တာချီလိတ်ခရိုင်တွင် ကျပ်သိန်းပေါင်း (၂၁၀၆) သိန်းကျော်ဖိုး မူးယစ်ဆေးများဖမ်းမိ

တာချီလိတ်ခရိုင်တွင် ကျပ်သိန်းပေါင်း (၂၁၀၆) သိန်းကျော်ဖိုး မူးယစ်ဆေးများဖမ်းမိ
photo - တာချီလိတ်မူးယစ်

ဇန်နဝါရီလ ၁၄ ရက် ။            ။ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့နယ်၊ မိုင်းပါလျှိုးအုပ်စု၊ နမ့်ကိုင်းရွာအနီး၌ ကျပ်သိန်းပေါင်း (၂၁၀၆) သိန်းကျော်ခန့် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိသည်ဟု သိရသည်။

ကျိုင်းလပ်မှ တာလေသို့လာသည့် VIGO တစ်ခန်းခွဲ အမျိုးအစား မော်တော်ယာဉ်နှင့် တာလေမှ ကျိုင်းလပ်သို့ လာသည့် Pajero IO အမျိုးအစား မော်တော်ယာဉ်တို့အား ရပ်တန့်စစ်ဆေးရှာဖွေရာမှ မူးယစ်ဆေးများ ဖမ်းမိခြင်းဖြစ်သည်။

ဇန်နာဝါရီ ၁၃ ရက်နေ့ မနက် ၄ နာရီကျော်ခန့်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ အမှတ် (၃၁၆) ခြေမြန် တပ်ရင်း၊ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့၊ မိုင်းပါလျှိုး နယ်မြေရဲစခန်း၊ သတင်းရဲ တို့ပါသည့် ပူးပေါင်းအဖွဲ့က သက်သေများ နှင့်အတူ စစ်ဆေးရမိခြင်းဖြစ်သည်။

ကျိုင်းလပ်မှ တာလေဘက်သို့လာသည့် VIGO တစ်ခန်းခွဲ အမျိုးအစား မော်တော်ယာဉ်အား ဦးစွာစစ်ဆေးရှာဖွေမိခြင်း ဖြစ်ပြီး ယာဉ်ပေါ်မှ တစ်အိတ်လျှင် အလေးချိန် (၂၅) ကီလိုခန့်စီပါ ကဖင်း (၁၉) အိတ်၊ စုစုပေါင်းအလေးချိန် (၄၇၅) ကီလို တွေ့ရှိပြီး ကာလတန်ဖိုး ကျပ်သိန်းပေါင်း ၃၅၆.၂၅ သိန်းခန့်ရှိသည်ဟု တာချီလိတ် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ က သတင်းထုတ်ပြန်ထားသည်။

ယာဉ်မောင်းနှင့် ဘေးမှ လိုက်ပါလာသူတို့ ၂ ဦးမှာ ထွက်ပြေးတိမ်းရှောင်သွားသည်ဟု ထုတ်ပြန်သည့် မူးယစ်ဆေးဝါး သတင်းက ဖော်ပြသည်။ ပိုင်ရှင် (တိမ်းရှောင်) တရားခံများအား မိုင်းပါလျှိုးနယ်မြေ ရဲစခန်းက မူးယစ်ပုဒ်မဖြင့် အရေးယူ ထားသည်ဟု သိရသည်။

ယင်းနောက် တာလေမှ ကျိုင်းလပ်သို့ လာသည့် Pajero IO အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာမှ ကာလတန်ဖိုး ကျပ်သိန်းပေါင်း (၁၇၅၀) သိန်းခန့်ရှိ WY စာတမ်းပါ ပန်းရောင် စိတ်ကြွဆေးပြား (၂၀၀၀) ပြားစီပါ (၃၅) ထုပ်၊ စုစုပေါင်းဆေးပြား (၇၀၀၀၀) ပြား အလေးချိန်အားဖြင့် (၇) ကီလိုဂရမ်ခန့်ကို တွေ့ရှိခြင်းဖြစ်သည်။

ယင်းယာဉ်နှင့်အတူပါလာကြသည့် လော်ရှီး (၂၂ နှစ်-ကျား)၊ လှဝင်း (၃၉ နှစ် ကျား)၊ ရှီးမွန် (၂၀ နှစ်-ကျား) တို့ (၃) ဦးကိုလည်း မိုင်းပါလျှိုးနယ်မြေရဲစခန်းက မူးယစ်ပုဒ်မဖြင့် အရေးယူထားသည်ဟုဆိုသည်။

၂၀၁၅ ခုအတွင်း တာချီလိတ်ခရိုင်အတွင်း စိတ်ကြွဆေးပြား ၁၂ သိန်းကျော် (၁,၂၃၀,၀၀၁ ပြား) နှင့် ကဖင်းမူးယစ်ဆေး ၈၄၃၂ ဒဿမ ၀၂၈ ကီလို ဖမ်းမိခဲ့သည်ဟု တာချီလိတ်မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

အလားတူ ဖမ်းမိသည့် အခြားမူးယစ်ဆေးအမျိုးအစားများမှာ ဘိန်းဖြူ၊ စိတ်ကြွဆေးမှုန့်၊ ဘိန်းဆီခဲ၊ ဘိန်းစိမ်း၊ ဘိန်းကင်ခြောက်၊ ဘိန်းချေး၊ ခပ်ခူး၊ အိုက်စ်၊ အက်ဖီဒရင်း၊ စိစစ်ဆဲ ဓာတုဆေးမှုန့်တို့ဖြစ်ပြီး တရားခံ အမျိုးသား ၂၆၉ ဦးနှင့် အမျိုးသမီး ၄၃ ဦး စုစုပေါင်း ၃၁၂ ဦးဖြစ်သည်ဟု သိရသည်။

မူးယစ်ဆေးများနှင့်အတူ သိမ်းဆည်းရမိသော သက်သေခံပစ္စည်းများမှာ လက်နက်မျိုးစုံ၊ ခဲယမ်းမျိုးစုံ၊ ဆက်သွယ်ရေးစက်၊ မော်တော်ယာဉ်၊ ဆိုင်ကယ်၊ စက်ဘီး၊ ထိုင်းနိုင်ငံသုံးဘတ်ငွေ၊ တရုတ်နိုင်ငံသုံးယွမ်းငွေ၊ မြန်မာငွေနှင့် စိတ်ကြွဆေးပြား ရိုက် စက်တို့ ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly