ရီးယဲလ်မက်ဒရစ်နှင့် အက်သလက်တီကိုတို့အား ဖီဖာမှ အပြောင်းအရွှေ့ကာလနှစ်ခု ပိတ်ပင်

ရီးယဲလ်မက်ဒရစ်နှင့် အက်သလက်တီကိုတို့အား ဖီဖာမှ အပြောင်းအရွှေ့ကာလနှစ်ခု ပိတ်ပင်
စပိန်ကလပ်အသင်းနှစ်သင်းဖြစ်သည့် ရီးယဲလ်မက်ဒရစ်နှင့် အက်သလက်တီကိုတို့၏ အသင်းအကျင်္ီများကို ပေါ်တူဂီ၊ လစ္စဘွန်းစီတီးခန်းမရှိ ချန်ပီယံလိဂ်ပြခန်းတွင် ပြသသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - အီးပီအေ)

စပိန်ထိပ်သီးအသင်းကြီးများဖြစ်သည့် ရီးယဲလ် မက်ဒရစ်အသင်းနှင့် အက်သလက်တီကို မက်ဒရစ်အသင်းတို့အား ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) အသက် ၁၈ နှစ်အောက် ကစားသမားများ ခေါ်ယူမှုနှင့်ပတ်သက်ပြီး စည်းကမ်းချက်များနှင့် မညီညွတ်သည်ကို တွေ့ရှိရသည့်အတွက် အပြောင်းအရွှေ့ကာလနှစ်ခု ကစားသမား ဝယ်ယူခြင်း ပိတ်ပင်လိုက်ပြီ ဖြစ်သည်။

ယခုချမှတ်ခဲ့သော ပြစ်ဒဏ်သည် လက်ရှိဆောင်းရာသီ အပြောင်းအရွှေ့ဈေးကွက်တွင် အကြုံးဝင်ဦးမည် မဟုတ်ဘဲ လာမည့် ၂၀၁၆-၁၇ ရာသီ အပြောင်းအရွှေ့ကာလနှစ်ခုတွင်မှ အကြုံးဝင်မည် ဖြစ်သည်။

ရီးယဲလ်နှင့်အက်သလက်တို့၏ ဖြစ်စဉ်များသည် ဘာစီလိုနာအသင်း၏ ဖြစ်စဉ်နှင့် တူညီသည့် ဖြစ်စဉ်များဖြစ်သည်။ ဘာစီလိုနာအသင်းမှာ ဖီဖာမှချမှတ်ခဲ့သော ပြစ်ဒဏ်ကို အပြည့်အဝခံယူခဲ့ရပြီး ယခုအပြောင်းအရွှေ့ ကာလတွင်မှ ပြစ်ဒဏ်ပြီးဆုံးခဲ့ခြင်းဖြစ်သည်။

ဖီဖာ၏ ထုတ်ပြန်ကြေညာချက်တွင် စပိန်ကလပ် အသင်းနှစ်သင်းဖြစ်သည့် ရီးယဲလ်နှင့် အက်သလက်တို့သည် နိုင်ငံတကာ အပြောင်းအရွှေ့နှင့် အသက် ၁၈ နှစ်အောက် ကစားသမားများ ခေါ်ယူမှုများတွင် သတ်မှတ်ထားသည့် စည်းကမ်းများအား ချိုးဖောက်ခဲ့သည်ကို တွေ့ရှိရသည့်အတွက် ဖီဖာ၏ စည်းကမ်း ထိန်းသိမ်းရေးကော်မတီက ပြစ်ဒဏ်ချမှတ်လိုက်သည်။

“ကလပ်အသင်းနှစ်သင်းစလုံးသည် နိုင်ငံတကာမှ ကစားသမားများခေါ်ယူရာတွင် စည်းကမ်းများ ချိုးဖောက်ခဲ့သလို လူငယ်ကစားသမားများကို ပြိုင်ပွဲဝင်ရန် စာရင်းပေးသွင်းရာတွင်လည်း စည်းကမ်း ချိုးဖောက်ခဲ့သည်များကို တွေ့ရှိရသည်။ ထို့ကြောင့် ၎င်းတို့ နှစ်သင်းစလုံးအနေဖြင့် လာမည့် အပြောင်းအရွှေ့ကာလတွင် နိုင်ငံအဆင့်နှင့် နိုင်ငံတကာအဆင့် ကစားသမားများကို ဝယ်ယူခွင့်ရရှိမည် မဟုတ်” ဟု ပါရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly