အနည်းဆုံးလုပ်ခကြေးငွေကို တစ်နေ့လျှင် ကျပ် ၃၂၀၀ နှင့် ၄၀၀၀ ကြားပေးမည်ဟုဆို

အနည်းဆုံးလုပ်ခကြေးငွေကို တစ်နေ့လျှင် ကျပ် ၃၂၀၀ နှင့် ၄၀၀၀ ကြားပေးမည်ဟုဆို
အနည်းဆုံး လုပ်ခ  လစာနှင့်  ပတ်သက်ပြီး အမျိုးသား အဆင့် ကော်မတီ အစည်းအဝေးကို ရန်ကုန်မြို့၊ UMFCCI တွင် ကျင်းပပြုလုပ်ရာ တက်ရောက် ဆွေးနွေးသည့် အလုပ်သမား နှင့် အလုပ်အကိုင် လူမှု ဖူလုံရေး ၀န်ကြီးဌာန ဒုဝန်ကြီး ဦးမျိုးအောင်နှင့် သမ္မတ စီးပွားရေး အကြံပေး ဒေါက်တာ ဇော်ဦး။ (ဓါတ်ပုံ - ခင်မြတ်မြတ်ဝေ၊မဇ္စျိမ)

လာမည့် ရက်သတ္တပတ်တွင် တရားဝင် ထုတ်ပြန်မည်

ရန်ကုန်၊ ဇွန် ၂၄ ။       ။ အလုပ်သမား  တစ်ဦး၏ တစ်နေ့အလုပ်ချိန် ၈နာရီအတွက် တစ်ရက်လျှင် ကျပ်  ၃၂၀၀ နှင့် ၄၀၀၀ ကြားတပြေးညီ  ပေးမည်ဖြစ်ကာ  လာမည်အပတ်တွင်း ထုတ်ပြန်သွားမည် ဟု  အလုပ်သမား၊ အလုပ်ကိုင်နှင့်  လူမှုဖူလုံရေး ဝန်ကြီး ဦးအေးမြင့်က ပြောသည်။

ဝန်ကြီး ဦးအေးမြင့်က  "အာဆီယံ နှုန်းထားနဲ့လည်းမနိမ့်ရဘူး။ အစိုးရကသတ်မှတ်ထားတဲ့ ကြားထဲမှာ ပဲထားရမယ်၊ ၃၂၀၀နဲ့ ၄၀၀၀ကြားဖြစ်မယ်၊  အလုပ်သမားဘက်က လည်းကြိုးစားရမယ်။လမ ကုန်ခင် ရက်ပိုင်းတွင် ထွက်မယ်"ဟု ပြောသည်။

၎င်းက ဇွန် ၂၄ရက်က  မြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှု လုပ်ငန်းရှင်များအသင်း  (UMFCCI) တွင် ကျင်းပခဲ့သည့်  လုပ်ခလစာသတ်မှတ်ရေး  အမျိုးသား ကော်မတီအစည်းဝေးပွဲ အပြီးတွင် မီဒီယာ များကို  ပြောခဲ့ခြင်းဖြစ်သည်။

ဇွန် ၂၂ ရက်နှင့် ၂၃ နှစ်ရက်က ပြုလုပ်ခဲ့သည့် အနည်းဆုံး အခကြေးငွေနှင့် ပတ်သက်သည့် အလုပ်ရုံဆွေးနွေးပွဲတွင် တစ်နိုင်ငံ လုံးတပြေးညီ ကျပ်လေးထောင်သတ်မှတ်ပေးရန် အလုပ် သမားများက တောင်းဆိုခဲ့ပြီး အထည်ချုပ်လုပ်ငန်းရှင်များမှ  ကျပ် ၂၅၀၀နှုန်း အဆိုပြုခဲ့သည်။

အချို့ ပြည်နယ်နှင့်တိုင်းများရှိ   လုပ်ငန်းရှင် အချို့က နေရာ၊ဒေသ အလိုက်ကို ခွဲခြားသတ်မှတ်ပေးရန် တောင်းဆိုမှုများလည်း ရှိခဲ့သည် ဟု  အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန မှ အမြဲတမ်း အတွင်းဝန်  ဦးမျိုးအောင်က ပြောသည်။

၎င်းက  "ဒီနေ့လည်းဆွေးနွေးတော့ ကိန်းဂဏန်းက လေးမျိုးလောက်ဖြစ်နေတယ်၊ ၂၅၀၀ ဆိုတာ၊ ၃၅၀၀၊ ၃၆၀၀ ၊၃၈၀၀၊ အဆင့်တစ်ဆင့်ကျန်သေးတယ်၊အများရဲ့ ဆန္ဒလည်းမှုတည်တယ်"ဟု ပြောသည်။

အနည်းဆုံး လုပ်ခလစာသတ်မှတ်ရေး အမျိုးသားကော်မတီ မှ အလုပ်သမား ကိုယ်စားလှယ်   ဦးနော်အောင် "ဒီအချိန်မှာ ဘယ်လောက်ပဲသတ်မှတ်မှတ် အလုပ်သမားတွေလိုချင်တယ် လေးထောင်နဲ့  အရမ်းမကွာ ဟရင် အလုပ်သမားတွေ အနေနဲ့ လက်ခံသင့်တယ် ၊ "ဟု  ပြောသည်။

ဆွေးနွေးပွဲတွင်  တစ်နေ့ အလုပ်ချိန် ၈နာရီ လုပ်အားခ နှင့် အချိန်ပိုကြေးကို လုပ်သက်၊ ကျွမ်းကျင် ကြေး များကို ဆွေးနွေးခဲ့ကြ သည်။

ယင်းဆွေးနွေးပွဲ တွင်ပြည်နယ်နှင့်တိုင် းမှ  လုပ်ငန်း ရှင်များ၊ အလုပ်သမားသမဂ္ဂ ၊ အလုပ်သမား ဝန်ကြီးဌာန မှ ဖွဲ့စည်းထားသည့် ၂၇ဦးပါ အမျိုးသားကော်မတီ မှ တစ်ဦးချင်းအဆိုပြု လွှာများဖြင့် ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

တစ်ဦးချင်းအဆိုပြုလွှာတွင် သုံးထောင် ခြောက်ရာကို အများဆုံး အဆိုပြုတင်ပြခဲ့ကြသည်ဟု ၎င်းက ပြောသည်။

ထိုသို့ အနည်းဆုံးအခကြေးငွေ သတ်မှတ်လိုက်ခြင်းဖြင့် အလုပ်သမားများတွင် အခြေခံလစာကို နည်းနည်းပေးပြီး အချိန်ပို လုပ်အားကို  ညစ်ထုတ်သည့် စနစ်ကိုမူ  တိုက်ဖျက်နိုင်သွား မည်ဟုလည်း ၎င်းကပြောသည်။

အနည်းဆုံး အခကြေးငွေ သတ်မှတ်ပြီးပါက  အလုပ်သမား တိုင်းတွင် အာမခံချက် ရှိလာပြီး၊ လုပ်ခပေးသည့် ပုံစံ စတင်ပြောင်းလဲ လိုက်ခြင်းဖြင့်  နိုင်ငံတကာစံနှုန်းနှင့် ဘောင်ဝင်အောင် စတင်ပြောင်းလဲနိုင်ခြင်းဖြစ်သည်ဟု နိုင်ငံတော် သမ္မတ စီးပွားရေး ဆိုင်ရာ အကြံပေး ဒေါက်တာဇော်ဦး ကပြောသည်။

၎င်းက  " အနည်းဆုံးလုပ်ခသတ်မှတ်လိုက်တော့ အလျှော့အတင်လုပ်စရာမလိုဘူး၊ အလုပ်သမားက ဘယ်စက်ရုံသွားသွား ဒီလစာရမှာဆိုတော့ အရင်လို စမ်းသပ်ပြီးသွားလုပ်စရာမလိုတော့ဘူး၊ လုပ်ငန်းခွင် တည်ငြိမ်လာမယ်၊နှုန်းက နိုင်ငံတကာစံနဲ့ လည်းမဝေးဘူး၊ အရှေ့တောင်အာရှမှာ၊ ပြိုင်ဘက်နိုင်ငံ ထက် မနည်းတဲ့နှုန်း ထားဖြစ်မှာပါ" ဟု ပြောသည်။

နှုန်းထားတစ်ခု  ရွေးချယ် သတ်မှတ်ပြီးပါက ရက်ပေါင်း ခြောက်ဆယ်အတွင်း ကန့်ကွက်မှု၊ ထောက်ခံမှုများ ပြုလုပ်နိုင်မည်ဖြစ်ပြီး ကန့်ကွက်ချက်များ ရှိပါက ညှိနှိုင်းဖြေရှင်း ပေးမည်ဖြစ်သည်။

ရက်ပေါင်းခြောက်ဆယ် အတွင်း ကန့်ကွက်မှုမရှိပါက နိုင်ငံ တော် သမ္မတနှင့် ပြည်ထောင်စု အစိုးရထံ တင်ပြအတည်ပြုချက် ရယူ၍ တရားဝင် သတ်မှတ်ပေးမည်ဟု အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly