သမိုင်းဝင် နေရာဒေသများကို စနစ်တကျ စီမံကွပ်ကဲ ထိန်းသိမ်းထားရှိရေး

သမိုင်းဝင် နေရာဒေသများကို စနစ်တကျ စီမံကွပ်ကဲ ထိန်းသိမ်းထားရှိရေး

ယခုရက်ပိုင်းအတွင်း မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ပေါင်းလောင်းတောင်ကြောပေါ်က ကျိုက်ထီးရိုးစေတီတွင် ဘုရားဖူးခရီးသည်များ လွန်စွာများပြားလှသည်ကို သတင်းများတွင် ဖတ်ကြရ ပါသည်။

ဘုရားဖူးခရီးသည်များ များပြားသည့်အတွက် တည်းခိုရန်နေရာ အခက်အခဲ တွေ့ကြုံရသည့် သတင်းများကိုလည်း ဖတ်ကြရ၏။ ဘုရားဖူးခရီးသည် များလွန်းသည့်အခါ ထုံးစံအတိုင်း စွန့်ပစ်ပစ္စည်း များသည်လည်း နေရာအနှံ့ စည်းကမ်းတကျမဟုတ်ပဲ စည်းကမ်းမဲ့ စွန့်ပစ်သည့်အမှုသည်လည်း ကြီးထွားလာခဲ့သည်။ ဘုရားဖူးခရီးသည်များ များပြားလာသဖြင့်လည်း တည်းခိုရန်နှင့် လူနေအိမ်များ၊ ဈေးဆိုင်များ ပိုမို များပြားလာခဲ့ရပါသည်။

ယခုအခါ နိုင်ငံတော်သမ္မတကြီး ကိုယ်တိုင်က ယင်းကျိုက်ထီးရိုး စေတီကုန်းတော်ပေါ်တွင် အဆောက်အဦးများ စနစ်တကျဆောက်လုပ်ရေး၊ ဘုရားဖူးခရီးသည်များ လုံခြုံအေးချမ်းစွာ တည်ခိုနိုင် ရေးနှင့် ကျန်းမာရေးနှင့် ညီညွတ်စေသည့် သန့်ရှင်းမှုများ ဆောင်ရွက်ရေးကအစ ပြုပြင်ဆောင်ရွက်ကြ ဖို့ မှာကြားရသည်အထိ ရှိလာပါသည်။

အမှန်တကယ်အားဖြင့်ဆိုလျင် ယင်းကဲ့သို့ ထိရောက်စွာ အရေးယူဆောင်ရွက်ရန် ကိစ္စမှာ နောက်ပင်ကျနေပြီ ဖြစ်သည်။ ကျိုက်ထီးရိုးစေတီ ကုန်းတော်ပေါ်နှင့် ကုန်းတော်တဝိုက်တွင် နောက်ထပ် အဆောက်အဦးများ ထပ်ဆောက်ရန် မြေနေရာပင် မရှိလောက်အောင် ပြည့်ကြပ်နေပြီ ဖြစ်သည်။ အဆိုးဆုံးမှာ ဘုရားရင်ပြင်တော်ပေါ်မှာတွင် တည်းခိုခန်းများ ဆောက်လုပ်ထားခြင်း ဖြစ်သည်။

ဥပမာအနေနှင့် ပြောရလျင် ဘုရားစေတီရှိရာ ဦးတည်လာရာ လမ်းဘေးတစ်ဘက်တစ်ချက် တွင် မဟုတ်ဘဲ၊ စေတီရင်ပြင်နှင့် အလှမ်းဝေးသည့် နေရာများတွင် မဟုတ်ဘဲ ရင်ပြင်တော်ပေါ်မှာပင် တည်းခိုခန်းများ ရှိနေခြင်းသည် မည်သည့်နည်းနှင့်မျှ မဖြစ်ထိုက်ဟု ယူဆရပါသည်။ တည်းခိုခန်းတစ်ခု ဆိုလျင် ရင်ပြင်တော် အောက်ခန်းများဖြင့် တည်းခိုခန်းဖွင့်ထားသည်ကို တွေ့ရသည်။

ယင်းသို့သော တည်းခိုခန်းများမှာ နဂိုမြေသားအပေါ်တွင် တည်းခိုခန်းများ တည်ဆောက်ထားခြင်း မဟုတ်ဘဲ ရင်ပြင် တော် မြေသားကျောက်သားအား တည်းခိုခန်းများဆောက်ရန် အတွင်းလှိုက်၍ တူးပြီး ယင်းအတွင်း သားကို ဖယ်ရှားပြီးမှသာ တည်းခိုခန်းများ ဆောက်လုပ်၍ ရနိုင်သည်ဟု ယူဆရပါသည်။ မြေအောက် တည်းခိုခန်းများသဖွယ်ပင် ဖြစ်သည်။ ယင်းမြေအောက် တည်းခိုခန်းများမှာ ဘုရားစေတီရင်ပြင်၏ အောက်တွင် ရှိနေသည်မှာလည်း သေချာနေပါသည်။

ယင်းသို့သော တည်းခိုခန်းများမှာ ဘုရားစေတီတစ်ခုလုံး တာရှည်စွာ တည်ငြိမ်လုံခြုံမှုကို ထိခိုက်စေနိုင်သည်မှာ ထင်ရှားလှပေသည်။ ယင်းတည်းခိုခန်းများသည် ကျဉ်းမြောင်းလှသည့် ဘုရား ရင်ပြင်တော်၏ ကြံ့ခိုင်မှုနှင့် လုံခြုံမှုကို မလွဲမသွေ ထိခိုက်စေတော့မှာ ဖြစ်သည်။ ကံအားလျော်စွာ ငလျင်လှုပ်ခြင်း၊ မိုးအဆက်မ ပြတ်ရွာသွန်းခြင်းနှင့် အခြားသဘာဝ ဘေးဥပါဒ်တစ်ခုခု ကျရောက်ပါက အချိန်မရွေး ပြိုကျပျက်စီးစေနိုင်သည့် အနေအထားတွင် ရှိနေသည်။

ယခုအခါ ကျိုက်ထီးရိုး ဘုရားစေတီမှရယ်လို့မဟုတ် ကျန်ခရီးသည်များ အာရုံကျသည့် အခြား သော နေရာဒေသများတွင်လည်း စနစ်တကျ စီမံခန့်ခွဲမှု အားနည်းလှသည်ကို တွေ့ကြရသည်။ ဥပမာ ဆိုရလျင် ပုဂံညောင်ဦး ရှေးဟောင်းမြေဆိုလျင် လူတွေ ထင်သလို ဖြတ်သန်းဝင်ရောက် သွားလာကြ၊ ထင်သလို စွန့်ပစ်ပစ္စည်းစွန့်ပစ်ကြသည့်အပြင် နံရံဆေးရေးပန်းချီကားများ စေတီများ ပန်းပုများကအစ ထင်သလို လက်နှင့်ကိုင်ခြင်း အပေါ်မှ တစ်စုံတစ်ရာဖြင့် ထပ်မံရေးချွတ်ခြင်း၊ ဓါတ်ပုံများ ထင်သလို ရိုက်ခွင့်ရှိခြင်း အစရှိသည့် စည်းကမ်းမဲ့အခြေအနေတွင် ရှိနေသည်မှာ မည်သူမျှ မငြင်းနိုင်ချေ။
ထို့ကြောင့် သမိုင်းဝင်နေရာများ ကျန်းမာရေးနှင့် ညီညွတ်သော အခြေအနေရှိစေရေး၊ တာရှည် စွာ မပျက်မစီးရလေအောင် ထိန်းသိမ်းနိုင်ရေး၊ ခရီးသည်များအတွက် ကျန်းမာရေး၊ လုံခြုံရေးများကို အာမခံသည့် စီမံမှုများ မလွဲမသွေ ချမှတ်ဆောင်ရွက်သင့်ကြောင်း တင်ပြလိုက်ရပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly