စိတ်အားငယ်သူတွေဟာ အရာရာမှာ ရှုံးနိမ့်တဲ့သူဖြစ်စေမယ်လို့ ပြောဆိုတဲ့ ငါးဘာသာဂုဏ်ထူးရှင် မရွှေရည်ဝင်း

13 January 2016
စိတ်အားငယ်သူတွေဟာ အရာရာမှာ ရှုံးနိမ့်တဲ့သူဖြစ်စေမယ်လို့ ပြောဆိုတဲ့ ငါးဘာသာဂုဏ်ထူးရှင် မရွှေရည်ဝင်း

ဇွန်လ ၆ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ တက္ကသိုလ်ဝင်တန်း စာမေးပွဲမှာ ဂုဏ်ထူး ငါးဘာသာနဲ့ ထူးထူးချွန်ချွန်အောင်မြင်ခဲ့တဲ့ မရွှေရည်ဝင်းဟာ မိခင်ကို အကြော်ကူရောင်းရင်း ပညာကြိုးစားသူ အဖြစ် လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ ချီးကျုး ဂုဏ်ပြု ခံခဲ့ရပါတယ်။ ဒီလို ထူးချွန်တဲ့ သမီးတစ်ဦးကို ပျိုးစုပျိုးထောင်ပေးခဲ့တဲ့ မိခင်ကြီးကို   မြန်မာအသိုက်အဝန်းထဲက အမျိုးသမီးအစီစဉ်က ဂုဏ်ပြုတွေ့ဆုံစကားပြောခဲ့ပါတယ်။

သမီးဖြစ်သူ မရွှေရည်ဝင်းက သူ့မိခင်ဆီက သူရတဲ့ နမူနာကောင်းကို အခုလိုပြောပြပါတယ်။

အမေက ဝီရိယ အရမ်းကောင်းတယ် အခုအချိန်အထိ ဆိုင်ပိတ်တဲ့ရက်ဆိုလို့ သမီးအငယ်လေး ကတည်းက  ၁၀ နှစ်ကျော်အတွင်းမှာ ဆိုင်ပိတ်ခဲ့တာဆိုလို့ တစ်ရက် နှစ်ရက်ပဲ ရှိတယ်။ ဘယ်တော့မှ ဆိုင်မပိတ်ဘူး။ ဘယ်လောက်ပဲ နေမကောင်း ဖြစ်နေသည်ဖြစ်စေ ဘယ်လောက်ပဲ ချုချာနေသည် ဖြစ်စေ ဘယ်လောက်ပဲ အားမရှိနေသည် ဖြစ်စေ ဝီရိယ မလျော့ဘူး။ အဲလို ဇွဲနဲ့ပေါ့နော်။ အမေက ဇွဲ၊ ဝီရီယ အမေက အရမ်းကြီးမားတယ်။ အဲတာ သမီးအတွက် နမူနာကောင်း အချက်ပါပဲ။

ပြီးတော့ မရွှေရည်ဝင်းရဲ့မိခင် ဒေါ်နွယ်နီဝင်းက သားသမီးတွေ ငယ်ရွယ်စဉ်မှာပဲ ဘဝကိုဘယ်လိုရုန်းကန်ရပ်တည်ခဲ့ရသလည်းဆိုတာ ရှင်းပြပါတယ်။

ယောက်ျားနဲ့ အဆင်မပြေဖြစ်ပြီးတော့ ယောကျ်ားက မပေး မကျွေးလို့ ဆင်းလာတာပေါ့နော်။ ကလေး တစ်ယောက်နဲ့ ငါလုပ်ကျွေးမယ်။ ဆင်းလာတော့ ယောကျ်ားကလည်း လိုက်မခေါ်ဘူး။

သူတို့နှစ်ယောက်ရဲ့ စားဝတ်နေရေးအတွက်ကော နေစရိတ်အတွက်ကော ဒီအကြော်တစ်ခုတည်းနဲ့ လုပ်ကိုင်ကျွေးတာပေါ့နော်။ ဘာမှလဲ ဟုတ်တိပါတ်တိလည်း မလုပ်တတ်ဘူး။ ဒီတစ်ခုပဲ စွဲစွဲမြဲမြဲ လုပ်ခဲ့တယ်။

အစ်မက အဝေးသင်တက္ကသိုလ်က ၁၉၉၆ ခုနှစ်မှာ ပြီးတယ်။ BSc(Zool) နဲ့ ပေါ့နော်။ ဆယ်တန်းအောင်တဲ့ နှစ်မှာ ကျောင်းဆရာမခေါ်တာ လျှောက်တော့ ပါသွားတယ်။ ပါတော့ ကျိုက်လတ်မြို့နယ်ကို ရောက်သွားတယ်။ ကျိုက်လတ်မြို့နယ်၊ နတ်စဉ်ဝါ ကျေးရွာ အဲမှာပဲ ၈နှစ်ကြာပြီးတော့ အိမ်ထောင်ကျတယ်။ အိမ်ထောင်ကျပြီးတော့ အိမ်ထောင်ရေး အဆင်မပြေဘူး။ အဆင်မပြေတော့ ကလေးနှစ်ယောက်နဲ့ ကွဲတယ်။ ကွဲပြီးတော့မှ အဲမှာ အမေဆီ ပြန်ရောက်လာတယ်။ အမေဆီ ပြန်ရောက်တော့ စားဖို့ သောက်ဖို့ နေဖို့ ထိုင်ဖို့ စရိတ်က ရှိတယ်လေ။ ဒီအကြော်လုပ်ငန်းကိုပဲ အဲဒီအချိန်ကတည်းက တစ်စိုက်မတ်မတ်ပါပဲ။

အကြော်လေးက စကြော်ကတည်းက မဆိုးပါဘူး ရောင်းရပါတယ်။ ပင်ပန်းတယ်။ ကလေးနှစ်ယောက်ကလည်း လက်မလွတ်သေးတော့ ကလေးလေးက ငိုလို့ အမေ့နား ကပ်ချင်လို့ ငယ်သေးတာကိုး တစ်နှစ်ခွဲပဲ ရှိသေးတယ်။ အငယ်ကောင်လေးက အဲတာနဲ့ ကပ်လို့မရဘူး။ အိပ်ရာထလို့ အမေ့နားမှာ နေချင်လို့ မနေရဘူး။  မနေရတဲ့ အခါမျိုးတွေမှာ စိတ်ဆင်းရဲရတာပေါ့။ အမေက အလုပ်လုပ်နေရတာကိုး။ ကိုယ်က ဘယ်လိုပြောမလဲဆိုရင် ဖခင်တာဝန်ရော မိခင်တာဝန်ကော ကိုယ်တစ်ယောက်တည်းပဲ ယူရတာလေ။ စီးပွားရှာတာရော ပြုစုတာကော ဆိုတော့ သူများတကာ အမေတွေလို သေသေချာချာ ဂရုမစိုက်နိုင်ဘူး။ တော်ရုံတန်ရုံက ပစ်ထားတယ်။ ရွှေရည်ဝင်းက ငယ်ငယ်လေးကတည်းက အဲကလေး လေးကို ထိန်းရတယ်။ ရွှေရည်ဝင်းက သနားဖို့ကောင်းတယ်။ ဉာဏ်လေးက မဆိုးဘူး။ မဆိုးပေမယ့်လို့ နှစ်တန်းကနေ တစ်နေကုန်လည်း လုပ်ရတယ်ဆိုတော့လေ ရွှေရည်ဝင်းက ခိုင်းလို့ရတယ်။ သမီး ဝယ်သူလာလို့ရှိရင်လေ အိတ်ကလေးနဲ့ ဖွင့်ထည့်ပေးလိုက် ပိုက်ဆံအမ်းတတ်လား မအမ်းတတ်လို့ ရှိရင်လည်း နေ အမေ လှည့်အမ်းပေးမယ်။  အဲနှစ်တန်းလောက်ကတည်းက ရွှေရည်ဝင်းကို စပြီး ခိုင်းရတယ်။

ကိုယ်က တတ်နိုင်သလောက်ပြုစုပေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်လုပ်ရတဲ့ အလုပ်က အရမ်းပင်ပန်းတယ်။ တစ်ဝန်းတစ်ခါးအတွက် ပြေလည်အောင်ဆို လုပ်ရတာ အရမ်းပင်ပန်းတဲ့ ခါကျတော့ ကိုယ့်သားသမီးကျတော့ ကိုယ်လို မပင်ပန်းစေချင်ဘူး။ မိခင်တစ်ယောက်ရဲ့ မေတ္တာပေါ့။ အဲတော့ ကိုယ့်လိုဖြစ်မှာ အရမ်းကြောက်တယ်။ အမေကလေ အဲလိုပဲ သားမီနှစ်ယောက် တွဲသွားလို့ ရှိရင် သမီးကိုလေ ပန်ကာအောက်မှာလေ ဖြစ်စေချင်တာ။ အဲလိုကြောင့် သမီးကို ပညာသင်တာ သမီးက ဉာဏ်ကောင်းတယ်။ စာကြိုးစား၊ အမေတို့လို ဆင်းဆင်းရဲရဲ ပင်ပင်ပန်းပန်း နဲ့ မလုပ်ရအောင် ပညာတတ်ကြီး ဖြစ်အောင် စာကြိုးစား။ အဲလိုပြောပြီး ကြိုးစားခိုင်းတာပါပဲ။

အဲခါကျတော့ အမေက ပြောတာ ပြောတာပဲ ကိုယ့်နားထဲမှာ အဲလောက်ပဲ ဝင်တယ်။ အမေရဲ့ မေတ္တာရဲ့ နက်ရှိုင်းမှုကို မသိခဲ့ဘူး။ ကိုယ့်အလှည့်ကျတော့မှ ကိုယ့်သားသမီးပေါ် ထားတဲ့ မေတ္တာဟာ ရင်ထဲမှာ ဖြစ်စေချင်တာ အရမ်းပဲ အဲမေတ္တာကို ပါးစပ်နဲ့ ထုတ်ဖော် မပြောတတ်လို့သာ မပြောတာ။ အမေတုန်းက ပြောတဲ့စကားကို နားမလည်လို့ ကိုယ့်သားသမီးကျမှ အဲမေတ္တာကို ကိုယ့် သိတော့တယ်။ ကိုယ့်အမေလည်း ဒီလိုပဲ ကိုယ်လိုပဲ နေမှာပေါ့နော်။ သူလဲ အဲလိုပဲ သားသမီးပေါ် ဖြစ်စေချင်ခဲ့တာ ဖြစ်မယ်။ အခုကိုယ်တွေ့ကျမှ သိတော့တယ်။

တစ်နေကုန် မနားရတဲ့ အခါကျတော့ သူတို့ကို နိုင်သလောက်လေး နည်းနည်းချင်း ခိုင်းတာ။ ခိုင်းလာတဲ့ အခါတွေကျတော့ စာဖက်မှာ သူ့ကို သူများတကာတွေလို အဲဒီဘက်မှာ အဲလောက် အချိန်မပေးနိုင်ခဲ့ဘူး။ ဆယ်တန်းနှစ်လည်း ကျရော သူ့ရဲ့ တီချယ်ကြီးနေပြီးတော့ အန်တီကို ခေါ်ပြောတယ်။ ဒီကလေးလေးက ဉာဏ်ရည်လေးလည်း မဆိုးဘူးတဲ့  ဆယ်တန်းဆိုတာ မျိုးဟာတဲ့ ကလေးတစ်ယောက်တည်း ကြိုးစားလို့ မရဘူးတဲ့ တီချယ်ကြီးက အန်တီကို ခေါ်ပြောတာ။  ဆယ်တန်းဆိုတာ ကလေးတစ်ယောက်တည်း ကြိုးစားလို့ မရဘူး နောက်က မိဘကလည်း ပံ့ပိုးပေးရတယ်တဲ့။ အဲတော့ မိဘကလည်း ဂရုစိုက်ပေးရတယ်တဲ့  ဂရုစိုက်ပေးဖို့ တီချယ်ကြီးက ခေါ်ပြော တယ်။. ခေါ်ပြောတဲ့ အခါကျတော့ ဒီနှစ်ဆယ်တန်းကလည်း အရေးကြီးတယ်ပေါ့နော်။  အဲတာနဲ့ ရွှေရည်ဝင်းကို အကြော်တွေ ဘာတွေ ရွှေရည်ဝင်းကို မပို့ခိုင်းတော့ ဘူး။ မပို့ခိုင်းပဲနဲ့ ရန်ဖန်ရန်ခါတို့ အားတဲ့အခါတို့ အငယ်ကောင်လေး အငယ်ကောင်းလေးက အဲအချိန်ကို ပို့ပေးတယ်။ လူအုံကျနေတဲ့ အခါမျိုးဆိုရင်တော့ ရွှေရည်ဝင်းကို  အဓိကထားပြီး ခေါ်တော့တယ်။ ကျန်တဲ့အချိန် ကတော့ ရွှေရည်ဝင်းကို စာကျက် စာကျက်နဲ့ အမြဲတမ်း သတိပေးနေတာ။ ဒီမှာ အမေတို့ လုပ်တာ အရမ်းပင်ပန်းတယ်။ သမီးကို ပညာသင်ပေးတာ။ ဆယ်တန်းကို ရိုးရိုးတန်းတန်း အောင်တာနဲ့ စာရင် ဂုဏ်ထူးလေးနဲ့ အောင်တာ ပိုမကောင်းဘူးလား။ လိုင်းကောင်းလေး ရတာပေါ့။ ဆယ်တန်းမှာ အမှတ်တစ်မှတ်က အရမ်းတန်ဖိုး ရှိတာ။ ကြိုးစားပါ သမီးရဲ့ အနားက အမြဲတမ်း ပြောပြခဲ့တယ်။

မိခင်ဖြစ်သူ ဒေါ်နွယ်နီဝင်းက အခုလို အကြော်ရောင်းရင်း သမီးဖြစ်သူ မရွှေရည်ဝင်းကို ပြုစုပျိုးထောင်ပေးခဲ့သလို သမီးဖြစ်သူကလည်း စာကြိုးစားပုံနဲ့ မိခင်ရဲ့စကားနားထောင်ပုံကို အခုလိုပြောပြပါတယ်။

ဆယ်တန်းမှာကျတော့ သမီးက ပုံမှန်လေးပေါ့နော်။ တစ်နေ့ကို ညခြောက်နာရီလောက် ဝအောင်အိပ်၊ ကျန်တဲ့အချိန်တွေက စာကျက်ချိန်တွေကြီးပဲ။ စာနဲ့ မျက်နှာနဲ့ လုံးဝ မခွာတဲ့ နေ့တွေက များတာပေါ့။ နောက်ပြီးတော့ အမေကလည်း ဘေးနားကနေ ပံ့ပိုးပေးတာပေါ့။ အမေလည်း ည အိပ်ရေးပျက်ပေါင်းလည်း များတာပေါ့။ သမီးလည်း ကျန်းမာရေး ချို့တဲ့ အမေလည်း  ကျန်းမာရေး ချို့တဲ့ အဲလိုမျိုး အခက်ခဲတွေ အများကြီး ရှိတာပေါ့လေ။ ကျန်းမာရေးကလည်း အဖွားကလည်း ကျန်းမာရေး ချို့တဲ့ အမေကလည်း ခါးတွေနာ လေးဘက်နာတွေ ပြန်ထ အဲလိုမျိုး ရှိခဲ့တာပေါ့။ ညလုံးပေါက် စာကျက်ခဲ့တာတော့ အဲလောက်ကြီး မဟုတ်ပါဘူး ပုံမှန်လေးပဲ မနက်လေးနာရီလောက်ထတယ်။ ညကျရင် ဆယ်နာရီခွဲ ဆယ်တစ်နာရီလောက်ဆို အိပ်တယ်။

သမီးက အင်ဂျင်နီယာ ဖြစ်ချင်တာ။ ငယ်ငယ်လေး ကတည်းကပေါ့နော်။ အမေကလည်း သမီး တဲ့ ဒီဆယ်တန်းစာမေးပွဲကို နှစ်ချင်းပေါက်အောင် တော့ ဖြေပါနော်တဲ့။ အမေဘယ်လောက်ပဲ ပံ့ပိုးရ ပံ့ပိုးပါ့မယ်တဲ့။ အမေလည်း ကြိုးစားမယ်။ သမီးလည်း ကြိုးစားပေါ့နော်။ အဲလိုကြိုးစား အရာထင်တော့ ကောင်းတာပေါ့တဲ။ အမေ့ကိုတော့ သမီး သနားတာပေါ့။ အဖေသာ တကယ်လို့ ရှိခဲ့မယ်ဆိုရင် အမေလည်း အဲလို အလုပ်မလုပ်ရဘူး။ ဆီပူလည်း မလောင်ဘူး။ အခြားရောဂါတွေလည်း မရဘူး။ ကျန်းကျန်းမာမာနဲ့ အိမ်မှာ အိမ်မှု ကိစ္စတွေပဲ လုပ်နေရမှာပေါ့။ အခုကျတော့ မနက်မိုးလင်း အစောကြီးထ အကြော်အပူထဲမှာ မနက်မိုးလင်းတာနဲ့ ကပ်ရတယ်ဆိုတော့လေ စိတ်တော့ မကောင်းပါဘူး။ ဒါပေမယ့် အမေကတော့ အမြဲတမ်း စိတ်အားမငယ်ပါနဲ့လို့တော့ ပြောပါတယ်။ အဖေမရှိပေမယ့် အမေရှိတယ်။ အဖွားရှိတယ်။ မောင်လေးရှိတယ်။ အဲသုံးယောက်ရှိရင် ရပြီပေါ့နော်။ ဘာမှလဲ စိတ်အားငယ်စရာ မလိုဘူး။ စိတ်အားငယ်တဲ့သူကတော့ အမြဲတမ်းပဲ အရာရာမှာ ရှုံးနိမ့်တဲ့ သူပဲ ဖြစ်ရတယ်ပေါ့။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly