NCA ထိုးပြီး နိုင်ငံရေးဆွေးနွေးပွဲကိုဖြတ်ပြီးမှ တောင်းဆိုချက်များ ဖော်နိုင်မည်

NCA ထိုးပြီး နိုင်ငံရေးဆွေးနွေးပွဲကိုဖြတ်ပြီးမှ တောင်းဆိုချက်များ ဖော်နိုင်မည်
NCA လက်မှတ်မထိုးလျင် လိုလားနေချက်များကို ဆွေးနွေးမှု၊ တောင်းဆိုမှုများဆောင်ရွက်နိုင်မည့် အခွင့်အရေးများလည်း ဆုံးရှုံးနိုင်ပြီး တပ်မတော်၏ ရပ်တည်ချက်မှာမူ ပြောင်းလဲမည်မဟုတ်သဖြင့် ဥပဒေနှင့်အညီ လုပ်ဆောင်ရန်လည်း NCA လက်မှတ် မထိုးရသေးသည့်အဖွဲ့များအား တိုက်တွန်းပြောဆိုသွားသည်။

ရန်ကုန်၊ ဇန်နဝါရီလ ၁၂ ရက် ။ ။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အနေဖြင့် နိုင်ငံရေးဆွေးနွေးပွဲများမှ တစ်ဆင့်သာ တောင်းဆိုချက်များကို အကောင်အထည်ဖော်နိုင်မည်ဟု လက်မှတ်မထိုးရသေးသည့် အဖွဲ့များအား ရည်ညွှန်း၍ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

'တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ် NCA ကို လက်မှတ်ထိုးပြီးမှသာ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲများမှတစ်ဆင့် မိမိတို့၏ လိုအပ်ချက်များကို ဆွေးနွေးမှု၊ တောင်းဆိုမှုများ ပြုလုပ်ရမည်' ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာ အထူးကိုယ်စားလှယ်နှင့် တွေ့ဆုံစဉ် ပြောဆိုခဲ့ခြင်းဖြစ်သည်။

တရုတ်နိုင်ငံ အာရှရေးရာ အထူးကိုယ်စားလှယ် H.E. Mr. Sun Guoxiang နေပြည်တော်၌ ဇန်နဝါရီ ၁၁ ရက်နေ့ မွန်းလွဲပိုင်း တွေ့ဆုံမှုတွင် ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ အကြီးတန်းစစ်ဘက်အရာရှိများလည်း တက်ရောက်ကြကြောင်း မြဝတီသတင်းက ဖော်ပြသည်။

၎င်း၏လက်ထက် NCA လက်မှတ်ထိုးခြင်းသည် ယခင်ကာလများကဲ့သို့ 'သာမန်ပစ်ခတ်မှုရပ်စဲရေးအတွက် လက်မှတ်ရေး ထိုးခြင်း' မဟုတ်ဘဲ တိုင်းပြည်ထာဝရငြိမ်းချမ်းရေးအတွက် စာချုပ်ချုပ်ခြင်းဖြစ်သည်ဟု ဗိုလ်ချုပ်မှူးကြီးက ပြောသည်။

ယခင်ပစ်ခတ်ရပ်စဲမှုစာချုပ်ပါ အချက်အလက်များနှင့်လည်း ကွဲလွဲခြင်းကြောင့် ကျန်နေသည့် အဖွဲ့များအနေဖြင့် NCA ကို လက်မှတ်ရေးထိုးရန် လိုအပ်သည်ဟု တရုတ်ကိုယ်စားလှယ်အား ရှင်းလင်းဆွေးနွေးသည်။

NCA လက်မှတ်မထိုးလျင် လိုလားနေချက်များကို ဆွေးနွေးမှု၊ တောင်းဆိုမှုများဆောင်ရွက်နိုင်မည့် အခွင့်အရေးများလည်း ဆုံးရှုံးနိုင်ပြီး တပ်မတော်၏ ရပ်တည်ချက်မှာမူ ပြောင်းလဲမည်မဟုတ်သဖြင့် ဥပဒေနှင့်အညီ လုပ်ဆောင်ရန်လည်း NCA လက်မှတ် မထိုးရသေးသည့်အဖွဲ့များအား တိုက်တွန်းပြောဆိုသွားသည်။

ထာဝရငြိမ်းချမ်းရေးရရှိခြင်းဖြင့် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုများကို အပြည့်အ၀ ဆောင်ရွက်မည်ဖြစ်ပြီး အကျိုးကျေးဇူးများ ပိုမိုဖြစ်ထွန်းနိုင်သည်ဟု ဗိုလ်ချုပ်မှူးကြီးက ဆွေးနွေးပြောကြားသည်။

တရုတ်အထူးကိုယ်စားလှယ်ကလည်း ပြည်ပမှ ဝင်ရောက်စွက်ဖက်မှုများကို ဆန့်ကျင်၍ မြန်မာနိုင်ငံနှင့်ကိုက်ညီသည့် လမ်းကြောင်းရွေးချယ်မှုကို ထောက်ခံပြီး၊ မြန်မာနိုင်ငံ၏ ကောင်းမွန်သည့် အနာဂတ်အတွက် ဆက်လက်ကူညီသွားမည်ဟု ထည့်သွင်းပြောဆိုသည်။ 

၂၀၁၅ ခု ရွေးကောက်ပွဲအပြီး နိုင်ငံရေးအခြေအနေများ ပြောင်းလဲသော်လည်း တပ်မတော်၏ ထူးခြားသော အခန်းကဏ္ဍ များမှာမူ ပြောင်းလဲခြင်း မရှိသည်ကို တွေ့ရပြီး၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရလည်း တပ်မတော်အား အရေးကြီး တာဝန်များ ပေးအပ်ထားကြောင်း၊ တရုတ်အစိုးရနှင့် တပ်မတော်အနေဖြင့် မြန်မာ-တရုတ် နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ထူးခြားသည့် ဆက်ဆံရေးအား အလေးထားသည်ဟုလည်း တရုတ်အထူးကိုယ်စားလှယ်က ပြန်လည်ပြောကြားသည်။

ဇန်နဝါရီ ၁၂ ရက်တွင် စတင်သည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကြီးသည် NCA လက်မှတ်ထိုးပြီးနောက် သမိုင်းသစ် တစ်ခု၊ နိုင်ငံရေးဆွေးနွေးပွဲအတွက် ခြေလှမ်းသစ်တစ်ရပ် စတင်ခြင်းဖြစ်ပြီး ထာဝရငြိမ်းချမ်းရေးအတွက် ဆောင်ကျဉ်း ပေးနိုင်မည်ဟု အပြည့်အဝမျှော်လင့်သည်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုသည်။

Ref; မြဝတီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly