ထိုင်းတောင်ပိုင်းငြိမ်းချမ်းရေးအတွက် အကူအညီပေးလိုဟု အစ္စလာမ်အဖွဲ့ကြီး OIC ကမ်းလှမ်း

ထိုင်းတောင်ပိုင်းငြိမ်းချမ်းရေးအတွက် အကူအညီပေးလိုဟု အစ္စလာမ်အဖွဲ့ကြီး OIC ကမ်းလှမ်း

ဘန်ကောက်၊ ဇန်နဝါရီ ၁၄ ။             ။ ထိုင်းအစိုးရနှင့် ထိုင်းနိုင်ငံတောင်ပိုင်းရှိ ခွဲထွက်ရေးအုပ်စုများကြား ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လွယ်ကူချောမွေ့အောင် ဆောင်ရွက်ပေးသူအဖြစ် တာဝန်ထမ်းဆောင်ပေးလိုကြောင်း အစ္စလာမ်ဦးဆောင်အဖွဲ့ကြီးတစ်ခုဖြစ်သည့် အစ္စလာမ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC)က ကမ်းလှမ်းခဲ့သည်ဟု ယင်းအဖွဲ့ကြီး၏ အတွင်းရေးမှူးချုပ် အီယက်အာမီးန်အယ်လ်မာဒါနီက ပြောသည်။

ဇန်နဝါရီ ၁၂က ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာနှင့် တွေ့ဆုံဆွေးနွေးအပြီး အတွင်းရေးမှူးချုပ်က ပြောကြားခဲ့ခြင်းဖြစ်သည်။ OIC အဖွဲ့ကြီးကို နိုင်ငံတကာငြိမ်းချမ်းရေးနှင့် သဟဇာတဖြစ်ရေး စိတ်ဓါတ်ဖြင့် မွတ်စလင်တို့၏ အကျိုးစီးပွားကို ကာကွယ်ရန် ဖွဲ့စည်းခဲ့သည်။

ဘန်ကောက်သို့မရောက်မီ မစ္စတာမာဒါနီသည် Barisan Revolusi Nasional (BRN) အဖွဲ့၊ Gerakan Mujahideen Islam Patani အဖွဲ့ Barisan Islam Pembebasan Patani အဖွဲ့နှင့် Patani Lieberation Organisation (PULO) အဖွဲ့တို့ပါဝင်သော တောင်ပိုင်းခွဲထွက်ရေးအုပ်စု ခြောက်စု၏ ထီးရိပ်အဖွဲ့ကြီး Maha Patani ၏ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့သည်။

ထိုင်းနိုင်ငံတောင်ပိုင်းပြည်နယ်သုံးခုမှ အရပ်ဘက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များကိုလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ၎င်းတို့၏ကဏ္ဍများကို ဆွေးနွေးရေးအတွက် မလေးရှားတွင် ပြုလုပ်မည့် အစည်းအဝေးသို့ ဖိတ်ကြားခဲ့သည်ဟု ပတ္တာနီတက္ကသိုလ်မှ Deep South Watch ၏ ဒါရိုက်တာ ဒေါက်တာဆရီဆွမ်ပေါ့ဂျစ်ပိရွမ်ဆရီက ပြောသည်။

အစည်းအဝေးက ထိုင်းအရာရှိအချို့ကို ကျေနပ်မှုမရစေသော်လည်း လက်ရှိသွားနေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို တိုင်းတာရန် အသုံးဝင်မှုရှိခဲ့ကြောင်း မစ္စတာ မာဒါနီက ပြောသည်။ "အခြေခံ အားဖြင့်အားတော့ ဒါဟာ လူမှုစုဝေးမှုတစ်ခုပါပဲ။ အဲဒီမှာ ကျွန်တော်တို့ နေ့လည်စာစားရင်း သူတို့ပြောတာကို နားထောင်ခဲ့ရတယ်။ ကျွန်တော်တို့ ဒီကိုရောက်နေတာ သူတို့(ခွဲထွက်ရေးအုပ်စုများ) ကိုယ်စားပြောဖို့ဆိုဖို့မဟုတ်ပါဘူး"ဟု မစ္စတာ မာဒါနီက ပြောသည်။

တောင်ပိုင်းပဋိပက္ခနှင့် ပတ်သက်သည့် နိုင်ငံရေးအဖြေတစ်ခုကို ရှာဖွေရာတွင် နှစ်ဖက်စလုံးအနေဖြင့် အခြေခံမူသုံးခုကို လေးစားရန်လိုသည်ဟု ၎င်းကဆိုသည်။ "ထိုင်းနိုင်ငံ တစ်စုတစ်စည်းတည်း ရှိရေးမှာ ပြသနာမရှိသင့်ဘူး။ နံပါတ် ၂ အနေနဲ့ ထိုင်းလူမျိုးအားလုံးဟာ နိုင်ငံသားတွေဖြစ်ပြီး တူညီတဲ့အခွင့်အရေးနဲ့ တူညီတဲ့တာဝန်တွေရှိတယ်။ နံပါတ် ၃ကတော့ ထိုင်းဟာ ဘာသာတရား လွတ်လပ်ခွင့် အပြည့်ရှိတဲ့နိုင်ငံလို့ ကျွန်တော်တို့မြင်တယ်"ဟု မာဒါနီက ပြောသည်။

မည်သည့်အချိန်တွင် နောက်အကျော့ အစည်းအဝေးလုပ်မည်ကို လောလောဆယ်မသိရသေးပေ။ သို့သော်လည်း နှစ်ဖက်စလုံးက ၎င်းတို့အနေဖြင့် အဆက်အသွယ်မပြတ်ဘဲ တံခါးပိတ်အစည်းအဝေးများ ပုံမှန်ပြုလုပ်မည်ဟု ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ခဲ့သော ထိုင်းအရာရှိတစ်ဦးက ပြောသည်။

ထို့အပြင် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ရှိ မွတ်စလင်များအရေး မြန်မာနှင့် စေ့စပ်ညိနှိုင်းရေး အကူအညီပေးရန်လည်း မစ္စတာမာဒါနီက ထိုင်းကို အကူအညီတောင်းခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly