သေစေလိုသည့် ဆန္ဒမရှိသောကြောင့် မိမိတွင်အပြစ်မရှိဟု သရုပ်ဆောင်မင်းအုပ်စိုး ထွက်ဆို

သေစေလိုသည့် ဆန္ဒမရှိသောကြောင့် မိမိတွင်အပြစ်မရှိဟု သရုပ်ဆောင်မင်းအုပ်စိုး ထွက်ဆို

ရန်ကုန် ဇွန် ၂၄ ။      ။ သရပါမဂ္ဂဇင်းအယ်ဒီတာမတေးနုရင်ကို သတ်မှုဖြင့်တရားစွဲဆိုခံထားရသည့် သရုပ်ဆောင်၊ ဒါရိုက်တာ မင်းအုပ်စိုးက မတေးနုရင်နှင့်ရန်ငြှိုးရန်စလဲမရှိ၊ မုန်းခြင်းလည်းမရှိဘဲ၊ သေစေလိုသည့်ဆန္ဒဖြင့် ကျူးလွန်ခြင်း မရှိသည့်အတွက် တရားစွဲထားသည့် ပြစ်မှုပုဒ်မ ၃၀၂(၂) အရမိမိတွင် အပြစ်မရှိဟုထွက်ဆို ခဲ့သည်။

ဇွန် ၂၄ ရက်၊ နံနက်ပိုင်းက အမှုအတွက်ပြစ်မှုပုဒ်မ ၃၀၂(၂) ဖြင့်စွဲချက်တင်ခံထားရသည့် သရုပ်ဆောင် မင်းအုပ်စိုးကိုစစ်ဆေးရာ ၎င်းကအထက်ပါအတိုင်းထွက်ဆိုခဲ့သည်။

ဇွန် ၂၄ ရက်၊ ရုံးချိန်း၌သရုပ်ဆောင်မင်းအုပ်စိုးကို နံနက် ၁၀ နာရီခွဲခန့်မှ မွန်းလွဲ ၂ နာရီခွဲနီးပါးခန့်အထိ စစ်ဆေးခဲ့ပြီး ၎င်းက မတေးနုရင်နှင့်ပတ်သက်ခဲ့မှု များနှင့် အခင်းဖြစ်ပွားခဲ့သည့်ညက ဖြစ်စဉ်များကို ထွက်ဆိုခဲ့သည်။

မင်းအုပ်စိုးကအခင်းဖြစ်ပွားသည့်ညက မတေးနုရင်အား အမျိုးသား တစ်ဦးနှင့် တွဲနေခြင်းကို ဆုံးမရာ လက်မခံဘဲရင်ဘတ်ကို တွန်းခဲ့သဖြင့် မင်းအုပ်စိုးက တေးနုရင်၏ နားထင်ကိုတစ်ချက်ရိုက်ခဲ့သည်။

ထို့နောက် မတေးနုရင်က မင်းအုပ်စိုး၏လက်ကို ကိုက်ခဲ့ပြီး၎င်းက ရုန်းခဲ့ရာမှ အပြန်အလှန်တွန်းထိုးမိကြပြီး ၎င်းကကိုက်ထား သည့်လက်ကိုလွတ်ရန်အတွက် ဆောင့်တွန်းလိုက်ပြီး၊ တွန်းလိုက်သည့်အရှိန်ဖြင့်တေးနုရင်မှာ ခုတင် ခေါင်းရင်းဘောင်ပေါ် သို့ပြုတ်ကျသွားပြီး ထိုမှတစ်ဆင့်မှန်တင်ခုံနံဘေးရှိခုံပေါ်သို့ ရင်ဘတ်ဖြင့် မှောက်လျက်ကျရာမှတစ်ဆင့် ကြမ်းပြင်ပေါ်သို့ကျခဲ့ခြင်း ဟုထွက်ဆိုခဲ့သည်။

ထိုသို့ကျသွားပြီးနောက် ဆယ်မိနစ်နီးပါးခန့်အကြာတွင် မတေးနုရင်မှာသတိရတစ်ချက်၊ မရတစ်ချက်ဖြစ်နေပြီး မင်းအုပ်စိုးက ဝန်ထမ်းများကိုဆရာဝန် ခေါ်ခိုင်းပြီး၊ ၎င်းကိုယ်တိုင်တေးနုရင်သတိရစေရန်အတွက် ပြုစုလုပ်ဆောင် ပေးခဲ့ရာ ဆရာဝန်ရောက် ရှိလာချိန်တွင်တေးနုရင်ကို စမ်းသပ်ပြီးနောက် အသက်မရှိ တော့ဟုပြောသဖြင့် ဗဟန်းရဲစခန်းသို့ကိုယ်တိုင် သွားရောက် အကြောင်းကြားခဲ့ခြင်းဟု ၎င်း၏ထွက်ဆိုချက်များ အရသိရသည်။

စခန်းသို့သွားရောက်အကြောင်းကြားရာတွင်လည်း မိမိနှင့် မတေးနုရင်စကား များရာမှ မတေးနုရင် သေဆုံးခြင်းဖြစ်ကြောင်း သွားရောက်အကြောင်းကြားခဲ့ ခြင်းသာဖြစ်ပြီး မတေးနုရင်မှာမိမိ၏ ညီမဝမ်းကွဲဟုသော်လည်းကောင်း၊ မေတးနုရင်ကို သတ်ခဲ့သာ်ဟူ၍လည်းကောင်းပြောကြားခဲ့ခြင်းမရှိသလို မတေးနုရင် ကိုလည်း ထိုးကြိတ်ကန်ကျောက်ခဲ့ခြင်းမရှိဟုလည်း မင်းအုပ်စိုးကထွက်ဆို ခဲ့သည်။

လာမည့်ရုံးချိန်းတွင် သရုပ်ဆောင်မင်းအုပ်စိုးကို အပြန်အလှန်စစ်ဆေး သွားမည်ဖြစ်ပြီး ပြန်ခေါ်သက်သေနှစ်ဦးကို လည်းစစ်ဆေး ရန်အတွက်ချိန်းဆိုထားသည်။

အမှုဖြစ်စဉ်မှာပြီးခဲ့သည့် ဒီဇင်ဘာ ၂၅ ရက်၊ နံနက် ၂ နာရီခွဲဝန်းကျင်က ဗဟန်းမြို့နယ်၊ဗိုလ်ချိုရပ်ကွက်၊ ဖိုးစိန်လမ်းတွင်ရှိသည့် သရုပ်ဆောင်မင်း အုပ်စိုး၏နေအိမ်တွင် သရပါမဂ္ဂဇင်းအယ်ဒီတာ မနုနုရင်(ခ)တေးနုရင်ကို လူမှုရေးကိစ္စမေးမြန်းရာမှ မေးမရ သဖြင့်မင်းအုပ်စိုးထိုးကြိတ် ရိုက်နှက်ခဲ့ရာမှ မနုနုရင်သေဆုံးခဲ့၍ ဗဟန်းမြို့မရဲစခန်း ရဲအရာခံလင်းထွဋ်က တရားလို ပြုတိုင်တန်း ခဲ့ခြင်းဖြစ်ဟု ရဲမှတ်တမ်းများတွင်ဖော်ပြထားသည်။

မနုနုရင်(ခ)တေးနုရင်သည် သရပါမဂ္ဂဇင်းတွင်တာဝန်ထမ်းဆောင်နေ သည်မှာ ၇ နှစ်ဝန်းကျင်ခန့်ရှိနေပြီဖြစ်ပြီး ၎င်းအလုပ်လုပ် သည့် သရပါမဂ္ဂဇင်းတိုက်သည် မင်းအုပ်စိုး၏နေအိမ်ခြံဝင်းအတွင်းရှိကာ မဂ္ဂဇင်းဖောင် ပိတ်သည့်ရက်များတွင် တိုက်၌ပင်ည အိပ်လေ့ရှိသူတစ်ဦးဖြစ်သည်။

အဆိုပါအမှုကို ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံး၊ တွဲဖက်ခရိုင်တရားသူ ကြီး (၃)က ပြစ်မှုကြီးအမှတ် ၇/၁၅ ဖြင့်လက်ခံ စစ်ဆေးနေပြီး၊ လာမည့် ဇူလိုင် ၁ ရက်တွင် စစ်ဆေးရန်ရုံးချိန်း ချိန်းဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly