ဇေကမ္ဘာ ဦးခင်ရွှေ ကြံ့ခိုင်ရေးပါတီက ထုတ်ခံရလို့ဆို

ဇေကမ္ဘာ ဦးခင်ရွှေ ကြံ့ခိုင်ရေးပါတီက ထုတ်ခံရလို့ဆို

နေပြည်တော်(ဇန်နဝါရီ ၁၅)။ ။ တရားဝင် အကြောင်းကြာစာမရောက်သေးသော်လည်း ပါတီမှ ထုတ်ပယ်ခံရသည်ဟူသည့် သတင်းရထားသည်ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဇေကမ္ဘာကုမ္ပဏီအကြီးအကဲဖြစ်သူ အမျိုးသားလွှတ်တော်အမတ် ဦးခင်ရွှေက ဇန်နဝါရီ ၁၅ရက် ပြည်ထောင်စုလွှတ်တော်အစည်းအဝေး ရပ်နားချိန်တွင် ပြောသည်။

“တရားဝင်တော့ မလာသေးဘူး။ ဒီလိုပဲ ထုတ်တယ်လို့ပဲ ကြားတယ်။ ပြီးခဲ့တဲ့ ဟိုဒင်း(ရွေးကောက်ပွဲ)တုန်းက ဒေါ်အောင်ဆန်းစုကြည်ကို မဲထည့်မယ်ဆိုတော့ ပါတီစည်းကမ်းကို ဖျက်တယ်လို့ သူတို့ စိတ်ထဲမှာ ထင်တယ်” ဟု ဦးခင်ရွှေက ပြောသည်။

နိုဝင်ဘာရွေးကောက်ပွဲတွင် ကော့မှူးမြို့နယ်မှ အမျိုးသားလွှတ်တော်တွင် ဝင်ရောက်ယှဉ်ပြိုင်သော ဦးခင်ရွှေအနေဖြင့် ပြည်သူ့လွှတ်တော်တွင် ဝင်ပြိုင်သော ဒေါ်အောင်ဆန်းစုကြည်အား မဲထည့်ကြရန် ပြောဆိုခဲ့သည့်အတွက် ပါတီမှ ခေါ်ယူစစ်ဆေးခဲ့သေးသည်ဟုလည်း ဦးခင်ရွှေက ဆိုသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ထိပ်ပိုင်းခေါင်းဆောင်အချို့ကမူ အဆိုပါ ကိစ္စကို မသိကြောင်း ငြင်းဆိုသည်။

ဦးခင်ရွှေအနေဖြင့် ယနေ့ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ပါတီအမှတ်တံဆိပ် ရင်ထိုးကို ချိတ်ဆွဲထားခြင်း မရှိသည်ကိုလည်း တွေ့ရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly