ပြင်ညာရေး အတွေးစများ

ပြင်ညာရေး အတွေးစများ

သိပ်မကြာသေးမီ အချိန်တစ်ခုက မောင်မှန်တို့ မဂ္ဂဇင်းတစ်စောင်က စာမူတောင်းပါတယ်။ မဂ္ဂဇင်းက မောင်မှန်ပညာရင်နို့သောက်စို့ခဲ့တဲ့ အထက်တန်းကျောင်းရဲ့ နှစ်လည်မဂ္ဂဇင်းပါ၊ စီစဉ်သူ ထဲကတစ်ဦးက မောင်မှန့် မိတ်ဆွေကဗျာဆရာရဲ့ ညီဆိုတော့ ကဗျာဆရာကနေတဆင့် တောင်းတယ်ဆိုပါတော့၊ ပညာရေးနဲ့ ဆိုင်တာလေးပဲ ရေးပေးပါတဲ့။ မောင်မှန်ဘက်ကလည်း ရိုးရိုး သားသားပဲ အကြောင်းပြန်ခဲ့ပါတယ်။ ပညာရေးနဲ့ဆိုင်တာတော့ ရပါတယ်။ ဒါပေမဲ့ အကောင်းရေးထား တာ တစ်ခုမှ မရှိဘူး။ ဖြစ်မလားပေါ့၊ ဟုတ်တယ်လေ၊ မောင်မှန်က အကောင်းမြင်သမားမှ မဟုတ်တာ။

(အဆိုးမြင်သမားလား ဆိုပြန်တော့လည်း ဝန်မခံနိုင်ဘူး၊ မောင်မှန်က အမှန်မြင်သမား) ဒီတော့ ရပါတယ်။ ကြိုက်တာရေးပါတဲ့၊ ဒါနဲ့ပဲ မောင်မှန်လည်း ရေးပေးလိုက်ပါတယ်။ အမှန်မြင်တဲ့အတိုင်း အမြင်မှန်တွေနဲ့ပဲ ရေးပေးလိုက်တာပါ။ ဗမာပြည်ပညာရေး အမှန်တကယ်ကြီး ကောင်းသလား၊ မကောင်းဘူးလားဆိုတာ စာဖတ်ပရိသတ်ကြီး သိပြီးသားပါခင်ဗျာ။

တစ်ပါတ်ဆယ်ရက်လောက်နေ တော့ မောင်မှန်ထံ အကြောင်းပြန်လာပါတယ်။ မဂ္ဂဇင်း ကော်မတီထဲမှာပါတဲ့ ဆရာ၊ ဆရာမအချို့ ကလည်း ရရင် လဲပေးပါဆိုပြီး မေတ္တာရပ်ခံတာပါ။ မောင်မှန်လည်း ရပါတယ်ဆိုပြီး လဲမပေးလိုက် တော့ပါဘူး။ လဲပေးစရာလည်း ရှိမှမရှိဘဲကိုး၊ မောင်မှန့်စာဆိုတာ ဒါမျိုးတွေချည်းမို့လား၊ စိတ်ဆိုးစ ရာလည်း မရှိပါဘူး၊ ဒါပေမဲ့ မောင်မှန် သင်ခန်းစာကောင်းကောင်းတော့ ရသွားပါတယ်။ နောင်ကို ဆင်ခြင်နိုင်တာပေါ့။

ဖန်တရာတေအောင် ပြောပြီး၊ ဆိုပြီး ဖြစ်နေတဲ့ ဗမာပြည် ပညာရေးအကြောင်း ထပ်လောင်း ပြောဆိုကြည့်ကြပါဦးစို့ ခင်ဗျာ၊ အခြေခံက စကြည့်ကြတာပေါ့၊ မောင်မှန်က အခြေခံက စမယ်ဘာညာ ဆိုပြီး ကြီးကြီးကျယ်ကျယ် ရေးလိုက်လို့ အထင်ကြီးမသွားကြပါနဲ့ဦး၊ မောင်မှန့်အိမ်နားက ဘွဲ့ရ ပြင်ပ ဆရာမလေးတစ်ယောက်ရဲ့ ကလေးကျူရှင်ဝိုင်းလေးတစ်ခုကို မကြာမကြာ သွားလေ့လာပြီး အခြေခံ ကစမယ် ပြောတာပါ။ ကျောင်းဆရာမတွေ ကလေးတွေကို ကျူရှင်ခေါ်ပြီး မေးခွန်းပေးတဲ့ ကိစ္စလောက်တော့ ရိုးပါတယ်။ မောင်မှန် ရေးမနေတော့ပါဘူး၊ စနစ်တစ်ခုလုံးနဲ့ဆိုင်တာတွေကိုပဲ ဆရာကြီးလေနဲ့ တင်ပြသွားမှာ ဖြစ်ပါတယ်။

၂၀၁၄-၁၅ ပညာသင်နှစ်ကစပြီး စတုတ္ထအတန်း(Grade 5) နဲ့ အဋ္ဌမတန်း(Grade 9) တို့ကို အစိုးရစစ် စာမေးပွဲများအဖြစ် သတ်မှတ် ကျင်းပခဲ့ပါတယ်။ လေးတန်းက ခရိုင်စစ်ဖြစ်ပြီး ရှစ်တန်းက တိုင်းဒေသကြီးနဲ့ ပြည်နယ်စစ် ဖြစ်ပါတယ်။ ကုစား စာမေးပွဲလည်း ရှိပါတယ်။ ကုစားဆိုတာ ကျတဲ့ဘာ သာအလိုက် ပြန်ဖြေကြရတာ၊ တစ်နည်းအားဖြင့် စာမေးပွဲကျသူ မရှိရလေအောင် ပြန်ကုစားပေး တာပဲ။ အဲဒီ စာသင်နှစ်မှာ လေးတန်း၊ ရှစ်တန်းရောက်နေတဲ့ ကလေးတွေ တောက်လျှောက် သင်ယူလာခဲ့တဲ့ ပညာရေးစန်စက ကျရှုံးသူမရှိ ပညာရေးစနစ်၊ စာသင်နှစ်တစ်နှစ်လုံး တစ်လချင်း သင်ပြီးသမျှကို စာမေးပွဲစစ်ပြီး အအောင်ပေးရတဲ့ စနစ်၊ တစ်လချင်း စာကျက်ပြီး ပြီးရင်မေ့ပစ်၊ နောက်တစ်လကူး ထပ်ကျက်စနစ်ပေါ့။ (အတန်းပိုင် ကျူရှင်တက်ရင် အဲဒီတစ်လစာထဲကပဲ အတန်းပိုင်က ထပ်ပြီး Spot(စပေါ့)ပေးသေးတယ်၊ ကောင်းရောပေါ့။)

အဲသလို ကလေးတွေက တစ်နှစ်လုံးစာကို ကျက်ပြီး တစ်နှစ်လုံးစာကို ဖြေရတဲ့အခါ ဒုက္ခ အကြီးအကျယ် ရောက်ကြရှာပါတယ်။ ဒီနေရာမှာ မောင်မှန်က တစ်လချင်းဖြေ ကျရှုံးသူ မရှိစနစ်က ပိုကောင်းတယ်၊ တစ်နှစ်လုံးစာ ဖြေရတာက ပိုကောင်းတယ်လို့ ဆုံးဖြတ် ထောက်ပြနေတာ မဟုတ်ပါ ဘူး။ ဒီလိုတွေ ဆုံးဖြတ်ပြောဆိုနိုင်စွမ်းလည်း မောင်မှန့်မှာ မရှိပါဘူး။ ပညာရေးပုံစံ အပြောင်းအလဲ တစ်ခုနဲ့ ကလေးတွေ ဗြုန်းစားကြီး ရင်ဆိုင်လိုက်ရတယ်လို့ပဲ ပြောလိုတာပါ။ ရှစ်တန်း၊ လေးတန်းတွေ မနှစ်က ဖြေကြတုန်းကတော့ ကုစား ရှိသေးတယ်။ ဒီနှစ် (၂၀၁၅-၁၆)မှာတော့ ပညာသင်နှစ် အစပိုင်း မှာ ရှစ်တန်းရော၊ လေးတန်းပါ ကုစား မရှိတော့ဘူးလို့ ကြားရတယ်။ ဒီမှာတင် ကျောင်းသားတွေရော မိဘတွေပါ ပျာယာခက်ကြရတော့တာပဲ၊ တစ်လချင်း ကျက်လာတဲ့ ကလေးတွေကလည်း တစ်နှစ်စာ ကျက်ရမယ့်အရေးမှာ ဘယ်လိုမှ အဆင်မပြေပါဘူး။ မိဘတွေခမျာလည်း သားသမီး စာမေးပွဲကျမှာ ကြောက်လေတော့ ကိုယ်စွမ်းနိုင်ရင် စွမ်းနိုင်သလောက် အခြေခံပညာရေးအတွက် အိတ်သွန်ဖာ မှောက် လုပ်ကြရရှာတယ်။ လေးတန်းက နည်းနည်း တော်သေးတယ်၊ ရှစ်တန်းကျ တစ်နှစ်ပညာသင် စရိတ်က မသေးဘူး။ စာမေးပွဲကျသွားလို့ မဖြစ်ဘူးလေ၊ ကိုယ်ဖိရင်ဖိ ရှိရှိသမျှ ဆရာ အာစရိယဂု ဏောကာ အထူးထုတ် အဖုံဖုံလည်း စုံလင်အောင် ဝယ်ပေးရတော့တယ်။

ဒီလိုနဲ့ တစ်နေ့မှာ တိတိကျကျ ရေးရရင် ၂၀၁၅ ခုနှစ်ရဲ့ ဒီဇင်ဘာလ ၁၆ ရက်မှာပါ၊ အခြေခံ ပညာ ဦးစီးဌာနက ညွှန်ကြားရေးမှူးတစ်ဦးက News Watch ဂျာနယ်ကို အခုလို ပြောခဲ့ပါတယ်ခင်ဗျာ။ “ဒီနှစ်က အစိုးရစစ် မဟုတ်ဘူး၊ လေးတန်းက ခရိုင်စစ်ပေါ့၊ ရှစ်တန်းကျတော့ ပြည်နယ်စစ်ပေါ့၊ အခါ တိုင်းနှစ်လို လုပ်မယ့်ပုံပဲ၊ မအောင်ဘူးဆိုရင်တော့ ပြန်ပြီးတော့ ကုစားပေးမှာပေါ့” တဲ့၊ အဲဒီ့သတင်းရဲ့ ခေါင်းစဉ် ကလည်း “ရှစ်တန်း၊ လေးတန်း စာမေးပွဲတွင်း ယခင်နှစ်နည်းတူ ကုစားပေးမှု ရှိမည်” တဲ့၊ ကလေးတွေရော၊ မိဘတွေပါ ပျော်ရွှင်သွားကြပါတယ်။ ပညာတက်တာ၊ မတက်တာ အပထား၊ အတန်းရဖို့ပဲ ကြိုးစားနေရတဲ့ ခေတ်မို့လား၊ ဂျာနယ်လစ်ကြီးတစ်ယောက်ရဲ့ ဆောင်ပုဒ် သေရင်ပြီး ပြီလို့ပဲ မိဘတွေ ကျောင်းသားတွေရဲ့ ဆောင်ပုဒ်ကလည်း အောင်ရင် ပြီးပြီပဲ၊ အကုန်အကျ နည်းနိုင် သမျှ နည်းနည်းနဲ့ အတန်းတွေ မြန်မြန်အောင်အောင်(ဘွဲ့မြန်မြန်ရအောင်) မြန်မြန်သင်ပြီး အလုပ်မြန်မြန်ဝင်ဖို့ပဲ၊ (ပြည်တွင်း အဆင်ပြေရင် လိပ်ကျွန်းလို နေရာမျိုးတွေကို လစ်ဖို့ ပြင်တော့ပဲ) ရှစ်တန်း ကုစားရှိတယ်ဆိုတော့ ဒီတစ်နှစ်တော့ ဒီလိုပဲ ပြီးပြန်ပြီပေါ့ဆိုပြီး ရင်ထဲက အလုံးကြီး ကျသွားကြပါတယ်။

ဒါပေမဲ့ ကျူးကျော်တဲ့ ဘူဒိုဇာနဲ့ အဖျက်ခံရသလို သူတို့ရဲ့ မျှော်လင့်ချက်တွေ အဖျက်ခံကြရ ပြန်ရော၊ ၃၁-၁၂-၁၅ နေ့ထုတ် Daily Eleven သတင်းစာမှာ မန္တလေးတိုင်းဒေသကြီး၊ ပညာရေး ညွှန်ကြားရေးမှူးရုံး (ပညာ)က ညွှန်ကြားရေးမှူးတစ်ဦးရဲ့ ပြောစကားပါလာတယ်။ “မနှစ်က လေးတန်း၊ ရှစ်တန်း စာမေးပွဲတွေကို ခရိုင်စစ်၊ တိုင်းစစ် စာမေးပွဲတွေဖြစ်အောင် စတင် စစ်ဆေးတဲ့နှစ် ဖြစ်တာကြောင့် အစမ်းစာမေးပွဲ ဖြေဆိုခြင်း ထည့်သွင်းထားတာဖြစ်ပြီး စာမေးပွဲအစ်ကြီး ဖြေဆိုပြီးတဲ့ အချိန် ကျတဲ့သူတွေကိုလည်း ဘာသာအလိုက် ကုစား စာမေးပွဲ ကျင်းပပေးတာ ရှိခဲ့တယ်။ ဒီနှစ်မှာတော့ အစမ်း စာမေးပွဲ စစ်ဆေးခြင်းလည်း မပြုလုပ်တော့သလို ကုစား စာမေးပွဲလည်း မရှိတော့ပါဘူး။ နှစ်ဆုံး စာမေးပွဲအဖြစ် တစ်ကြိမ်ပဲ စစ်ဆေးသွားမှာပါ” တဲ့ခင်ဗျာ။ ကုစား မရှိတော့ဘူးစတဲ့၊ ကျောင်းသားတွေရော မိဘတွေရော မောကြော ဆိုက်ရပြန်ပါပြီ၊ ပညာရေးဝန်ကြီးဌာနရဲ့ နှစ်သစ်ကူး လက်ဆောင်ပါ၊ စင်တာကလော့ ဆရာကြီးရဲ့ New Year Present ပါ။

နှစ်စတုန်းက ကုစား မရှိဘူး ပြောတယ်။ (ဒါက ကျောင်းက ဆရာတွေ ပြောတာ) ဒီဇင်ဘာ လလယ်ကျ ညွှန်မှူးတစ်ယောက်က ကုစား ရှိတယ်ပြောတယ်။ နှစ်ဆုံးတော့ တစ်ခါ ကုစား မရှိပါ ပြောပြန်တယ်။ ဘယ်ဟာကမှန်ပြီး ဘယ်အရာက တရားဝင်မှန်း မောင်မှန်တို့ မသိတော့ပါ။ မရှိဘူးဆို လည်း မရှိဘူးလို့ဘဲ ကျောင်းသားမိဘတွေက မှတ်သားကြရမှာပါ။ ပြန်လည်အားထည့် ကြိုးစားကြရ တော့မှာပါ၊ ရှိတာ မရှိတာ သူတို့အလုပ်၊ အောင်အောင်ဖြေရမှာ ကိုယ့်အလုပ်လို့ သတ်မှတ်ပြီး ပန်းတိုင် ကို လှမ်းကိုင်နိုင်ဖို့ ကြိုးပမ်းကြရမှာပါ။ ပညာရွှေအိုး လူမခိုး၊ ပညာရဲရင့် ပွဲလယ်တင့်၊ ပညာမြင့်မှ လူမျိုး တင့်မည် စတဲ့ စကားပုံ၊ ဆောင်ပုဒ်တွေကို တတွတ်တွတ် ရွတ်ဆိုရင်း ပညာတွေ သင်ကြားကြရ ဦးမှာပါ။ ကဲဗျာ ကျောင်းသားတွေ ပညာရေး ဥပဒေကို သပိတ်မှောတ်တာ လွန်သလားလို့။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly