ထိုင်းဘုရင် လွန်ခဲ့သည့် နှစ်ကတည်းက တက်နေသည့် ဆေးရုံမှ ပထမဆုံးအကြိမ် ခေတ္တထွက်ခွာ

ထိုင်းဘုရင် လွန်ခဲ့သည့် နှစ်ကတည်းက တက်နေသည့် ဆေးရုံမှ ပထမဆုံးအကြိမ် ခေတ္တထွက်ခွာ

ထိုင်းဘုရင် ဘူမိဘောအဒူလျာဒက်သည် ၎င်း၏ ဘန်ကောက်နန်းတော်သို့ အလည်အပတ် သွားရန် ဇန်နဝါရီ ၁၁ က ဆေးရုံမှ ထွက်ခွာခဲ့သည်။ ဘုရင်ကြီးသည် လွန်ခဲ့သည့်နှစ်ကတည်းက ၎င်းတက်နေသည့် ဆေးရုံမှ ထွက်ခွာမှုမှာ ယခုအကြိမ်သည် ပထမဆုံးအကြိမ် ဖြစ်သည်။

အသက် ၈၈ နှစ်ရှိပြီဖြစ်သော ဘုရင်ကြီးသည် သွေးမသန့်ခြင်း၊ အဆုတ်ရောင်ခြင်းတို့မှ ပြန်လည်ကျန်းမာလာပြီ ဖြစ်ကြောင်း တော်ဝင်အိမ်တော်ထိန်း ဗျူရိုက ဇန်နဝါရီ ၁၀ က ကြေညာပြီးနောက် ချစ်ထရာလာဒါ နန်းတော်သို့ ဘုရင်ကြီး၏ ခရီးစဉ်ပေါ်လာခြင်း ဖြစ်သည်။

ကမ္ဘာ့ နန်းသက်အရှည်ဆုံး ဘုရင်ဘူမိဘောသည် လွန်ခဲ့သည့် နှစ်မေကတည်းက ဆေးရုံတက် နေရသူဖြစ်ပြီး များပြားလှသည့် နာမကျန်းမှုများအတွက် ကုသမှုခံယူနေရသည်။ ဘုရင်ကြီး၏ ကျန်းမာ ရေးနှင့် ၎င်းနေရာ ဆက်ခံမှုတို့နှင့် ပတ်သက်၍ စိုးရိမ်နေရခြင်းက ထိုင်းနိုင်ငံ၏ ဆယ်စုနှစ်တစ်နှစ်ကြာ နိုင်ငံရေး အကျပ်အတည်းတစ်ခု၏ နောက်ခံဖြစ်ရပ်တစ်ခုကို ဖန်တီးလျက်ရှိသည်။ ထိုင်းစစ်တပ်သည် ၂၀၁၄ မေက အာဏာသိမ်းခဲ့သည်။

"ဘုရင်ကြီးက ပတ်ဝန်းကျင် အပြောင်းအလဲတစ်ခုအတွက် ချစ်ထရာလာဒါနန်းတော်ကို သွားပါ မည်။ ဒီကနေ့ပဲ ပြန်လာမှာဖြစ်ပါတယ်"ဟု နန်းတော်အရာရှိတစ်ဦးက ပြောသည်။ ၁၉၄၆ ခုနှစ်က နန်းတက်ခဲ့သော ဘုရင်ကြီးသည် ကျယ်ပြန့်သည့် လေးစားကြည်ညိုမှုကို ရရှိသူဖြစ်သည်။ ဒီဇင်ဘာ ၅ က ၎င်း၏ မွေးနေ့အထိမ်းအမှတ်ပွဲတွင် ပေါ်မလာခဲ့သည့်အတွက် ကျန်းမာရေးအတွက် စိုးရိမ်မှုများ ဖြစ်ပေါ်ခဲ့သည်။ သို့သော်လည်း ဘုရင်ကြီးသည် ဒီဇင်ဘာ ၁၄ က ရှားရှားပါးပါး လူထုကြား ပေါ်လာခဲ့သည်။

ဘုရင်ကြီးသည် ၂၀၀၉ခုနှစ်ကတည်းက များသောအားဖြင့် ဆေးရုံမှာသာ နေနေရသည်။ သို့သော်လည်း သောကကင်းရာဟု အဓိပ္ပါယ်ရသော ကလိုင်ကန်ဝန်ခေါ် နန်းတော်တစ်ခုတွင် အချိန် အတော်ကြာနေခဲ့သည်။

ယင်းနန်းတော်မှာ ဘန်ကောက်တောင်ဘက် ပင်လယ်ကမ်းခြေရှိ ဟွာဟင်း မြို့တွင်ရှိသည်။ ဟာဝေယံရှပ်ဝတ်ကာ ဗင်ကားတစ်စီးဖြင့် ဆေးရုံမှ ဘုရင်ကြီးထွက်ခွာစဉ် ဆေးရုံတစ် ဝိုက် လမ်းများတွင် ရာပေါင်းများစွာသော ပြည်သူများက စီတန်းစောင့်ကြည့်နေခဲ့သည်။ အချို့က ဘုရင်ကြီး သက်တော်ရာကျော်ရှည်ပါစေဟု အော်ဟစ်ကြသည်ဟု အဆိုပါနေရာရှိ ရိုက်တာသတင်း ထောက်က ဆိုသည်။

ထိုင်းတွင် တော်ဝင်အသိုင်းအဝိုင်းကို ထိပါးပုတ်ခတ်ခြင်းအား ပြင်းထန်သည့်ပြစ်ဒဏ်များဖြင့် တားဆီးထားသည်။ စစ်အစိုးရလက်ထက်တွင် တော်ဝင်အသိုင်းအဝိုင်းအပေါ် အကြည်ညိုပျက်စေမှု ဖြင့် တရားစွဲမှုများ သိသာစွာ မြင့်မားလာခဲ့ပြီး ပြစ်ဒဏ်များလည်း ပိုမိုပြင်းထန်လာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly