ဒါရိုက်တာ ဂျိုး၏ အမေလူမိုက်သားလူမိုက် ရုပ်ရှင်ဇာတ်ကားကြီး စတင် ရိုက်ကူးတော့မည်

ဒါရိုက်တာ ဂျိုး၏ အမေလူမိုက်သားလူမိုက် ရုပ်ရှင်ဇာတ်ကားကြီး စတင် ရိုက်ကူးတော့မည်

ရန်ကုန်၊ ဇန်နဝါရီ ၁၁ ။ ။ ပွဲကျောင်း ရုပ်ရှင်ထုတ်လုပ်ရေးမှ စီစဉ်ပြီး ဒါရိုက်တာ ဂျိုး၏ ပထမဆုံး ရုပ်ရှင် ဇာတ်ကားကြီး ဖြစ်သည့် အမေလူမိုက်သားလူမိုက် ရုပ်ရှင် ဇာတ်ကားကြီးကို ဇန်နဝါရီ ၂၃ရက်တွင် ရန်ကုန်မြို့၌ စတင်ပြီး ရိုက်ကူး သွားမည် ဖြစ်သည်။

ပွဲကျောင်း ရုပ်ရှင် ထုတ်လုပ်ရေး၏ အမေလူမိုက်သားလူမိုက် ရုပ်ရှင် ဇာတ်ကားကြီး ကန်တော့ပွဲ အခမ်းအနားကို ဇန်နဝါရီ ၁၀ရက်တွင် ရန်ကုန်မြို့ရှိ Asia Plaza Hotel တွင် ကျင်းပခဲ့သည်။

ဒါရိုက်တာ ဂျိုးက " ဒါက ကျွန်တော့်ရဲ့ ပထမဆုံး ရုပ်ရှင်ဇာတ်ကားကြီးပါ။ ပွဲကျောင်း ရုပ်ရှင်ထုတ်လုပ်ရေး ကနေ ရိုက်ကူးဖို့ စီစဉ်ပြီး ရိုက်ဖြစ်တာပါ။ အကိုက အက်ရှင်ကားတွေ ရိုက်တဲ့ ဒါရိုက်တာဖြစ်တဲ့အတွက် ပရိသတ်တွေ အတွက် ထူးခြားတဲ့ ရိုက်ချက်တွေနဲ့ အကောင်းဆုံး တင်ဆက် ပေးသွားမှာပါ" ဟု ပြောသည်။

ဇာတ်ကားကို ဒါရိုက်တာ ဂျိုးမှ ရိုက်ကူး ပုံဖော်မည် ဖြစ်ပြီး သရုပ်ဆောင်များအဖြစ် သစ်နေစ၊ မင်းဦး၊ ထွန်းအိန္ဒြာဗိုလ်၊ ရွှေသမီး၊ ထူးခြား၊ စိုင်းသီဟ၊ မျိုးခန့် နှင့် သရုပ်ဆောင်များစွာ ပါဝင် သရုပ်ဆောင်ကြမည် ဖြစ်သည်။

ထို ရုပ်ရှင်ဇာတ်ကားကြီးတွင် ဝါရင့် သရုပ်ဆောင် မင်းဦး နှင့် ထွန်းအိန္ဒြာဗိုလ်တို့သည် ဇနီးမောင်နှံအဖြစ် ပါဝင် သရုပ်ဆောင်မည် ဖြစ်ပြီး သရုပ်ဆောင် သစ်နေစမှ သားဖြစ်သူအဖြစ် ပါဝင်သရုပ်ဆောင်မည် ဖြစ်သည်။

လင်မယား နှစ်ဦး အဆင်မပြေတာကြောင့် ကွာရှင်းခဲ့ကြပြီး မိခင်ဖြစ်သူက သားဖြစ်သူကို ပတ်ဝန်းကျင်တွင် အနှိမ်မခံရရန် သင်ကြားပေးရာမှ ဆိုဆုံးမမှု လွဲချော်ပြီး သားဖြစ်သူသည် လူမိုက်တစ်ဦး ဖြစ်သွားခဲ့သလို မိခင် ဖြစ်သူ ကိုယ်တိုင်လည်း ရပ်ကွက်ထဲတွင် မုဆိုးမ သားအမိ ဆိုပြီး စော်ကား မခံရအောင် ရပ်ကွက်ထဲတွင် ရိုင်းရိုင်းစိုင်းစိုင်း လုပ်ရင်း အမေလူမိုက် ဖြစ်သွားရသည်။ ထိုဇာတ်ကားသည် မိဘ ဆိုဆုံးမမှု နည်းသည့် အချိန်တွင် သားသမီး လမ်းမှားပေါ် ရောက်ရှိနိုင်သည့် Message (သတင်းစကား) ပေးချင်သည့် ဇာတ်ကားတစ်ကား ဖြစ်သည်ဟု ဒါရိုက်တာ ဂျိုးက ရှင်းပြသည်။ 

သရုပ်ဆောင် ရွှေသမီးက "ဒီကားမှာ ပိုပို ဆိုတဲ့ ကောင်မလေး နေရာကပါ။ လူငယ် ကာရိုက်တာလေးပါပဲ။ ကောင်လေးကို လမ်းကြောင်း မှန်အောင် ဘေးကနေ ပြောပေးရတဲ့ ကောင်မလေး၊ အကြောင်းအမျိုးမျိုးကြောင့် သူနဲ့ ယူလိုက်ရတဲ့ အချိန်မှာ မိဘတွေက သဘောမတူဘူး။ နောက်မှ သဘောတူသွားတဲ့ ပုံစံပါ။ ဇာတ်ကားလေးကတော့ မိဘ မိတ္တာကော အက်ရှင်ကော ဒရမာပိုင်းလေးတွေပါ ပါဝင်မှာပါ" ဟု ပြောသည်။

ဒါရိုက်တာ ဂျိုးသည် လက်ရှိတွင် အက်ရှင် ဇာတ်ကား၊ ဒရမ်မာ ဇာတ်ကားများဖြင့် အောင်မြင်နေသည့် ဒါရိုက်တာ တစ်ဦး ဖြစ်သလို ၎င်း၏ ပထမဆုံး ရုပ်ရှင် ဇာတ်ကားကိုလည်း ဒရမ်မာ နှင့် အက်ရှင် တွဲဖက်ကာ ရိုက်ကူး ပုံဖော် သွားမည် ဖြစ်ပြီး ရန်ကုန်မြို့ အပြင် ပြည်ပတွင်လည်း သွားရောက် ရိုက်ကူးသွားမည် ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly