မာယန်ကို တစ်ရာသီစာချုပ်ဖြင့် ရန်ကုန်အသင်း ခေါ်ယူ

မာယန်ကို တစ်ရာသီစာချုပ်ဖြင့် ရန်ကုန်အသင်း ခေါ်ယူ
ရန်ကုန်ယူနိုက်တက်နှင့် တစ်ရာသီစာချုပ်ခဲ့သည့် မာယန် (ဓါတ်ပုံ-YUFC)

ဇန်နဝါရီ ၁၃၊ ရန်ကုန်။         ။ ရန်ကုန်ယူနိုက်တက်အသင်းသည် အသင်းနှင့်လမ်းခွဲခဲ့သော နည်းပြချုပ်အီမာဆင်၏နေရာတွင် ဧရာဝတီအသင်းနည်းပြ မာယန်အား တစ်ရာသီစာချုပ်ဖြင့်   ခေါ်ယူစာချုပ်လိုက်သည် ဟု ရန်ကုန်အသင်းအထွေထွေမန်နေဂျာ ဦးကျော်လင်းထွေးက ပြောသည်။

ဧရာဝတီနည်းပြမာယန်သည် ပြီးခဲ့သည့် ဘောလုံးရာသီတွင် ဧရာဝတီအသင်းအား ဗိုလ်ချုပ်အောင်ဆန်းဒိုင်းရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီး AFC Cup ဝင်ခွင့်ရအောင် လုပ်ဆောင်ပေးခဲ့သော်လည်း ယခုနှစ်ရာသီတွင် နည်းစနစ်ဒါရိုက်တာရာထူး ပြောင်းလဲခန့်အပ်ခဲ့သည့်အတွက် အသင်းနှင့် အဆင်မပြေဖြစ်ကာ စာချုပ်ဖျက်သိမ်းခဲ့သည်။

မက်ဆီဒိုးနီးယားနိုင်ငံသားမာယန်သည် မက်ဆီဒိုးနီးယားလူငယ်လက်ရွေးစင် ယူ-၁၅၊ ယူ-၁၇၊ ယူ-၁၉ အသင်းတို့ကို ကိုင်တွယ်ဖူးသည့်အပြင် ဧရာဝတီယူနိုက်တက်အသင်း၌လည်း ၂၀၁၂ ခုနှစ်တွင် MFF Digicel ရှုံးထွက်ဖလား၊ ၂၀၁၅ ခုနှစ်တွင် MFF Charity Cup နှင့် ဗိုလ်ချုပ်အောင်ဆန်းဒိုင်း များအား ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သူ ဖြစ်ပြီး ၂၀၁၅ ခုနှစ် AFC Cup တွင်လည်း အုပ်စုတွင်း ရှုံးပွဲမရှိဘဲ ရှုံးထွက်အဆင့်သို့ ရောက်ရှိအောင် စွမ်းဆောင်ပေးခဲ့သည့် နည်းပြတစ်ဦးဖြစ်သည်။

နည်းပြသစ်မာယန်နှင့် ပတ်သက်၍ “ အီမာဆင်ကို နှစ်ဦးသဘောတူ စာချုပ်ဖျက်လိုက်တာပါ။ သူ့အစား ဧရာဝတီက မာယန်ကို တစ်ရာသီစာချုပ်နဲ့ အသင်းကို ခေါ်ယူလိုက်ပါပြီ။

ဒီညနေ (ဇန်နဝါရီလ ၁၃) ရက် ကစပြီး အသင်းလေ့ကျင့်ခန်းအစီအစဉ်မှာ ဝင်ရောက်လုပ်ဆောင်သွားမှာပါ။ ဒီလာမယ့် ဟံသာဝတီနဲ့ပွဲ ကိုလည်း သူ့ရဲ့ ပထမဦးဆုံးပွဲအဖြစ် ကိုင်တွယ်သွားမှာပါ။ သူက နည်းပြကောင်းတစ်ယောက်ပါ။ AFC Cup အတွေ့အကြုံကောင်းတွေလည်း သူ့မှာ အများကြီးရှိပါတယ် ” ဟု ဦးကျော်လင်းထွေးက ပြောသည်။

ရန်ကုန်ယူနိုက်တက်အသင်းသည် ယခုနှစ် ၂၀၁၆ ဘောလုံးရာသီ မြန်မာနေရှင်နယ်လိဂ်အဖွင့်ပွဲစဉ်တွင် မကွေးအသင်းကို ၁-၂ ဖြင့် ရှုံးနိမ့်ထားပြီး လာမည့် ဇန်နဝါရီ ၁၇ ရက်တွင် လိဂ်ဒုတိယပွဲစဉ်အဖြစ် ဟံသာဝတီအသင်းနှင့် သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly