အာဆတ်ကို ခိုလှုံခွင့်ပေးခြင်းက စနိုးဒဲန်ကို ခိုလှုံခွင့်ပေးခြင်းထက် ပိုမိုလွယ်ကူဟု ပူတင်ဆို

အာဆတ်ကို ခိုလှုံခွင့်ပေးခြင်းက စနိုးဒဲန်ကို ခိုလှုံခွင့်ပေးခြင်းထက် ပိုမိုလွယ်ကူဟု ပူတင်ဆို

မော်စကို၊ ဇန်နဝါရီ ၁၂ ။           ။ ဆီးရီးယားခေါင်းဆောင် ဘာရှားအယ်လ်အာဆတ်ကို ခိုလှုံခွင့်ပေးခြင်းသည် အမေရိကန်ထောက်လှမ်းရေးကန်ထရိုက်တာဟောင်း အက်ဒဝပ်စနိုးဒဲန်ကို ခိုလှုံခွင့်ပေး ခဲ့ခြင်းထက် များစွာပို၍ လွယ်ကူမည်ဖြစ်သည်ဟု ရုရှားသမ္မတဗလာဒီမာပူတင်က ပြောသည်။ သို့သော်လည်း အာဆတ်အား ခိုလှုံခွင့်ပေးခြင်းမှာ အချိန်မတိုင်သေးဟု ဆိုကာ ပယ်ချခဲ့ကြောင်း ဂျာမန် သတင်းစာ Bild နှင့် အင်တာဗျူးတွင် ပူတင်က ပြောကြားခဲ့သည်။

ဆီးရီးယားတွင် သမ္မတရွေးကောက်ပွဲများကို ကုလသမဂ္ဂက ကမကထလုပ်သည့် ငြိမ်းချမ်းရေးအစီအစဉ်တစ်ခုအရ ဒီမိုကရေးစီနည်းကျ ကျင်းပလျင် အာဆတ်အနေဖြင့် နိုင်ငံမှ ထွက်ခွာရန် လိုအပ်လိမ့်မည် မဟုတ်ကြောင်းလည်း ပူတင်က သတင်းစာသို့ပြောခဲ့သည်။ "နောက်ပြီး သမ္မတအနေနဲ့ဖြစ်ဖြစ် သမ္မတအနေနဲ့ မဟုတ်ဟုတ် သူဘယ်မှာ နေတယ်ဆိုတာ အရေးမကြီးပါဘူး"ဟု ပူတင်ကဆိုသည်။

အမေရိကန်၏ ထောက်လှမ်းရေးလျှို့ဝှက်ချက်များကို လူသိရှင်ကြားဖွင့်ချသည်ဟု စွပ်စွဲခံရသည့် စနိုးဒဲန်ကို ရုရှားက ခိုလှုံခွင့်ပေးလိုက်ခြင်းကြောင့် ၂၀၁၃တွင် အမေရိကန်နှင့် ကြီးမားသည့် ထိပ်တိုက် ရင်ဆိုင်မှုတစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။ ရုရှားက ယူကရိန်း၏ ကရိုင်းမီးယားကျွန်းဆွယ်ကို သိမ်းပိုက်ခဲ့ပြီး အနီးနားဒေသများမှ သူပုန်များကို ထောက်ခံလိုက်ပြီးနောက် ၂၀၁၄တွင် ကမ္ဘာ့အကြီး ဆုံးနျူကလီးယား အင်အားကြီးနိုင်ငံနှစ်ခုကြား တင်းမာမှုများမှာ စစ်အေးလွန်ခေတ်တွင် အဆိုးဆုံးလိပ်ခဲတည်းလည်းအခြေအနေအထိ မြင့်တက်ခဲ့သည်။

သို့သော်လည်း ရုရှားနှင့် အမေရိကန်တို့သည် ယခုအခါ ဆီးရီးယားရှိ ငါးနှစ်ကြာပြည်တွင်းစစ်အဆုံးသတ်ရေးအတွက် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ စစ်ပွဲကြောင့် ဆီးရီးယားလူမျိုး ၂၅၀,၀၀၀ကျော်သေဆုံးခဲ့သည့်အပြင် သန်းပေါင်းများစွာသော ပြည်သူများမှာ အိုးအိမ်စွန့်ခွာထွက်ပြေးကြရသည်။ ယင်းသို့အခြေအနေများက ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဥရောပတွင် အကြီးမားဆုံး ဒုက္ခသည်အကျပ်အတည်းဖြစ်ပေါ်စေခဲ့သည်။

၎င်း၏ အဓိကရည်ရွယ်ချက်မှာ ဆီးရီးယားတွင် တရားဝင်အစိုးရကို ထောက်ခံရန်ဖြစ်သည်ဟု ပူတင်ကပြောသည်။ တစ်ချိန်တည်းမှာပင် လက်နက်ကိုင်အတိုက်အခံများအပေါ် အာဆတ်၏ အင်အားအသုံးပြုမှုကို ကာကွယ်ပေးသော အခြေခံဥပဒေဆိုင်ရာ ပြုပြင်ပြောင်းလဲရေးပြုလုပ်ရန် အားပေးသည်ဟု ဆိုသည်။ သို့သော်လည်း အာဆတ်သည် ဆီးရီးယားပဋိပက္ခလမ်းကြောင်းတွင် အမှားများစွာကျူးလွန်ကြောင်းလည်း ပူတင်ကပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly