ကန် လေကြောင်းတိုက်ခိုက်မှုတွင် IS ပိုင် ငွေကြေး သန်းပေါင်းများစွာကို ဖျက်စီးနိုင်ခဲ့ဟုဆို

ကန် လေကြောင်းတိုက်ခိုက်မှုတွင် IS ပိုင် ငွေကြေး သန်းပေါင်းများစွာကို ဖျက်စီးနိုင်ခဲ့ဟုဆို

ဝါရှင်တန်၊ ဇန်နဝါရီ - ၁၂ ။          ။ ဇန်နဝါရီလ ၁၁ရက်နေ့က အမေရိကန် ကာကွယ်ရေးနှင့် စစ်တပ်အရာရှိများ၏ ဘီဘီစီသို့ ပြောကြားချက်အရ အမေရိကန် လေကြောင်းတိုက်ခိုက်မှုတစ်ခုက အိုင်အက်စ်အကြမ်းဖက်အုပ်စု၏ တစ်ခုသောဘဏ်ကို ထိမှန်ခဲ့သောကြောင့် သန်း ဆယ်ဂဏန်းများစွာ ဒေါ်လာများမှာ မီးခိုးတအူအူ လောင်ကျွမ်း ပြာကျသွားခဲ့သည်ဟု ဆိုသည်။

ခေါင်းဖြတ်အကြမ်းဖက်သမားများမှာ ၎င်းတို့ထိန်းချုပ်ထားသည့် မိုဆူးမြို့ကို တနင်္ဂနွေနေ့ အာရုံမတက်မီတွင် ပြုလုပ်ခဲ့သည့် တိုက်ခိုက်မှုတစ်ခုတွင် ငွေကြေးများကို ဆုံးရှုံးသွားခဲ့ခြင်းဖြစ်သည်ဟု အာဏာပိုင်များက ပြောကြားခဲ့သည်။

သို့ရာတွင် စီးနင်းတိုက်ခိုက်ချိန်တွင် ဘဏ်ထဲ၌ အစောင့်များရှိနေခဲ့သည် (သို့မဟုတ်) အပြစ်မဲ့အရပ်သားများ အသတ်ခံခဲ့ရသည်ဟူသည့် သတင်းများနှင့် ပတ်သက်၍မူ အာဏာပိုင်များက အတည်မပြုသလို ငြင်းလည်းမငြင်းဆန်ခဲ့ပေ။ နိုဝင်ဘာလကတည်းက အမေရိကန်နှင့် ညွှန့်ပေါင်းတပ်ဖွဲ့များက အိုင်အက်စ်တို့ကို ၎င်းတို့၏ အဓိက ဝင်ငွေအရင်းမြစ်ဖြစ်သည့် ရေနံမှောင်ခို ကုန်ကူးခြင်းကို ခြေရာခံ၍ အပြုတ်တိုက်ရန် ကြိုးစားနေခဲ့သည်။

အိုင်အက်စ်တို့ ထိန်းချုပ်ထားသည့် ရေနံတွင်းများကို ဗုံးကြဲနေသကဲ့သို့၊ ရွှေမည်းကို တူရကီသို့ သယ်ဆောင်နေသည့် စည်တင်ထရပ်ကားများကိုလည်း ပစ်မှတ်ထား တိုက်ခိုက်လျှက် ရှိသည်။

ဇူလိုင်လက NBC သတင်းအရ အစ္စလာမ်အစွန်းရောက်များမှာ ရေနံမှောင်ခိုကုန်ကူးခြင်းမှ မူလက အမေရိကန်တို့ ခန့်မှန်းထားသည်ထက် သုံးဆမျှ တစ်လလျှင် ကန်ဒေါ်လာ ၈သန်းမှ ၁၀သန်းအထိ ဝင်ငွေ ရရှိနေကြသည်ဟု ဆိုသည်။

အမေရိကန် ကွန်မန်ဒိုများက ပြီးခဲ့သည့် မေလက ဆီးရီးယား စခန်းပုန်းတစ်ခုကို စီးနင်းတိုက်ခိုက်စဉ်တွင် စစ်သွေးကြွများအတွက် ပိုက်ဆံရှာပေးနေသူ အဘူ ဆေးယတ်ကို သတ်ဖြတ်နိုင်ခဲ့ပြီးနောက်တွင် အိုင်အက်စ်တို့၏ စီးပွားရေးနှင့် ပတ်သက်သည့် သတင်းအချက်အလက်အသစ်များကို တွေ့ရှိလာခဲ့ကြသည်။ ကွန်မန်ဒိုများက အဘူဆေးယတ်၏ ဇနီးသည် အီရတ်နိုင်ငံသူ အမ်း ဆေးယတ်ကိုလည်း ဖမ်းဆီးခဲ့ကြပြီး ကွန်ပျူတာ နှစ်လုံးသုံးလုံးခန့်ကိုလည်း သိမ်းယူခဲ့ကြသည်။

အိုင်အက်စ်တို့က သွေးစွန်းပိုက်ဆံအချို့ကို ၎င်း၏ တိုက်ခိုက်ရေးသမားများအား လစဉ် လစာငွေပေးရန်နှင့် မိသားစုများအား ထောက်ပံ့ကြေးပေးရာတွင် အသုံးပြုနေသည်ဟု ဆိုသည်။

ဆီးရီးယား သတင်းရင်းမြစ်နှစ်ခု၏ ပြောကြားချက်အရ အိုင်အက်စ်ရာထူများတွင် လစာအမြင့်ဆုံးဖြစ်သည့် နိုင်ငံခြားတိုက်ခိုက်ရေးသမားများမှာ တစ်လလျှင် ဒေါ်လာ ၁၀၀၀ ခန့်အထိ လစာရရှိနေကြသည်ဟု ဆိုသည်။

အယ်လ်ခိုင်ဒါနှင့် မတူသည့်အချက်မှာ အိုင်အက်စ်များမှာ သူတို့သိမ်းပိုက်ထားရာ ဆီးရီးယားနှင့် အီရတ်နယ်မြေတွင် နိုင်ငံတစ်ခုကို ထူထောင်လည်ပတ်နေရာ ပြည်သူများ၏ သစ္စာစောင့်သိမှုကို ဝယ်ယူနိုင်ရန်အတွက် စာသင်ကျောင်းများကို ဆက်ဖွင့်ထားပြီး၊ ရှုပ်ထွေးသော စစ်ယန္တရားကိုလည်း ဆက်လက်လည်ပတ်နေစေရန် ငွေကြေးလိုအပ်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly