ဘောလုံးလောကမှ ၂၀၁၅ ခုနှစ်အတွင်း စိတ်ဝင်စားဖွယ်အချက် ၁၀ ချက်

ဘောလုံးလောကမှ ၂၀၁၅ ခုနှစ်အတွင်း စိတ်ဝင်စားဖွယ်အချက် ၁၀ ချက်

၂၀၁၅ ခုနှစ်အတွင်းမှာ ဘောလုံးလောကဟာ စိတ်ဝင်စားဖွယ်ရာ အချက်အလက်ပေါင်းများစွာနဲ့ ပြီးဆုံးသွားခဲ့ပါပြီ။ ၂၀၁၅ ခုနှစ်အတွင်းမှာ အကောင်းဆုံးစွမ်းဆောင် ကစားနိုင်ခဲ့ကြတဲ့ အသင်းတွေ၊ ကစားသမားတွေ အများအပြားရှိသလို စိတ်ပျက်ဖွယ်ရာ ကျရှုံးမှုတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ အသင်းတွေနဲ့ ကစားသမားပေါင်း များစွာလည်း ရှိခဲ့ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ၂၀၁၅ ခုနှစ်အတွင်းမှာ ဘောလုံးလောကက ပုံမှန်အတိုင်းပဲ ပရိသတ်တွေကို စိတ်လှုပ်ရှားမှု၊ စိတ်ဝင်စားမှုပေါင်းများစွာ ပေးနိုင်ခဲ့တာကတော့ အမှန်ပါပဲ။

၂၀၁၅ ခုနှစ်ထဲမှာ ဘာစီလိုနာအသင်းက ဖီဖာကမ္ဘာ့ကလပ်ဖလားကို စံချိန်တင်ရရှိခဲ့တာ။ အာဆင်နယ်အသင်းက အက်ဖ်အေဖလားကို ၁၂ ကြိမ်မြောက်ရယူပြီး ပြိုင်ပွဲသမိုင်းမှာ အအောင်မြင်ဆုံးအသင်းဖြစ်လာတာ။ လက်စတာ တိုက်စစ်မှူး ဗာဒီက မန်ယူတိုက်စစ်မှူး နစ္စတယ်ရွိုင်းရဲ့ ပရီးမီးယားလိဂ် ၁၀ ပွဲဆက်တိုက် ဂိုးသွင်းနိုင်ခဲ့တဲ့ စံချိန်ကို ၁၁ ပွဲနဲ့ ချိုးဖျက်နိုင်ခဲ့တာ။ ဒီအောင်မြင်မှုတွေ စွမ်းဆောင်မှုတွေက တကယ်ကို ချီးကျူးစရာကောင်းတဲ့ စွမ်းဆောင်နိုင်မှုတွေပါ။ ဒါတွေအပြင် အခြားစိတ်ဝင်စားဖွယ်ရာ အချက် ၁၀ ချက်ကို ထပ်မံဖော်ပြချင်ပါသေးတယ်။

မက်ဆီ၊ နေမာ၊ ဆွာရက်ဇ်

မက်ဆီ၊ နေမာနဲ့ ဆွာရက်ဇ်တို့ရဲ့ တိုက်စစ်အတွဲဟာ ၂၀၁၅ ခုနှစ်အတွင်းမှာတော့ တိုက်စစ် အထက်မြက်ဆုံး အတွဲအစပ်ဖြစ်ခဲ့ပါတယ်။ သူတို့သုံးဦးဟာ ၂၀၁၅ခုနှစ်အတွင်းမှာ ဂိုးပေါင်း ၁၃၇ ဂိုးအထိသွင်းယူခဲ့ကြတာပါ။ ဒီအရေအတွက်က ဘိုင်ယန်မြူးနစ်ရဲ့ ဂိုးသွင်းနှုန်း၊ ရီးယဲလ် ဘီဘီစီတိုက်စစ်အတွဲရဲ့ ဂိုးသွင်းနှုန်းနဲ့ မန်ယူတစ်သင်းလုံးရဲ့ ဂိုးသွင်းနှုန်းထက် ပိုများခဲ့ပါတယ်။ ၂၀၁၅ အတွင်းမှာ ဘိုင်ယန် တစ်သင်းလုံးပေါင်းသွင်းဂိုးက ၁၃၂ ဂိုး၊ ဘီဘီစီတိုက်စစ်က ၇၉ ဂိုးနဲ့ မန်ယူအသင်းက ၇၇ ဂိုးသာ သွင်းနိုင်ခဲ့ပါတယ်။

ဘာစီလိုနာ

ဘာစီလိုနာအသင်းဟာ ၂၀၁၅ ခုနှစ်မှာ အောင်မြင်ဆုံးအသင်းဖြစ်သလို ကမ္ဘာပေါ်မှာ ဂိုးသွင်းအား အကောင်းဆုံးအသင်းအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။ ၂၀၁၅ ရဲ့ နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ ဘက်တစ်နဲ့ပွဲမှာ ဘာစီလိုနာအသင်းက ၄-ဝ ဂိုးနဲ့နိုင်ခဲ့ပြီး တစ်နှစ်အတွင်း စုစုပေါင်း သွင်းဂိုးက ၁၇၈ ဂိုး အထိရှိခဲ့ပါတယ်။ အဲ့ဒီပွဲက မက်ဆီ ဘာစီလိုနာအတွက် ကစားပေးခဲ့တဲ့ ပွဲ ၅၀ဝ မြောက်လည်း ဖြစ်ခဲ့ပါတယ်။

လာလီဂါမှာ ပထမဆုံး ပင်နယ်တီလွဲတဲ့ စီရော်နယ်ဒို

စီရော်နယ်ဒိုဟာ အရင်က ပင်နယ်တီတွေ လွဲခဲ့ဖူးပေမယ့် လာလီဂါမှာတော့ ဘယ်တုန်းကမှ ပင်နယ်တီမလွဲခဲ့ပါဘူး။ ဒါပေမဲ့ ဆိုစီဒက်ကို ၃-၁ နဲ့နိုင်ခဲ့တဲ့ ပွဲမှာတော့ ပင်နယ်တီတစ်လုံး လွဲချော်ခဲ့ပါတယ်။ လာလီဂါမှာ ပင်နယ်တီပေါင်း ၅၅ လုံးကန်သွင်းခဲ့ရာမှာ ပထမဆုံး လွဲချော်ခြင်း ဖြစ်ပါတယ်။

နိုလီတို

ဆယ်လ်တာဗီဂို တိုက်စစ်ကစားသမား နိုလီတိုဟာ ဒီရာသီတင်မဟုတ်ဘဲ ပြီးခဲ့တဲ့ ရာသီကတည်းက ခြေစွမ်းပြနေသူဖြစ်ပါတယ်။ သူဟာ ၂၀၁၅ ခုနှစ်အတွင်းမှာ လာလီဂါရဲ့ ဖန်တီးမှု အများဆုံးကစားသမားလည်း ဖြစ်ပါတယ်။ ၉၄ ကြိမ် ဖန်တီးမှု ပြုလုပ်ထားတဲ့ ဘာစီလိုနာ တိုက်စစ်ကစားသမား နေမာထက် ၇ ကြိမ်ပိုပြီး ဖန်တီးမှု ပြုလုပ်ထားပါတယ်။

မက်ဆီ

မက်ဆီဟာ ၂၀၁၅ ခုနှစ်တွင်း ဘာစီလိုနာအသင်းအတွက် ၂၆ နာရီကြာ ကစားပြီးတိုင်း ဆုဖလားတစ်လုံးရရှိ ခဲ့ပါတယ်။ တကယ်ကို အံ့အားသင့်ဖွယ်ရာ ကောင်းတဲ့ စွမ်းဆောင်မှုပါပဲ။

အိုဒီယွန်အိုင်ဟာလို

ဝက်ဖို့ဒ်တိုက်စစ်မှူး အိုဒီယွန်အိုင်ဟာလိုဟာ ၂၀၁၅ ခုနှစ်အတွင်းမှာ အင်္ဂလန်ပြည်တွင်း လိဂ်အားလုံးရှိ ကစားသမားအားလုံးထက် လိဂ်သွင်းဂိုး ပိုမိုသွင်းယူနိုင်ခဲ့ပါတယ်။ အိုင်ဟာလိုဟာ ပြီးခဲ့တဲ့ နွေရာသီကမှ ဝက်ဖို့ဒ်ကို ရောက်ရှိလာခဲ့ပြီး ပွဲစဉ် ၁၉ ပွဲမှာ ၁၄ ဂိုးအထိသွင်းယူခဲ့ပါတယ်။

ကံမကောင်းတဲ့ လီဗာပူးလ်

လီဗာပူးလ်အသင်းက ပရီးမီးယားလိဂ် အခြားအသင်းတွေနဲ့ နှိုင်းယှဉ်ရင် အတော်လေး ဂိုးကံခေတဲ့ အသင်းလို့ ပြောရမှာပါ။ လီဗာပူးလ်တို့ဟာ ၂၀၁၁ ကနေစပြီး ၂၀၁၅ ခုနှစ်အတွင်း ဂိုးတိုင်ကို အကြိမ်အများဆုံးထိခဲ့တဲ့ အသင်းဖြစ်ပါတယ်။ အဲ့ဒီကာလအတွင်းမှာ ကြိုးကြာနီတွေဟာ တိုင် ၉၈ ကြိမ် ထိခဲ့ပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒို

၂၀၁၅ခုနှစ်က စီရော်နယ်ဒိုအတွက် အမှတ်ရစရာ ကောင်းတဲ့ နှစ်တစ်နှစ်ပါပဲ။ သူဟာ ဥရောပထိပ်သီးလိဂ် ငါးခုမှာ ပြက္ခဒိန်တစ်ခုအတွင်း ဂိုးအများဆုံးသွင်းနိုင်သူအဖြစ် ရပ်တည်ခဲ့ပါတယ်။ လိဂ်သွင်းဂိုးပေါင်း ၃၈ ဂိုး စီရော်နယ်ဒို သွင်းယူခဲ့ပါတယ်။

ရှနိုက်ဒါလင်နဲ့ မန်ယူ

ရှနိုက်ဒါလင်ဟာ မန်ယူအသင်းမှာ ပုံမှန်ပွဲထွက်ခွင့် ရရှိသူမဟုတ်ပေမယ့် သူဟာ သရဲနီတွေအတွက် ကံကောင်းစေသူလို့ အချက်အလက်တွေက ညွှန်းဆိုပါတယ်။ ရှနိုက်ဒါလင် ပွဲအစကနေ ပါဝင်ကစားခွင့်ရတဲ့ ပွဲပေါင်း ၁၆ ပွဲမှာ သရဲနီတွေ တစ်ပွဲပဲ ရှုံးခဲ့ပါတယ်။ သူမပါတဲ့ ၁၁ ပွဲမှာတော့ ၅ ပွဲအထိရှုံးခဲ့ပါတယ်။ ရာခိုင်နှုန်းအရဆိုရင် ရှနိုက်ဒါလင်ပါရင် အရှုံးက ၇ ဒသမ ၇ ရာခိုင်နှုန်းသာ ရှိပြီး သူမပါရင်တော့ ၆၆ ဒသမ ၆ ရာခိုင်နှုန်း ဖြစ်ပါတယ်။

၇ ပွဲဆက်နိုင်ပွဲပျောက်တဲ့ မန်ယူ

နည်းပြဗန်ဟားလ်ရဲ့လက်ထက် မန်ယူအသင်း ၇ ပွဲဆက် နိုင်ပွဲပျောက်ခဲ့တာကလည်း ၂၀၁၅ ခုနှစ်ထဲမှာ ထူးခြားမှု တစ်ခုဖြစ်ပါတယ်။ မန်ယူအသင်းဒီလိုအခြေအနေမျိုးမဖြစ်ခဲ့တာ အတော်လေးကို ကြာခဲ့ပါပြီ။ ဘယ်လောက်တောင်လဲဆို မန်ယူတို့ အဲ့ဒီလိုနိုင်ပွဲကြာရှည် ပျောက်ဆုံးမှု နောက်ဆုံးဖြစ်ခဲ့တဲ့ အချိန်တုန်းက ၁။ ပရီးမီးယားလိဂ်ပြိုင်ပွဲဆိုတာတောင် မရှိသေးပါဘူး။ ၂။ ဂိုးသမား ဒီဂီယာလည်း မမွေးသေးပါဘူး။ ၃။ အဲ့ဒီအချိန်က အေစီမီလန်အသင်း ချန်ပီယံလိဂ်ဖလား ရရှိတဲ့ အချိန်ဖြစ်ပါတယ်။

ဒီဖော်ပြခဲ့တဲ့ အချက် ၁၀ ချက်က ၂၀၁၅ ဘောလုံးလောကထဲက ထူးခြားပြီး စိတ်ဝင်စားစရာကောင်းတဲ့ အချက်အလက်အချို့ ဖြစ်ပါတယ်။ ပရိသတ်တွေ ကျေနပ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

Hyper Sport Magazine No. 25, Page: 20

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly