လူငယ်ကွင်းလယ်ကစားသမား ဒယ်လီအယ်လီကို စပါးအသင်း ငါးနှစ်ခွဲသက်တမ်းတိုးစာချုပ် ချုပ်ဆို

လူငယ်ကွင်းလယ်ကစားသမား ဒယ်လီအယ်လီကို စပါးအသင်း ငါးနှစ်ခွဲသက်တမ်းတိုးစာချုပ် ချုပ်ဆို

လန်ဒန်၊ ဇန်နဝါရီ ၁၃ ။             ။ စပါးအသင်းသည် ယခုနှစ်တွင် ခြေစွမ်းပြလျက်ရှိသည့် လူငယ်ကွင်းလယ်ကစားသမား ဒယ်လီအယ်လီကို တစ်ပတ်လုပ်ခလစာငွေ ပေါင် နှစ်သောင်းခွဲဖြင့် ငါးနှစ်ခွဲသက်တမ်းတိုးစာချုပ် ချုပ်ဆိုလိုက်ပြီ ဖြစ်သည်။

စာချုပ်သစ်ချုပ်ဆိုလိုက်ခြင်းကြောင့် အယ်လီသည် တစ်ပတ်လစာငွေ ပေါင် ၁၂,၀၀၀ မှ ပေါင် ၂၅,၀၀၀ သို့ တိုးမြင့် ရရှိမည်ဖြစ်သည်။ အယ်လီသည် အမ်ကေဒွန်းအသင်းတွင် အငှားသွားရောက်ကစားပြီး ပြီးခဲ့သည့်နှစ် ဇန်နဝါရီလကမှ စပါးအသင်းသို့ ပြန်လည်ရောက်ရှိလာသူဖြစ်သည်။

ပြီးခဲ့သည့် ၂ နှစ်က အမ်ကေဒွန်းအသင်းမှ အယ်လီကို စပါးအသင်းခေါ်ယူချိန်တွင် လစာငွေမှာ ပေါင် ၃၅၀၀ သာရရှိခဲ့သည်။ ထို့ကြောင့် ၎င်း၏လစာငွေမှာ များစွာတိုးမြင့်လာခဲ့သည်။ စာချုပ်သစ်အရ အယ်လီသည် စပါးအသင်းတွင် ၂၀၂၁ ခုနှစ်အထိ ရှိနေမည် ဖြစ်သည်။

စပါးအသင်းနှင့်စာချုပ်ချုပ်ဆိုပြီးနောက်တွင် အယ်လီက ၎င်းငယ်ငယ်ကပုံနှင့် စာချုပ်ချုပ်နေသည့်ပုံတို့ကို တွဲဖက်ကာ တွစ်တာတွင် တင်ခဲ့ပြီး ငါးနှစ်အတွင်းအများကြီးပြောင်းလဲသွားပြီ ဟု ရေးသားခဲ့သည်။

အယ်လီသည် ယခုနှစ်တွင် စပါးအသင်းအတွက် ခြေစွမ်းပြကစားနိုင်သည့်အတွက် အင်္ဂလန်လက်ရွေးစင်အသင်းကြီးမှာပင် ရွေးချယ်ခံခဲ့ရသည်။ စပါးအသင်းအတွက် ၂၅ ပွဲတွင် ငါးဂိုးသွင်းယူပေးထားပြီး အင်္ဂလန်အသင်းတွင် လေးပွဲကစားကာ တစ်ဂိုးသွင်းယူထားသည်။

စပါးအသင်းသည် ကွင်းလယ်လူဒမ်ဘီလီနှင့် တိုက်စစ်မှူး ဟယ်ရီကိန်းတို့ကိုလည်း စာချုပ်သစ်ချုပ်ဆိုရန် ကြိုးပမ်းလျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly