လိပ်ကျွန်းလူသတ်မှုနှင့် DNA စစ်ချက်၏ သံသယများ

လိပ်ကျွန်းလူသတ်မှုနှင့် DNA စစ်ချက်၏ သံသယများ

လိပ်ကျွန်း လူသတ်မှုတွင် ဒီအင်န်အေ ၁၀၀ ရာခိုင်နှုန်း ကိုက်ညီသည်ဆိုသော အတည်ပြုချက်များ နောက်ကွယ်က သိပ္ပံစစ်ချက်များနှင့် ပတ်သက်ပြီး နိုင်ငံတကာ မူခင်းပညာရှင်တစ်ဦးက လွန်စွာ စိုးရိမ်ကြောင့်ကြမှု ရှိနေသည်။

သက်သေပြချက်က အချက်အလက်အားနည်းပြီး စာရွက် တစ်ရွက်စာသာရှိသည့် DNA စစ်ချက်ဖြစ်နေသည်။ သြစတြေးလျ သိပ္ပံပညာရှင် ဂျင်းတပ်ပင်းအတွက် အဓိပ္ပာယ် ကောက်ယူနိုင်လောက်အောင် ပြည့်စုံခြင်း မရှိပေ။ “ဒီ ဒီအင်န်အေစစ်ချက်ကို ဖတ်ရသူအတွက် ဘယ်လို သက်သေခံ ထွက်ဆိုချက် ပေးရမယ်ဆိုတာ လမ်းညွှန်နိုင်မှာ မဟုတ်ပါဘူး”ဟု အမျိုးသမီး တစ်ဦးဖြစ်သည့် ဂျင်းက ပြောသည်။

“ဒီအပြင် ဘာတွေပါနေသေးလဲဆိုတော့ လက်ရေးမှတ်ချက်တွေ၊ ပြင်ဆင်ချက်တွေလည်း ဒီအင်န်အေ စစ်ချက်မှာ ပါနေတယ်။ ဒါမျိုးကတော့ နိုင်ငံတကာစံနဲ့ ဘယ်လိုမှ မညီညွတ်ဘူးဆိုတာတော့ ကျွန်မ သိတယ်”ဟု ဂျင်းက ပြောသည်။ ဂျင်းသည် ဒီအင်န်အေ သရုပ်ခွဲသည့် ကမ္ဘာ့ပညာရှင်များတွင် တစ်ဦးအပါအဝင်ဖြစ်သည်။

ပြီးခဲ့သည့်နှစ်က လိပ်ကျွန်းလူသတ်မှု ကြားနာမှုတွင် ဒီအင်န်အေ သက်သေခံချက်များနှင့် ပတ်သက်ပြီး သံသယရှိ စိုးရိမ်နေသူလည်း ဖြစ်သည်။ သို့သော်လည်း သြစတြေးလျမှ ထိုင်းနိုင်ငံသို့ လေယာဉ်ဖြင့် သွားရောက်ကာ အမှုကို ကြားနာခဲ့သော်လည်း သက်သေတစ်ဦးအဖြစ် ထွက်ဆိုခွင့် မရခဲ့ပေ။ ထိုအစား တရားခံများ ဖက်ကရှေ့နေအဖွဲ့က ဒီအင်န်အေတွေ့ရှိချက်များကို ချေဖျက်ရန် မူခင်းသိပ္ပံဗဟိုဌာန အကြီးအကဲ ပွန်တစ်ရို ဂျာနာဆန်နန်၏ ကျမ်းကျိန်ထွက်ဆိုချက်အပေါ် အားထားနေခဲ့သည်။

ကော့စမွီတရားရုံးမှ တရားသူကြီးသုံးဦးက လိပ်ကျွန်းတွင် ဗြိတိန်စုံတွဲ ဒေးဗစ်နှင့် ဟန်နာတို့အား သတ်ဖြတ်မှုဖြင့် မြန်မာရွှေ့ပြောင်း အလုပ်သမားနှစ်ဦးဖြစ်သည့် ကိုဇော်လင်းနှင့် ကိုဝင်းဇော်ထွန်းတို့နှစ်ဦးအား အပြစ်ရှိကြောင်း သေဒဏ်စီရင်ချက် ချခဲ့သည်။ တရားရုံးစီရင်ချက်က အစိုးရရှေ့နေများတင်သည့် ဒီအင်န်အေ သက်သေအပေါ် အလွန်အမှီပြုပြီး ခရစ္စမတ်အကြိုတွင် သေဒဏ်ပေးလိုက်ခြင်းဖြစ်သည်။ နိုင်ငံတကာက လက်ခံနိုင်သည့် နည်းစနစ်များကို သုံးပြီး စစ်ဆေးခဲ့သည့် ဒီအင်န်အေသည် ၁၀၀ ရာခိုင်နှုန်း ကိုက်ညီသည်ဟု တရားရုံးက အခိုင်အမာဆိုကာ စီရင်လိုက်ခြင်းဖြစ်သည်။

သို့သော် ပြည်တွင်း ဓာတ်ခွဲခန်းစစ်ဆေးသူနှင့် တရားရုံးများက မူခင်းသက်သေခံချက်များ အသုံးပြုခြင်း အကြောင်း စာအုပ်ရေးသားသူတစ်ဦးဖြစ်သည့် ဂျင်းက အမှုအပေါ် သံသယများ ကြီးစိုးနေလျက်ရှိသည်။ မူခင်းဖြစ်စဉ်များတွင် ရှင်းရှင်းလင်းလင်းရှိသည့် ဒီအင်န်အေနမူနာများ ရရှိရန်မှာ အလွန် ခက်ခဲလွန်းကြောင်း ဂျင်းက ဆိုသည်။

ရောထွေးနေသည့် ဒီအင်န်အေနမူနာများ ရှိနေသည့် လိပ်ကျွန်းအမှုကဲ့သို့ အမှုဖြစ်စဉ်များက အန္တရာယ်များ ရောပြွန်းနေသည့် ဒီအိုင်အေစစ်ချက်များ ဖြစ်လိမ့်မည်ဟု ၎င်းက ပြောသည်။ ရှုပ်ထွေးပြီး တစ်ခါတစ်ရံလည်း အားကိုးလောက်ဖွယ် မဖြစ်သည့် ဒီအင်န်အေ စာရင်းတွက်ချက်မှုများကို တရားရုံးတင်သင့်ကြောင်း၊ စွပ်စွဲ ခံရသူများကိုသာ တွေ့ရှိ ဒီအိုင်အေနမူနာများနှင့် တိုက်ကြည့်ခြင်းထက် ဖြစ်နိုင်ခြေ ရှိသမျှသူများကိုလည်း ပိုင်းဖြတ် သွားနိုင်ရမည်ဖြစ်ကြောင်း ပြောသည်။ တရားခံရှေ့နေအဖွဲ့နှင့် တရားရုံးက ထိုသို့ တွက်ချက် အကဲဖြတ်မှုမျိုး မလုပ်ဆောင်ခဲ့ကြပေ။

အခင်းဖြစ်ရာတွင် တွေ့ရှိ ဒီအင်န်အေနှင့် စွပ်စွဲတရားခံနှစ်ဦး၏ ဒီအင်န်အေ ကိုက်ညီမှုရှိသည်ဟု သက်သေပြချက်ကို တရားသူကြီးများက ကြားနာခဲ့သည်။ ထိုသို့ ဒီအင်န်အေ ကိုက်ညီမှုရှိသည်ဟုဆိုကာ ခိုင်လုံသက်သေအဖြစ် တင်သွင်းခြင်းမျိုးက မဖြစ်ထိုက်ပေ။ ဒီအင်န်အေတွင် ဖြစ်တန်ခြေရှိသည့် အချိုးအစားကိုသာ တင်ပြသင့်ခြင်းဖြစ်သည်ဟု ဂျင်းကဆိုသည်။

“ဘယ်လိုမျိုးပဲဖြစ်ဖြစ် စာရင်းနှုန်းချ တွက်ချက်မှုမျိုးကို လိုအပ်ပါတယ်။ ထိုင်းနိုင်ငံက ဒါကို မလုပ်ဆောင်ခဲ့ဘူး။ ဒီအင်န်အေ အဆင့်သတ်မှတ်တယ်ဆိုတာ အမျိုးအစား ခွဲထုတ်ပြတာပဲဖြစ်တယ်။ ကိုက်ညီတယ်လို့ ပြောလို့မရဘူး။ ဒါက လက်ဗွေရာလိုမျိုးမှ မဟုတ်တာပဲ။ ကိုက်ညီတဲ့ တရားခံလို့ ပြောမယ်ဆို တိကျမှုတွေ ပေးနိုင်ဖို့ လိုပါတယ်”ဟု ဂျင်းက ပြောခဲ့သည်။

 

သံသယအစ

၂၀၁၄ ခုနှစ် စက်တင်ဘာ ၁၅ ရက်တွင် လိပ်ကျွန်းကမ်းခြေ၌ ဒေးဗစ်နှင့် ဟန်နာ ဗြိတိန်စုံတွဲ၏ ရုပ်အလောင်း စတင် တွေ့ရှိခဲ့ရာမှ ပြည်သူနှင့် အာဏာသိမ်း စစ်အစိုးရသစ်တို့၏ ဖိအားများကြောင့် အမှုကို မြန်မြန် ဖော်နိုင်ရေးက ရဲဌာန၏ ဖိစီးမှုကြီးဖြစ်ခဲ့သည်။ သို့သော် အခင်းဖြစ်ရာနေရာသည် ခြေရာလက်ရာမပျက် ရှိမနေနိုင်ဘဲ အခြားအရာများ ရောနှော နေမည်ဆိုသည့် စိုးရိမ်မှုများကြားက စုံစမ်းရေးကို စိုက်လိုက်မတ်တတ် လုပ်လာခဲ့ခြင်း ဖြစ်သည်။ ထွက်ပေါ်လာသည့် အခင်းဖြစ်ရာ ပတ်ဝန်းကျင်တစ်ဝိုက်ကို ရိုက်ကူးထားသည့် စီစီတီဗီများက အလုပ်မလုပ်ဘဲ ကျွန်းအဝင်အထွက်ကို ရိုက်ကူးထားသည့် ကင်မရာများကိုလည်း စစ်ဆေးခြင်း လုံးလုံး မရှိခဲ့ပေ။

သံသယစာရင်းတွင် ထိုင်းနိုင်ငံသားများကို ချက်ချင်းလိုပင် စာရင်းမှ ထုတ်ပယ်လိုက်ပြီး ကျွန်းပေါ်ရှိ မြန်မာ ရွှေ့ပြောင်း အလုပ်သမားများက အမှုကို ကျုးလွန်ခြင်း ပိုပြီးဖြစ်နိုင်သည်ဟု မြန်မြန်ဆန်ဆန်ပဲ ကြေညာခဲ့သည်။ ဒီအင်န်အေ နမူနာက ပြသနေသည်မှာ ပြစ်မှုကျုးလွန်သည့် လူသတ်မုဒိမ်းကျင့်သူများမှာ အာရှနွယ်ဖွားများ ဖြစ်သည်ဟု ရဲများက ကြေညာခဲ့သည်။ သို့သော် ဒီအင်န်အေ အဆင့်သတ်မှတ်မှုက မျိုးနွယ်ကို ခွဲခြားနိုင်ခြင်းမရှိဘဲ ရဲများက ယင်းသို့ ကြေညာခဲ့ကြခြင်းဖြစ်ကြောင်း တရားရုံးတွင် ရဲမူခင်းပညာရှင်များက နောက်ပိုင်း ဝန်ခံထွက်ချက်ပေးခဲ့ကြသည်။

လူသတ်မှုဖြစ်ပွားပြီး နောက်ရက် စက်တင်ဘာ ၁၆ ရက်တွင် အခင်းဖြစ်ရာမှ သက်သေပစ္စည်း ၁၁ ခုနှင့် သံသယရှိသူ ၁၄ ဦး၏ ဒီအင်န်အေ နမူနာများကို ဓာတ်ခွဲစစ်ဆေးရန် ရဲမူခင်း ဓာတ်ခွဲခန်းသို့ ပေးပို့ခဲ့သည်။ ပေးပို့သည့် သက်သေပစ္စည်းများမှ တစ်ခုမှာ လူသတ်လက်နက်ဖြစ်သည့် ပေါက်တူးတစ်လက်ဖြစ်သည်။ ပထမ စမ်းသပ်မှုတွင် ပေါက်တူးတွင် ဟန်နာ၏ သွေးဖြစ်ကြောင်း သက်သေပြနိုင်သည့် သွေးများတွေ့ရှိကြောင်း ဆိုသည်။ သို့သော် ဒီအင်န်အေကိုမူ မဖော်ထုတ်နိုင်ခဲ့ပေ။

ထိုပေါက်တူးကို စစ်ဆေးစမ်းသပ်ပြီး တစ်နှစ်နီးပါးခန့်ကြာမှ နောက်ထပ်တစ်ကြိမ် စစ်ဆေးသည်။ ထိုစစ်ဆေးမှုကို ဒေါက်တာ ပွန်တစ်က ဦးဆောင် စစ်ဆေးခဲ့ခြင်းဖြစ်ပြီး လူနှစ်ဦး၏ ဒီအင်န်အေ သဲလွန်စများကို တွေ့ရှိခဲ့သော်လည်း စွပ်စွဲခံထားရသူနှစ်ဦးနှင့် ကိုက်ညီမှုမရှိကြောင်း တွေ့ရှိရသည်။ အစိုးရရှေ့နေများ ကိုင်ထားသည် အဓိက အမှုသက်သေမှာ ဟန်နာ၏ ကိုယ်ပေါ်တွင် တွေ့ရသည့် ဒီအင်န်အေနမူနာနှင့် တရားခံနှစ်ဦးက ကိုက်ညီမှု ရှိသည်ဆိုသည့် သက်သေပင်ဖြစ်သည်။

တရားခံဖက်ရှေနေ့များက ထိုသို့ ကိုက်ညီမှုရှိသည် ပြောသည့် ဒီအင်န်အေ နမူနာအား လွတ်လွတ်လပ်လပ် အတည်ပြုနိုင်ရေးအတွက် ပေးပို့ရန် ရဲထံက တောင်းဆိုခဲ့သော်လည်း သက်သေ ဒီအင်န်အေကို ထပ်မံ စစ်ဆေးခြင်းမျိုး ခွင့်မပြုနိုင်ကြောင်း ရဲက ပြောခဲ့သည်။

သက်သေများရဲ့ မုသား

ဒီအင်န်အေဖြင့် စစ်မည်ဆိုလျှင် အမှုသည် ခိုင်လုံသည့် သက်သေဖြစ်သည် ဟုဆိုကာ အများသိအောင် လွဲမှား  လုပ်ဆောင်နေသည့် CSI ကဲ့သို့သော ရုပ်မြင်သံကြား တင်ဆက်မှုများကို ဂျင်းက အပြစ်ဆိုသည်။ အမှန်အားဖြင့်ဆိုလျှင် ဒီအင်န်အေ အဆင့်သတ်မှတ်မှုဆိုသည်က သိပ္ပံပညာရှင် တစ်ဦးချင်းစီ၏ ယူဆချက်နှင့် အဓိပ္ပာယ် ကောက်ယူမှုအပေါ်တွင် အလွန်မှီတည်နေသည့် သက်သေဖြစ်သည်။ သုတေသနများ အရလည်း ပြသနေသည်က ဒီအင်န်အေ နမူနာတူတစ်ခုအပေါ် လုံးလုံးလျားလျား မတူညီသည့် ဖော်ထုတ် တွေ့ရှိချက်များအား သီးခြား ဓာတ်ခွဲခန်းတစ်ခုစီက ထုတ်ပြလာနိုင်တာမျိုးများလည်း ရှိနိုင်ကြောင်း ဂျင်းက ပြောသည်။

“ဒီအင်န်အေဆိုတာ ဆန်းစစ်တဲ့ ပညာရှင်ရဲ့ အဓိပ္ပာယ် ကောက်ယူချက်အပေါ်မှာ လုံးလုံးလျားလျား မှီတည် နေတာပါ။ နမူနာ ဒီအင်န်အေမှာ လူဘယ်နှစ်ယောက်လောက် ကိုက်ညီ ပါဝင်နေမယ်ဆိုတာက ပညာရှင် ဖြစ်သူက ယူဆရတာပဲဖြစ်ပါတယ်။ ပညာရှင်တစ်ဦးက လူတစ်ဦးသာ ပါဝင်နေမယ်လို့ ပြောပေမယ့် အခြားတစ်ဦးက နှစ်ဦး ပါဝင်နေလိမ့်မယ်လို့လည်း ပြောလာနိုင်တာပဲ ဖြစ်တယ်”ဟု ဂျင်းက ပြောသည်။

ရလဒ်ထုတ်ရမည်ဆိုပါက မူခင်း ဆေးသိပ္ပံပညာရှင်များက ၎င်းတို့ အတွေ့အကြုံများမှ အပြစ် အနာအဆာများအပေါ် ပိုင်ပိုင်နိုင်နိုင် သတိပြုမိ နေရမည်ဖြစ်ကြောင်း၊ တရားရုံးကို တင်ပြီဆိုလျှင် ဖြစ်နိုင်သမျှ ချို့ယွင်းချက်များကိုပါ တင်ပြ ပြောဆိုရမည် ဖြစ်ကြောင်း ဂျင်းက ပြောသည်။ ဒီအင်န်အေ အဆင့်ခွဲချက် တစ်ရပ်လုံးက သေချာမှုဖြင့် အစပျိုးခြင်း မဟုတ်ကြောင်း၊ ဖြစ်နိုင်ခြေ အကြောင်းရပ်သာ ထုတ်ပြခြင်းဖြစ်ပြီး မူခင်းဆေးသိပ္ပံ၏ အခြားသော စမ်းသပ်ချက်များကဲ့သို့ ခိုင်လုံသက်သေ မဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။

စစ်ဆေးစမ်းသပ်ရန် အခင်းဖြစ်ပွားရာမှ နမူနာများ ရောက်ရှိချိန်ဆိုလျှင် မူခင်း သိပ္ပံပညာရှင်များက သက်သေ အပိုင်းအစပေါ်က တွေ့ရှိ ဒီအင်န်အေ အရောအနှောတွင် ပါဝင် ကိုက်ညီနေနိုင်သူ မည်မှုရှိနိုင်ကြောင်းကို ဦးစွာ မှန်းဆရသည်။ အဖြစ်နိုင်ဆုံး ကိုက်ညီသူများက ကျန်သူ တစ်ဦးချင်းစီ၏ ကိုက်ညီနေသော ဒီအိုင်အေ များနှင့်လည်း နှီးနွှယ်နေလျက်ရှိသူများသာ ဖြစ်သည်။

သိပ္ပံပညာရှင်များအနေဖြင့်မူ မျိုးဗီဇ Genomes တစ်ခုလုံးကို ဆန်းစစ်လိမ့်မည် မဟုတ်ပေ။ သေးငယ်သည့် အပိုင်းများကိုပဲ ကြည့်လိမ့်မည်ဖြစ်သည်။ ဒီအင်န်အေ စမ်းသပ်ရာ နယ်ပယ်နေရာတွင် နိုင်ငံများက မတူညီ ကြပေ။ သို့သော်လည်း ထိုင်းသိပ္ပံပညာရှင်များက အဓိက အပိုင်း ၁၆ မှတ်အထိကို စစ်ဆေးလိမ့်မည်ဖြစ်၍ နိုင်ငံတကာစံအရ လက်ခံနိုင်မှုအဖြစ် သုံးသပ်ရသည်။

ထို ၁၆ နေရာတွင်လည်း Alleles ဟုခေါ်သော မတူညီသော ဖြစ်တန်ရာ မျိုးဗီဇ အပြောင်းအလဲများလည်း များစွာရှိသည်။ လူတိုင်းတွင် မိခင်ထံမှ မျိုးဗီဇနှင့် ဖခင်ထံမှ မျိုးဗီဇ တစ်ခုစီတိုင်းတွင် Alleles နှစ်ခုစီ ရှိနေကြသည်။ နမူနာ နှိုင်းစာချက်ထုတ်ရာတွင် စမ်းသပ်ဗီဇ အစိတ်အပိုင်းများဖြင့် ခွဲခြားပြီးဖြစ်သည့် Allele ကို အကန့် တစ်ခုစီဖြင့် ပိုင်းခြားထားရသည်။ ထိုသို့ အကန့် ၁၆ ကန့်ခွဲကာ ဆန်းစစ်ပြီး ကိုက်ညီမှုရှိသည့် ဒီအိုင်အေကို သိပ္ပံပညာရှင်များက ထင်မြင်ချက်ပေးခြင်း ဖြစ်သည်။ ဒီအိုင်အေနမူနာ တိုက်ဆိုင်သွားရာတွင် မှန်နိုင်သလောက် ကိုက်ညီမှု ရှိသူကို ခွဲထုတ်ခြင်းဖြစ်သည်။

လူနှစ်ဦးအနေဖြင့် သီးခြားမှတ်များတွင် Alleles များ ကိုက်ညီမှုရှိနိုင်သော်လည်း ၁၆ မှတ်အထိ ကိုက်ညီခြင်းက ဖြစ်နိုင်ရှားပါသည်။ ၁၇ မှတ်အထိ ကိုက်ညီမှုရှိသည်ဆိုသည်ကမူ လူဆယ်ဘီလီယံ၌ တစ်ဦးနှုန်းသာ ကိုက်ညီမှု ရှိနိုင်ခြင်းဖြစ်ကြောင်း ဂျင်းက ပြောသည်။ “ဒါပေမယ့် ဒီလိုဖြစ်တယ် ဆိုရင်တောင် အတိအကျပါလို့ သက်သေမပြနိုင်ပါဘူး။ အချက်အလက်ကိုသာ ပေးနိုင်တာပဲ ဖြစ်ပါတယ်။ တကယ်သက်သေအဖြစ် တည်ဆောက်ဖို့ဆိုရင်တော့ နောက်ထပ် ခြေလှမ်းတွေ လိုပါဦးမယ်။ တကယ်လို့ ဒီအင်န်အေ ရောနှောမှုက လူတစ်ဦးထက်ပို ပါဝင်နေတယ်ဆိုရင် ပေးနိုင်မယ့် အချက်အလက်က အချိုးမျှမှု ခြားနားမှာပဲ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မတူညီတဲ့ ရောနှောနေမှုကြောင့် ရလဒ်အချိုး ခြားနားမှာပဲဖြစ်တယ်”ဟု ဂျင်းက ပြောသည်။

လိပ်ကျွန်းအမှုတွင် များစွာ စိတ်ဝင်စားဖွယ်ကောင်းသည်မှာ ဟန်နာတွင် တွေ့ရှိသည့် သုတ်ပိုး နမူနာဖြစ်သည်။ ထိုနမူနာတွင် အနည်းဆုံး လူသုံးဦး၏ ဒီအင်န်အေ ပါဝင်နေသည်။ ရဲများကမူ တွေ့ရှိသုတ်ပိုးက ဒီအင်န်အေက ဟန်နာ၏ သုတ်ပိုးနှင့် စွပ်စွဲတရားခံနှစ်ဦး၏ သုတ်ပိုးများ ဖြစ်သည်ဟု ပြောထားကြသည်။ သို့သော် ဂျင်းကမူ ထိုနမူနာ သုတ်ပိုး ဒီအင်န်အေတွင် ရောနှော အချက်အလက်များ မည်မျှပါဝင်နေမည်ကို သေချာ မရှင်းလင်း ကြောင်းပြောသည်။

အစမ်း နှိုင်းယှဉ်ချက်ဖြင့် ကိုက်ညိကြည့်မည်ဆိုလျှင် ပို၍ ဖြစ်တန်ရာရှိသည့် သူအရေအတွက် တိုးလာနိုင်သည်။ အခြေခံအဆင့် ဒီအင်န်အေ သရုပ်ခွဲမှုတွင် စွပ်စွဲခံများနှင့် အခင်းဖြစ်ရာကြား ကွင်းဆက်တုများ အလွယ်တကူ ဖန်တီးနိုင်ကာ ရောနှော ဒီအင်န်အေများလည်း ဖြစ်စေနိုင်သည်။ လိပ်ကျွန်း ကြားနားမှုအတွင်း သံသယရှိသူများ၏ ဒီအိုင်အေသည် ၁၆ မှတ်စလုံး တူညီနေသည်ကို တွေ့ရှိကြောင်း တရားရုံးက ပြောသည်။ သို့သော်လည်း အခင်းဖြစ်ရာက ဒီအင်န်အေနှင့် သံသယရှိသူနှစ်ဦး ဒီအင်န်အေ ၁၆ မှတ်အထိ တူညီနေသကဲ့သို့ ထိုသို့ ၁၆ မှတ်အထိ တူညီနိုင်သူ ဦးရေ မည်မျှအထိ ရှိနိုင်သည်ဆိုသော စာရင်းအင်းကိုလည်း မပြသထားသဖြင့် ယင်းက နိုင်ငံတကာစံကို ဖီဆန်ခြင်းဖြစ်ကြောင်း ဂျင်းက ပြောသည်။

“ဥပမာပြောမယ် ဒီအင်န်အေ နမူနာတစ်ခုမှာ မျိုးဗီဇ ငါးခု ပါဝင်နေတယ်ဆိုရင် ဒါနဲ့ ကိုက်ညီမှု ရှိနိုင်တာက ရှင်ရော ကျွန်မရော ဖြစ်နိုင်ပါတယ်။ ရှင်မှာ ငါးမျိုးစလုံး ပါဝင်နေတယ်ဆိုရင် အခင်းဖြစ်ရာက နမူနာ မဟုတ်လည်း ဒါက ရှားပါးတဲ့ မျိုးဗီဇအပြောင်းအလဲ Allele ပါပဲ။ လူအများစု ဒီထဲ ပါဝင်နေနိုင်တာပဲ ဖြစ်ပါတယ်”ဟု ဂျင်းက ပြောသည်။ “စဉ်းစားရမှာက ဒီအင်န်အေနမူနာကို လူဘယ်လောက်က ပေးပြီး စစ်ဆေးတဲ့ ဒီအင်န်အေနဲ့ ဘယ်နှဦးက ကိုက်ညီမှု ရှိလဲဆိုတာကိုပါပဲ”ဟု ဂျင်းက ပြောသည်။

လိပ်ကျွန်းအမှုတွင် ဒီအင်န်အေ သက်သေက ကိုက်ညီမှုရှိသည်ဟု တရားလိုများက ပြောကြသော်လည်း အမှုများတွင် စီရင်ချက်ချကြရာ၌ ဒီအင်န်အေကို သက်သေယူသည်က နမူနာနှင့် ကိုက်ညီမှုအားပေါ်တွင် မဟုတ်ဘဲ ကွဲပြားမှုကို သိမြင်နိုင်ခြင်းစွမ်းရည်နှင့် မတူညီမှုများ အပေါ်တွင်သာ ဖြစ်ကြောင်း ၎င်းက ဆိုသည်။ ဂျင်းအနေဖြင့် တရားရုံး၏ ဆုံးဖြတ်ချက်ကို ဝေဖန်နေခြင်း မဟုတ်သော်လည်း ရှေ့နေများဖက်က တင်သည့် ဒီအင်န်အေ သက်သေက အနာအဆာများ ရှိနေပြီး သက်သေခိုင်မာမှုကို ပြရန်အတွက် ပိုမိုရှင်းလင်းနိုင်ရန် လိုခြင်းကို ပြောလိုခြင်းဖြစ်ကြောင်းလည်း ဆိုသည်။

ရောနှော ဒီအင်န်အေများအပေါ် အကဲဖြတ်ချက် ချရသည့် သဘောသဘာဝကို ကိုးကားလျက်  ရဲမူခင်း ပညာရှင်များက လိပ်ကျွန်း တရားခံနှစ်ဦး၏ ဒီအင်န်အေ ၁၀၀ ရာခိုင်နှုန်း ကိုက်ညီမှုရှိသည် ဆိုခြင်းအား ၎င်းတို့၏ ဓာတ်ခွဲခန်းက အာမခံပေးကာ စီရင်ချက်၏ အဓိကသက်သေအဖြစ် အတည်ပြုလာခြင်းကို ဂျင်းက အထူးသဖြင့် ဝေဖန်နေခြင်း ဖြစ်သည်။ နိုင်ငံတကာစံတွင် မူခင်း ဒီအင်န်အေ ခွဲခြားမှုကို ဒိဌိအတည်ပြုချက် မှတ်ကာ စီရင်ခြင်း မရှိကြောင်း၊ ဒီအင်န်အေ မော်လီကျုးနေရာများစွာ ခွဲခြမ်းပြီးလည်း စီရင်ချက် သက်သေမဖြစ်ကြောင်း ၎င်းက ပြောသည်။ ထိုအကြောင်းပြချက် အားဖြင့် ရာဇဝတ်မှု အခြေခံစီရင်ထုံးများတွင် ဒီအင်န်အေ သက်သေ သက်သက်ဖြင့် မလုံလောက်ကြောင်းကို ပြသနေသည်ဟုလည်း ဂျင်းက ပြောသည်။ ဒီအင်န်အေဆိုသည်က လက်ဆုပ်လက်ကိုင် မပြနိုင်သော်လည်း သက်သေအဖြစ် ယူမှတ်ရသည့် အပိုင်းအစ တစ်ခုသာဖြစ်ပြီး ယင်းက သိပ္ပံစမ်းသပ်ချက် သက်သက်သာ ပို၍ ဖြစ်နေကြောင်း ဂျင်းက ပြောခဲ့သည်။

အမှန် လှည့်စားမှုပရိယာယ်

ဒီအင်န်အေ ခွဲခြမ်းမှုတွင် အမှားများစွာ ထွက်ပေါ်လာနိုင်သည့် နယ်ပယ်များစွာ ရှိနေပြီး အဆင့်တူ သုံးသပ်ချက်အတွက် အချက်အလက် ရနိုင်မှုကလည်း မရှိမဖြစ် အရေးကြီးကြောင်းလည်း ဂျင်းက ဆိုသည်။ “ရလဒ်အမှန်အဖြစ် မှတ်ယူသွားနိုင်စေမယ့် နည်းလမ်းအလွဲတွေလည်းပဲ များစွာရှိနေတယ်”ဟု ၎င်းက ပြောသည်။ လိပ်ကျွန်းအမှုတွင် တရားရုံးသို့ တင်သည့် အကန့်အသတ်ရှိသော အချက်အလက်များတွင် အမှားများ ပါလာနိုင်ခြေ ရှိသည်။ စာတစ်မျက်နှာစာ ဒီအင်န်အေ သက်သေဇယားတွင် ဟန်နာ၏ ရင်သားပေါ်က ဒီအင်န်အေက စွပ်စွဲခံနှစ်ဦးစလုံးနှင့် မကိုက်ညီဘဲ ရှိသည်။

“တရားလိုတွေဖက်က ပြောတယ်။ ဒီရင်သားနေရာက ဒီအင်န်အေတွေ မတူတာက ကိစ္စမရှိဘူး။ အခြားအရာတွေမှာ ကိုက်ညီနေတာပဲလို့ ပြောကြတယ်။ ဒါပေမယ့် ဒါက ကိစ္စရှိပါတယ်။ ဘာကြောင့်လဲ ဆိုတော့ အလွန်တန်ဖိုးရှိတဲ့ အချက်ပါ။ ခုဒီအင်န်အေ သက်သေအရဆိုရင် ဒီနှစ်ဦးက အမှုမှာ ပါဝင်တယ်လို့ ပြောမယ်ဆို တတိယတစ်ဦးလည်း ရှိနေမှာပဲဖြစ်လို့ပါ”ဟု ဂျင်းက ပြောခဲ့သည်။

သုတ်သွေး နမူနာတွင်လည်း စပ်ဆက်မှုများ များစွာရှိနေသည်။ ဟန်နာ၏ စအိုသွေးစက အနည်းဆုံး လူနှစ်ဦး ဒီအင်န်အေ ရောနှောနေပြီး သုံးဦးလည်း ဖြစ်နိုင်ကြောင်း ဂျင်းကဆိုသည်။ သို့သော် အဆင့်တိုင်းကို လက်ခံရန်မှာ အထောက်အထားမရှိပေ။ ဒီအင်န်အေ စစ်ချက်က သံသယရှိသူ နှစ်ဦးတည်းအပေါ်မှာသာ စစ်ဆေးခဲ့ခြင်းလား သို့မဟုတ် ထိုထက် ပိုလားဆိုသည်ကို မသိရကြောင်း ဂျင်းကပြောသည်။ ကောက်ချက်ချရန်အတွက်က ဒီအင်န်အေ ခွဲခြမ်းမှုကို မည်သို့ ဆောင်ရွက်ခဲ့သည် ဆိုသောအပေါ် လွှမ်းမိုး နိုင်ရမည်ဖြစ်ကြောင်းလည်း ဆိုသည်။

(ဤသတင်းပေးပို့ချက်သည်  ထိုင်းနိုင်ငံအခြေစိုက် ဘန်ကောက်ပို့စ် သတင်းစာကြီး၏ အင်တာနက် စာမျက်နှာတွင် အထူးသတင်းပေးပို့ချက်အဖြစ် ဖေါ်ပြထားသည့် Unlocking the DNA of doubt ခေါင်းစဉ်ဖြင့် ဖေါ်ပြထားသည်ကို ဘာသာ ပြန်ဆို ဖေါ်ပြခြင်းဖြစ်သည်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly