးပွားရေးလုပ်ငန်းတွေမှာ စိန်ခေါ်စရာတွေဖြစ်နေမလား ဆိုတာကိုတော့ စီးပွားရေး လုပ်ငန်းရှင်တွေက သုံးသပ်ထားပါတယ်။ 

ပြည်တွင်းက ပုဂ္ဂလိကပိုင် စီးပွားရေးလုပ်ငန်းတွေအနေနဲ့ ဒီ၂၀၁၆ ခုနှစ်မှာ ဖွံ့ဖြိုးတိုးတက်လာမလား ဆိုကတော့ စိတ်ဝင်စားစရာဖြစ်လို့နေပါတယ်။ ဒီလိုအချိန်မှာ မိရိုးဖလာစီးပွားရေးလုပ်ငန်းတွေကနေစပြီး စီးပွားနယ်ပယ် အစုံက တိုးတက်မှုကို မျှော်လင့်နေကြပါတယ်။

ပြည်တွင်းကသစ်အခြေခံပရိဘောဂပစ္စည်းတွေကိုထုတ်လုပ်တဲ့ လုပ်ငန်းရှင် တစ်ဦးရဲ့ မျှော်လင့်ချက်ကို အရင်နားထောင်ကြည့်ရအောင်ပါ။

"တိုးတက်မှု အလားအလာတွေမျှော်လင့်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ၂၀၁၇ ထဲမှာဆိုရင် ရန်ကုန်မြို့ အဆောက်ဦးတွေ အဓိကကွန်ဒိုမီနီယံတွေ နောက်တခြားရုံးခန်းတွေ၊ တာဝါတွေ အများကြီးတိုးလာမှာ အများကြီးတိုးလာမှာဆိုတော့ ကျတော်တို့ ပရိဘောဂလုပ်ငန်းတွေက အဲဒီလိုအပ်တဲ့နေရာတွေမှာ ဖြည့်ဖို့အတွက် ကျတော်တို့လည်း တကယ်ပိုကောင်းတဲ့ အလုပ်တွေဖြစ်လာမယ် တိုးတက်လာမယ်လို့ မျှော်လင့်တယ်။" လို့ ပရိဘောဂလုပ်ငန်းရှင် ဦးဉာဏ်ဝင်းက ပြောပါတယ်။ 

တစ်ဘက်မှာလည်း ကျွမ်းကျင်လုပ်သားလိုအပ်ချက်နဲ့ ကုန်ကြမ်းရရှိဖို့က သူ့စိတ်ကူးတွေမှာ စိန်ခေါ်စရာတွေဖြစ်နေတယ်လို့ ပြောပြထားပါတယ်။ ပြီးတော့ ကုန်သွယ်ရေးကဏ္ဍတွေမှာ ရေရှည်တည်ငြိမ်တဲ့ စီးပွားရေးလုပ်ကိုင်မှုမျိုးဖြစ်ဖို့ နိုင်ငံခြားငွေဈေးမြင့်တက်နေတာကလည်း အခက်အခဲဖြစ်တယ်လို့ ပို့ကုန်လုပ်ငန်းရှင်တစ်ဦးကပြောပြထားပါတယ်။

ကြိမ်ဝါးလုပ်ငန်းရှင် ဦးကျော်သူကလည်း "အဲလိုငွေဈေး၊ ခုနပြောသလို export earningတွေ တက်လာတဲ့အခါမှာ ပြည်တွင်းကုန်ကြမ်းတွေပေါ့နော်။ ပြည်တွင်းကုန်ကြမ်းတွေပေါ့နော် ပြည်တွင်းစားရိတ်စားခတွေပေါ့နော်။ ဥပမာဆီဈေးတွေ ဘာတွေကအစ အဲဒါမျိုးလေးတွေ အပြောင်းလဲဖြစ်လာတယ်။ ကုန်ကြမ်းဈေးတွေ အပြောင်းလဲဖြစ်လာတယ်၊ နောက်သယ်ယူပို့ဆောင်ရေးစရိတ်တွေ နောက်ပြီးတော့ ကျန်တဲ့ Labourတွေပေါ့နော်။ ဒါမျိုးတွေကလည်း အပြောင်းလဲတွေ ဖြစ်လာတဲ့ အခါမှာ အဲဒီဟာက စိန်ခေါ်မှုတွေ ပြန်ဖြစ်လာတာပေါ့နော်။ အကောင်းကြီးပဲ တွက်လို့တော့ မရဘူးသတိထားပြီးတော့ သွားရမယ့် သဘောတော့ ရှိပါတယ်။" လို့ ပြောပါတယ်။ 

စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို မျှော်လင့်နေကြပေမယ့် နိုင်ငံခြားငွေဈေး မတည်ငြိမ်မှုကလည်း လုပ်ငန်းရှင်တွေအတွက် အကောင်းဘက်ကိုချည်း မျှော်လင့်မရတဲ့ အခြေနေပါ။ လုပ်ငန်းတွေ ထပ်မံတိုးချဲ့နိုင်ဖို့ ပြည်ပဈေးကွက်ကို ယှဉ်ပြိုင်နိုင်ဖို့ဆိုတာ ပြည်တွင်းကအသေးစားနဲ့ အလတ်စားပုဂ္ဂလိကပိုင် စီးပွားရေးလုပ်ငန်းတွေက ငွေကြေးအခက်ခဲလည်း ရှိနေပြန်ပါတယ်။ အခုနှစ်ပိုင်းတွေထဲမှာ မြန်မာနိုင်ငံကပုဂ္ဂလိကဘဏ်လုပ်ငန်းတွေ အားကောင်းလာတယ်ဆိုပေမယ့် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းတွေကို အထောက်အကူဖြစ်နိုင်ဖို့ မူဝါဒတွေကတော့ လိုအပ်နေဆဲဖြစ်ပါတယ်။

ဆောက်လုပ်ရေး နှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်ရဲ့ အုပ်ချုပ်မှု ဒါရိုက်တာ ဦးဝင်းဇော်က "ဘဏ်မှာငွေကြေးလိုအပ်တယ်၊ဆိုတာကတော့ အပိုင်းအစတခုပါပဲ။ ဒါပေမယ့် ပြောရမယ်ဆိုရင် ဖွံ့ဖြိုးရေးလုပ်ငန်းအတွက် ဘဏ်တခုအနေနဲ့ ငွေချေးတာက ဒို့ဘဏ်ကပထမဦးဆုံးပဲ လေပထမဦးဆုံးဘဏ်ဆိုတော့ ချေးတဲ့ ဟာကိုလဲချေးပေးရမယ် ချေးတဲ့ငွေတွေ ပြန်ရဖို့အတွက် စနစ်တခုကိုလဲထူထောင်ရမယ်ဆိုတော့ ဘဏ္ဍာရေးယန္တရားမှာ အုပ်ချုပ်မှုရောပညာပေးရော ဒါတွေအကုန်လုံးကို တပြိုင်နက်တည်း လုပ်ရတဲ့ အခါမှာအခက်ခဲရှိတယ်ဆိုတာထက်ကို ကိုယ်ကထွင်ပြီးတော့ လုပ်နေရတဲ့အခါ နည်းနည်းလေးအခက်ခဲရှိတယ်လို့ ပြောလို့ပဲရတယ်။ ဒါပေမယ့် အခက်ခဲဆိုတာက ပြည်သူလူထုနဲ့ ဘဏ်နဲ့ အကြောင်းကြောင့်မဟုတ်ဘူးစနစ်တခုကြောင့် အခုမှ စပြီးလုပ်ရတဲ့ စနစ်တခုကြောင့်မို့လို့။" လို့ သူက ရှင်းပြပါတယ်။ 

လက်ရှိဘဏ်လုပ်ငန်းရဲ့ လုပ်ထုံးလုပ်နည်းတွေအရ အပေါင်ပစ္စည်းများများပေးပြီးမှ ချေးငွေနည်းနည်း ထုတ်ယူနေရတဲ့ အနေထားဖြစ်နေပါတယ်။ 

မိရိုးဖလာတနိုင် စီးပွားရေးလုပ်ငန်းတွေအပြင် အသေးစားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာက ငွေကြေး၊ နည်းပညာ၊ ကျွမ်းကျင်လုပ်သားနဲ့ ကုန်ကြမ်းလိုအပ်ချက်တွေအပေါ်မှာ မူတည်နေပါတယ်။

လာမယ့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှာစီးပွားရေးလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်မလားဆိုတာကိုတော့ လိုအပ်ချက်တွေကြားကနေ စောင့်နေကြရဦးမှာဖြစ်ပါတယ်။ ပြည်တွင်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (GDP) ကတော့ ကျပ်ငွေ ၈ ဘီလီယံကျော်ဖြစ်ပြီး ပုံမှန်ဈေးနှုန်းများအရ (GDP) တိုးတက်မှုနှုန်းဟာ (၇.ဂ) ရာခိုင် နှုန်းဖြစ်တယ်လို့ ဘဏ္ဍရေးဝန်ကြီးက ပြောဆိုထားဖူးပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly