လမ်းဘေးစျေးသည်တွေ စည်းကမ်းတကျ စျေးရောင်းနိုင်အောင် ဘယ်လိုစီမံသင့်လဲ

လမ်းဘေးစျေးသည်တွေ စည်းကမ်းတကျ စျေးရောင်းနိုင်အောင် ဘယ်လိုစီမံသင့်လဲ

ရန်ကုန်၊ ဇန်နဝါရီ ၁၅ ။ ။ လမ်းဘေးဈေးသည်လို့ ပြောလိုက်ရင် လူနဲ့ မော်တော်ယာဉ် အသွားအလာများတဲ့နေရာတွေမှာ နေရာယူထားကြသူတွေလို့ ပြေးမြင်မိကြမှာပါ၊ ရန်ကုန်မြို့လို စီးပွားရေးမြို့တော်မှာဆိုရင်လည်း ခေါင်းရွက်ဗျက်ထိုးဈေးသည်တွေအဖို့ ဈေးတစ်ဗန်းစာနေရာရဖို့ကလည်း သိပ်တော့လွယ်ကူလှတာ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီလိုအခက်အခဲတွေကြားထဲကနေပဲ ဈေးသည်အရေအတွက်တွေက တစ်နှစ်ထက်တစ်နှစ်ကို တိုးပွားလာနေပါတယ်။ စားဝတ်နေရေးဆိုတဲ့ သတ်မှတ်ချက်တွေ ကြားထဲကလမ်းဘေးဈေးသည်တွေ စည်းကမ်းတကျ ဈေးရောင်းချနိုင်အောင် ဘယ်လိုစီမံသွားသင့်လဲ… 

ရန်ကုန်မြို့က တစ်နိုင်ဈေးသည်တစ်ဦးဖြစ်သူ ကိုမျိုးလှိုင်က ထန်းတောင်သူတစ်ဦးပါ။

“ အဲစီးပွားရေးသိပ်အဆင်မပြေလို့ ရန်ကုန်ကိုလာရောင်းရတာပါ ဒီမှလည်း သံပုရာသီးပဲရောင်းပြီးတော့ လုပ်ကိုင်စားတာမစိုးပါဘူး။ နည်းနည်းပါးပါးတော့ အရင်လောက်ကြီးတော့ သိပ်မမြတ်တာပေါ့ ဈေးတွေကတက်တော့ကြလေ” လို့ ပုဂံညောင်ဦးဒေသကနေ ရန်ကုန်မှာ လာရောက်အခြေခံပြီး သံပုရာသီးရောင်းတဲ့ ကိုမျိုးလှိုင်က ပြောပါတယ်။

နယ်ဘက်မှာကလုပ်ကိုင်စားသောက်ရတာသူ့အတွက်အဆင်မပြေတော့ ရန်ကုန်မြို့မှာ ဝမ်းရေးအတွက် ဈေးလာရောင်းချရတာဖြစ်တယ်လို့ ပြောပြသွားတာပါ။

"ဟိုကကြတော့ ဝင်ငွေရမှဆိုတာက သုံးထောင်ဆိုရင် တစ်နေကုန်လုပ်ရတာလေ။ ဒီမှာဆိုတော့ တစ်နေကုန်မလုပ်ရဘူး နှစ်ထောင်လောက်ဆိုရင်လည်း အိမ်ပြန်ပြီးတော့ အိပ်နေလို့ရတယ်။ သဘောတစ်ခုကအဲလိုပေါ့။" လို့ ကိုမျိုးလှိုင်က ဆက်ပြောပါတယ်။ 

မြန်မာနိုင်ငံအပူပိုင်းဒေသကနေ ရန်ကုန်ကိုရွှေ့ပြောင်းအခြေချလာသူ နောက်ထပ်တစ်ဦးကတော့ ကိုအောင်နိုင်လင်းဖြစ်ပါတယ်။ သူကလည်း စားဝတ်နေရေးကို ဈေးရောင်းပြီး ဖြေရှင်းနေရသူတစ်ဦးပါ။

"ရွာမှာဆိုရင်တော့ လယ်လုပ်တယ်လေပန်းရန်လည်း လုပ်တယ်။ တစ်ခါတစ်လေပန်းရန်ပေါ့။ လယ်လုပ်တာကများတယ်။ ဒီမှာက ဈေးရောင်းတက်လာတယ်။ ကိုယ်ရည်မှန်းချက်နဲ့ အတိုင်းပေါ့။ ကိုယ်စိတ်ဝင်စားတဲ့ အလုပ်တစ်ခုပဲလုပ်ချင်တယ်။ ကိုယ်ဈေးရောင်းတော့ ဈေးပဲရောင်းချင်တယ်။" လို့ ရေနံချောင်းမြို့ကနေ ရန်ကုန်တက်လာပြီး သစ်သီးရောင်ချတဲ့ ကိုအောင်နိုင်လင်းက ဆိုပါတယ်။ 

စီးပွားရေးမြို့တော် ရန်ကုန်မြို့က ခေါင်းရွက်ဗျက်ထိုးဈေးရောင်းသူတွေအဖို့ တကယ်တမ်းရောအမှီသဟဲ ဖြစ်နေပြီလား။

“လူဦးရေအများကြီးရှိတယ်။ ကျွန်မတို့ဘက်တင် ကျွန်မတို့ အညာတစ်ရွာထဲကိုက လူပေါင်းနှစ်ရာကျော်လောက်ရှိတယ်။ လူဦးရေနှစ်ရာလောက်ရှိတယ်” လို့ သူတို့ဒေသကနေ ရန်ကုန်မှာ လာရောက် အခြေချတဲ့ လူဦးရေ အရေအတွက်ကို သူက ပုဂံညောင်ဦးဒေသကနေ မန်ကျည်းသီးလာရောင်းတဲ့ မခိုင်က ပြောပြတာပါ။ 

တစ်နှစ်ထက်တစ်နှစ်ကိုလည်း ရွှေ့ပြောင်းအခြေချသူတွေက တိုးပွားလာနေပါတယ်။ ဒါပေမယ့် ဈေးတစ်ဘန်းစာနေရာ ရဖို့ကလည်း သိပ်တော့ လွယ်ကူလှတာမဟုတ်ပါဘူး။ တစ်ဘက်မှာကလည်း လမ်းဘေးဈေးသည်တွေ များလာလို့ ယာဉ်ကြောပိတ် ဆို့တာတွေ၊ အများပြည်သူသွားလာရခက်ခဲလာတယ်လို့ ဝေဖန်မှုတွေက ရှိနေပါသေးတယ်။

ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ကော်မတီဝင် ဦးခင်လှိုင်ကတော့ "လမ်းဘေးဈေးသည်တွေက အတော်များတာဗျ။ လမ်းဘေးဈေးသည်နှိမ်နင်းဖို့ ကျွန်တော့်ကိုမေးတယ်။ လမ်းဘေးဈေးသည် လောလောဆယ်တော့ မရှင်းပေးနိုင်ဘူးဗျ။ ကျွန်တော်တို့မှာ မူဝါဒတွေရှိတယ်။ လမ်းဘေးဈေးသည်ရှင်းရင် ဒီလူတွေရဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ ပျက်သွားမှာပေါ့။ ကျွန်တော်တို့ အစိုးရကိုယ်တိုင်ကလည်း ဒီလူတွေကို အလုပ်အကိုင်အခွင့် အလမ်းတွေ ပေးနိုင်တာမှ မဟုတ်တာကွယ်။" လို့ သူက အခက်အခဲကို ပြောပြပါတယ်။ 

လောလောဆယ်တော့ ရေရာတဲ့ အဖြေရဖို့ ခေါင်းခဲပြီးစဉ်းစားနေရတဲ့ အခြေအနေပါ။ 

"နောက်တစ်ခုကြတော့ သူတို့တွေရောင်းနိုင်တဲ့ ဒီပျံကျဈေးတွေပေါ့နော်.. အဲဒ့ါတွေလည်း များများတိုးချဲဖွင့်လှစ်နိုင်အောင် ကြိုစားပေးပါ့မယ်။ အဲဒါဆိုရင် ပြေလည်သွားမယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။" လို့ ဦးခင်လှိုင်က ဆက်ပြောပါတယ်။ 

တစ်ဘက်မှာကလည်း အခြေချရွှေ့ပြောင်းသူတွေရဲ့ စားဝတ်နေရေးကိုအဆင် ပြေပြေနဲ့ လုပ်ကိုင်သွားနိုင်ဖို့ မြန်မာနိုင်ငံစီးပွားရေးဖွံ့ဖြိုးမှုရဲ့ ရေရှည်ခရီးမှာ အရေးတကြီး ထည့်သွင်းစဉ်းစားရမယ့် အချိန်လို့လည်း ပြောလို့ရပါတယ်။ တည်ငြိမ်တဲ့ စီးပွားရေးစနစ်ဖြစ်လာဖို့ကတော့ အစိုးရနဲ့ ပုဂ္ဂလိကအခန်းကဏ္ဍကြားထဲမှာ ချိန်ခွင်လျှာညှိရဖို့တော့ ရှိနေပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly