ဆွမ်ဆီးကွင်းလယ်လူ ရှယ်ဗေးကို ပေါင် ၁၂ သန်းဖြင့် နယူးကာဆယ်အသင်းခေါ်ယူ

ဆွမ်ဆီးကွင်းလယ်လူ ရှယ်ဗေးကို ပေါင် ၁၂ သန်းဖြင့် နယူးကာဆယ်အသင်းခေါ်ယူ

ဇန်နဝါရီ ၁၃၊ နယူးကာဆယ် ။             ။ နယူးကာဆယ်အသင်းသည် ပရီးမီးယားလိဂ် တန်းဆင်းဇုန်ပြိုင်ဘက် ဆွမ်ဆီးအသင်းထံမှ ရှယ်ဗေးကို ပေါင် ၁၂ သန်းဖြင့်ခေါ်ယူလိုက်ပြီ ဖြစ်သည်။
အသက် ၂၃ နှစ်အရွယ်ရှိ ကွင်းလယ်ကစားသမားသည် အင်္ဂါနေ့တွင် နယူးကာဆယ်အသင်းနှင့် ငါးနှစ်ခွဲစာချုပ်ချုပ်ဆိုခြင်းမရှိမီ ဦးစွာ ဆေးစစ်မှုခံယူခဲ့သည်။

"စာချုပ်နိုင်ခဲ့လို့ ပျော်ပါတယ်။ ကျွန်တော်ဒီကိုရောက်ဖို့ တစ်ညလုံးကားမောင်းလာခဲ့ရတာကြောင့် စိတ်လှုပ်ရှားဖို့ကောင်းတဲ့ ၂၄ နာရီဖြစ်ခဲ့ပါ တယ်။ ဒါပေမဲ့ ဒီလိုအသင်းမျိုးမှာကစားရမှာဖြစ်လို့ တန်တယ်လို့ဆိုရမယ်"ဟု လီဗာပူးလ်ကစားသမားဟောင်း ရှယ်ဗေးက ဆိုသည်။

နယူးကာဆယ်နည်းပြ မက္ကလာရင်ကလည်း ရှယ်ဗေးသည် ငယ်ရွယ်ပြီးအတွေ့ကြုံရှိသည့် အင်္ဂလိပ်ကွင်းလယ်ကစားသမားတစ်ဦးဖြစ်သည်ဟု ချီးကျူးခဲ့သည်။ အင်္ဂလန်အတွက် ခြောက်ပွဲကစားခွင့် ရထားသော ရှယ်ဗေးသည် ဆီနီဂေါကွင်းလယ်လူ ဆိုင်ဗက်ပြီးနောက် ဇန်နဝါရီလအတွင်း နယူးကာဆယ် အသင်းခေါ်ယူသည့် ဒုတိယမြောက်ကစားသမားဖြစ်လာခဲ့သည်။

၂၀၀၉ တွင် ဘော်ဒိုးအသင်းနှင့်အတူ ပြင်သစ်လိဂ်-၁ ဖလားရခဲ့ပြီး ၂၀၁၅ အာဖရိကဖလားပြိုင်ပွဲဝင် ဆီနီဂေါအသင်းတွင်ပါဝင်ခဲ့သည့် အသက် ၂၅ နှစ်အရွယ် ဆိုင်ဗက်သည် နယူးကာဆယ်အသင်းသို့ မဖော်ပြသည့်ပြောင်းရွှေ့ကြေးဖြင့်ရောက်လာပြီး ငါးနှစ်ခွဲစာချုပ်ခဲ့သူဖြစ်သည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly