ကိုပါကြီးအမှုအတွက် အရပ်ဘက် တရားရုံးတွင် တရားစွဲမရသော်လည်း နိုင်ငံသား အခွင့်အရေးအရ ဆက်လက် လုပ်ဆောင်သွားမည်ဟု ဇနီးဖြစ်သူ ဆို

ကိုပါကြီးအမှုအတွက် အရပ်ဘက် တရားရုံးတွင် တရားစွဲမရသော်လည်း နိုင်ငံသား အခွင့်အရေးအရ ဆက်လက် လုပ်ဆောင်သွားမည်ဟု ဇနီးဖြစ်သူ ဆို

ရန်ကုန်၊ ဇွန် ၂၄ ။      ။ ဦးအောင်ကျော်ခိုင်(ခ)ဦးအောင်နိုင်(ခ)ကိုပါကြီး သေဆုံးမှုကို အရပ်ဘက် တရားရုံးတွင် လူသတ်မှုဖြင့် တရားစွဲ၍ မရသော်လည်း နိုင်ငံသား အခွင့်အရေးအရ လုပ်ဆောင်သင့်သည်များကို ဆက်လက် လုပ်ဆောင် သွားမည်ဟု ၎င်း၏ ဇနီးဖြစ်သူ မသန္တာက မဇ္ဈိမကို ပြောသည်။

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် တရားရုံးက   ကိုပါကြီး သေဆုံးမှုသည် ဓမ္မတာအတိုင်း သေဆုံးခြင်း မဟုတ်ဘဲ တစ်စုံတစ်ဦး က သေနတ်ဖြင့် ပတ်ခတ်ခြင်းကြောင့် သေဆုံးခြင်း ဖြစ်သည်ဟု ဇွန် ၂၃ ရက်တွင် အမိန့်ချလိုက်သော်လည်း ပစ်သတ်ခဲ့သည်ဟု ဆိုသော တပ်မတော်သားနှစ်ဦးကို စစ်ဘက်ဆိုင်ရာ တရားရုံးက တရားသေ လွှတ်ပေးထားကာ   ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အရ လွှတ်ပေးထားခြင်း ဖြစ်သည် ဆိုသောကြောင့် အရပ်ဖက်တရားရုံးတွင် လူသတ်မှုဖြင့် ပြောင်းလဲ တရားစွဲဆိုမှုမရရှိအောင် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်သည်ဟုလည်း ၎င်းက ဆိုသည်။

မသန္တာက “ ဘယ်လိုပုံစံနဲ့သွားမယ်ဆို တာတော့ အစ်မအခုမပြောနိုင်သေးဘူး။ အစ်မရှေ့နေတွေ၊ တိုင်ပင်သူတွေနဲ့တိုင်ပင် ရဦးမယ်။ သေချာတာတစ်ခုကို အစ်မကို တရားစွဲလို့မရအောင် ဘယ်လို ပိတ်ပိတ် အစ်မက နိုင်ငံသား တစ်ယောက်ရဲ့အခွင့် အရေးအရ အစ်မဆက်ကြိုးစား သွားမယ်”ဟု ဆိုသည်။

၎င်း အနေဖြင့် ဥပဒေအကြံပေးအရာရှိ၊ နိုင်ငံရေး အဖွဲ့အစည်းများစသည်တို့နှင့် တိုင်ပင်ဆွေးနွေးကာ နိုင်ငံသားတစ်ဦး၏အခွင့် အရေးအရ ဆက်လက်လုပ်ဆောင်သွားမည်ဟုလည်း ဆိုသည်။  

ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး အထက်တန်းရှေ့နေ ဦးကျော်လတ်စိုးကလည်း  “ မသန္တာအနေနဲ့ ဒီအမှုကိုဆက်လက်ရင်ဆိုင်ရာမှာ အခက်အခဲတွေအများကြီးကြုံရမယ်။ သူ့ကို ထောက်ပံ့ပေးမယ့် နိုင်ငံရေးဆိုင်ရာအဖွဲ့အစည်းတွေ၊ ဥပဒေဆိုင်ရာအကြံပေး ပုဂ္ဂိုလ်တွေ၊ ရှေ့နေတွေနဲ့သူတို့အား အပြည့်ချီတက်မှသာလျှင်ဒီကိစ္စက အောင်မြင်လိမ့်မယ်လို့ထင်ပါတယ်။ သူတစ်ယောက် တည်း အားနဲ့တော့ဘယ်လိုမှမဖြစ်နိုင်ပါဘူး” ဟု ဆိုသည်။  

ယင်းအမှုတွင် ပါဝင် ပတ်သက်သည့် အစောင့်စစ်သည် ဒုတပ်ကြပ်နှင့် တပ်သားတစ်ယောက်ကို စစ်ဘက် တရားရုံးက တရားသေ လွှတ်ပေးလိုက်ကြောင်း  အမိန့်ချသည်ဟု တပ်မတော်က မြန်မာနိုင်ငံလူအခွင့်အရေး ကော်မရှင်ထံသို့ မေ ၉ရက်က စာပို့ခဲ့ခြင်း ဖြစ်သည်။  

တပ်မတော်၏ ပစ်ခတ်မှုကြောင့် သေဆုံးသွားသည့် ကိုအောင်နိုင် (ခ) ကိုအောင်ကျော်နိုင်(ခ) ကိုပါကြီး၏ အမှုကို ရဲလုပ်ငန်းစဉ် များအတိုင်း ဆောင်ရွက်၍ နယ်ဘက်ဆိုင်ရာ တရားရုံးတွင် စစ်ဆေးသင့်သည်ဟု မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့် အရေးကော်မ ရှင်က သမ္မတထံ အကြံပြုထားသည်ဟု ဒီဇင်ဘာ ၂ ရက်တွင် အစီရင်ခံစာထုတ်ပြန်ကာ အကြံပြုထားသည်။

ကင်းစောင့်စစ်သည်ထံမှ သေနတ်လုပြေးခဲ့သည်ဟုဆိုကာ အလွတ်တန်းသတင်းထောက် ကိုအောင်ကျော်နိုင်(ခ) ကိုပါကြီးကို ကင်းစောင့် စစ်သည်တစ်ဦးက ပစ်ခတ်ခဲ့ပြီး သေဆုံးခဲ့ကြောင်း ၂၀၁၄ ခုနှစ် အောက်တိုဘာလတွင် တပ်မတော် ထုတ်ပြန် ထားသည်။

တပ်မတော်က ပစ်ခတ်ကာ သေဆုံးသွားသည့် ကိုပါကြီး၏ အလောင်းကို နိုဝင်ဘာ ၅ရက်က တူးဖော်ပြီး မော်လမြိုင်ဆေးရုံကြီး တွင် စစ်ဆေးကာ နိုဝင်ဘာ ၇ရက်တွင် ရန်ကုန်သို့ ပြန်လည်သယ်ဆောင်လာပြီး ရေဝေးသုဿန်တွင် ဂူသွင်းသြင်္ဂိုလ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly