ထိုင်းဖွဲ့စည်းပုံ ဥပဒေသစ်က မီဒီယာဆင်ဆာဖြတ်ပိုင်ခွင့်ကို အစိုးရထံ ပို၍ အာဏာပေးထား

ထိုင်းဖွဲ့စည်းပုံ ဥပဒေသစ်က မီဒီယာဆင်ဆာဖြတ်ပိုင်ခွင့်ကို အစိုးရထံ ပို၍ အာဏာပေးထား

ဘန်ကောက်၊ ဇန်နဝါရီ ၁၃ ။          ။ ထိုင်းနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ဖြင့် အစိုးရထံတွင် မီဒီယာများအပေါ် ဆင်ဆာတင်းကြပ်ပိုင်ခွင့် အာဏာ ပိုမိုရှိထားရန် ဖွဲ့စည်းပုံရေးဆွဲရေးကော်မတီ CDC က စီစဉ်ရေးဆွဲလျက်ရှိနေသည်။

၂၀၀၇ ဖွဲ့စည်းပုံအရ စစ်ပွဲကာလအတွင်း ပုံနှိပ်မီဒီယာများအပေါ် ဆင်ဆာဖြတ်ပိုင်ခွင့်တွင် CDC က ထပ်မံဖြည့်စွက်လျက် နိုင်ငံရေးအခက်အခဲကာလများနှင့် ၂၀၁၄ ခုနှစ်က စစ်တပ်အာဏာသိမ်းမှုဖြစ်စေ သည့် လမ်းပေါ်ထွက်ဆန္ဒပြမှုများကဲ့သို့ ပုံမှန်မဟုတ်သည့် အခြေအနေများတွင်လည်း ဆင်ဆာဖြတ်ပိုင်ခွင့်ကို ထည့်သွင်းရေးဆွဲထားသည်။

အရေးပေါ်အခြေအနေကြေညာခြင်းနှင့် မာရှယ်လောထုတ်ထားခြင်း အခြေအနေများတွင် အစိုးရက မီဒီယာများကို ဆင်ဆာဖြတ်ပိုင်ခွင့် ရှိမည်ဖြစ်ကြောင်း CDC ပြောရေးဆိုခွင့်ရှိသူ အွတ်ဒွမ်ရတ် သာမာရစ်က ဇန်နဝါရီ ၁၂ ရက်က ပြောခဲ့သည်။

"နိုင်ငံမှာ ပုံမှန်မဟုတ်တဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေရရင် မီဒီယာများက ပူးပေါင်းသင့်ပါတယ်။ ဒီလိုမှ မဟုတ်ရင် စည်းမျဉ်းဥပဒေတွေ ပြဌာန်းဖို့ အခက်အခဲဖြစ်မှာဖြစ်သလို ဖရိုဖရဲ အခြေအနေတွေ ပေါ်ပေါက်လာရမှာပဲဖြစ်တယ်။ ပုံမှန်အတိုင်းပဲဆိုရင်တော့ ကျွန်တော်တို့က မီဒီယာလုပ်ငန်းကို ကာကွယ်ပေးသွားမှာပါ။"ဟု အွတ်ဒွမ်က ပြောသည်။

CDC က ယခုကဲ့သို့ ဆုံးဖြတ်ခြင်းသည် ၂၀၁၃ နှင့် ၂၀၁၄ ခုနှစ်များက နိုင်ငံရေးဆန္ဒပြမှုများ ပေါ်ပေါက်ခဲ့မှုအပေါ်တွင် အခြေခံယူ၍ ဆုံးဖြတ်ခြင်းဖြစ်သည်။ တစ်ချို့သော မီဒီယာများက ယင်းအချိန်က ဆန္ဒပြမှုများကို လှုံ့ဆော်ခဲ့ကြောင်း ပြောကြားသည်။

ထိုင်းအမျိုးသားပုံနှိပ်မီဒီယာကောင်စီက ရပ်တည်မှုနှင့် ပတ်သက်ပြီး သတိပေးခဲ့ခြင်းကြောင့် သတင်းစာတစ်ချို့ ကောင်စီမှ ထွက်သွားကြကြောင်း အွတ်ဒွမ်က ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly