ဘရာဇီးနည်းပြ အီမာဆင်နှင့် လမ်းခွဲရန် ရန်ကုန်အသင်း ညှိနှိုင်းနေ

ဘရာဇီးနည်းပြ အီမာဆင်နှင့် လမ်းခွဲရန် ရန်ကုန်အသင်း ညှိနှိုင်းနေ
ရန်ကုန်အသင်းနှင့်လမ်းခွဲရန် ညှိုနှိုင်းနေသည့် ဘရာဇီးနည်းပြ အီမာဆင်။ (ဓာတ်ပုံ - ရွှေဘုတ်)

ဒီဇင်ဘာ ၁၂၊ ရန်ကုန်။        ။ မြန်မာနေရှင်နယ်လိဂ်လက်ရှိချန်ပီယံ  ရန်ကုန်ယူနိုက်တက်အသင်းသည် မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်-၁ အဖွင့်ပွဲစဉ်တွင် မကွေးအသင်းကို ၂-၁ ဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် ဘရာဇီးလူမျိုး နည်းပြချုပ် အီမာဆင်နှင့် လမ်းခွဲရန် ညှိနှိုင်းလျက်ရှိသည် ဟု အသင်းအထွေထွေမန်နေဂျာ ဦးကျော်လင်းထွေးက ပြောသည်။

ဘရာဇီးလူမျိုးနည်းပြ အီမာဆင်သည်  ၂၀၁၆ ဘောလုံးရာသီတွင် မနောမြေအသင်းမှ ရန်ကုန်အသင်းသို့ ပြောင်းရွေ့လာခဲ့ပြီးနောက် တိုယိုတာမဲခေါင်ဖလားပွဲစဉ် နှစ်ပွဲ၊  ချာရတီဒိုင်းနှင့် လိဂ် ပွဲစဉ် စုစုပေါင်း လေးပွဲ တာဝန်ယူကိုင်တွယ်ခဲ့ရာ နှစ်ပွဲနိုင်၊ နှစ်ပွဲရှုံး ရလဒ်သာ ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည့်အတွက် ပရိသတ်များ၏ ဝေဖန်မှုကို ခံနေရသည်။

“ အီမာဆင်ကို လမ်းခွဲဖို့ အစီအစဉ်ရှိပါတယ်။ လောလောဆယ် ညှိနှိုင်းဆဲ အနေအထားမှာပဲ ရှိပါသေးတယ်။ အသင်းနဲ့ ဘာပြဿနာမှတော့ မရှိပါဘူး။ အသင်းပရိသတ်တွေကို သူ့ရဲ့ စွမ်းဆောင်ရည်ကို မနှစ်သက်တတ်တဲ့အတွက် အသင်းအနေနဲ့ စဉ်းစားတာပါ။ သူ့ကို တကယ်လို့ လမ်းခွဲဖြစ်မယ်ဆိုရင် နိုင်ငံခြားသားနည်းပြအသစ်ထပ်ခန့်ဖို့ အစီအစဉ်ရှိပါတယ်။ သေချာရင် အတိအကျ သတင်းထုတ်ပြန်ပေးပါမယ်။ ဒီရာသီအသင်းက AFC ချန်ပီယံလိဂ် လည်း ကစားရမှာဆိုတော့ သေချာပြင်ဆင်သွားမှာပါ ” ဟု ဦးကျော်လင်းထွေးက အီမာဆင်ကိစ္စနှင့် ပတ်သက်၍ မဇ္ဈိမသို့ ပြောသည်။

ရန်ကုန်ယူနိုက်တက်အသင်းသည် ၂၀၁၆ ဘောလုံးရာသီအဖွင့်ပွဲအဖြစ် ချာရတီဒိုင်းတွင် ဧရာဝတီအသင်းကို ၁-၀ ဖြင့် အနိုင်ရကာ ဗိုလ်စွဲနိုင်ခဲ့သော်လည်း လိဂ်အဖွင့်ပွဲစဉ်တွင်မူ မကွေးအသင်းကို ၂-၁ ဖြင့် ရှုံးနိမ့်ခဲ့သည့်အတွက် ယမန်နှစ် ရှုံးကြွေးကို မဆပ်နိုင်ပဲ ထပ်မံတင်ရှိခဲ့သည်။

ရန်ကုန်အသင်းသည် ဇန်နဝါရီ ၁၆ ရက်တွင် ဟံသာဝတီအသင်းနှင့် လိဂ်ပွဲစဉ် ယှဉ်ပြိုင်ကစားရမည့် အပြင် ဖေဖော်ဝါရီ ၂ ရက်တွင် AFC ချန်ပီယံလိဂ်ဝင်ခွင့် ရှုံးထွက်အဆင့် ပွဲစဉ်အဖြစ် ထိုင်းကလပ် ချောင်ဘူရီအသင်းနှင့် အဝေးကွင်း၌ သွားရောက်ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly