ကင်ဆာဖြင့် တိုက်ပွဲဝင်နေခဲ့ရသော အဆိုတော် David Bowie တနင်္ဂနွေနေ့က ကွယ်လွန်

ကင်ဆာဖြင့် တိုက်ပွဲဝင်နေခဲ့ရသော အဆိုတော် David Bowie တနင်္ဂနွေနေ့က ကွယ်လွန်

ကင်ဆာရောဂါအား ကြာရှည်စွာ တိုက်ပွဲဝင်နေခဲ့ရသော ကမ္ဘာကျော် အဆိုတော် David Bowie မှာ ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ကွယ်လွန်သွားခဲ့ပြီ ဖြစ်သည်။ သူကွယ်လွန်ချိန်တွင် အသက် ၆၉ နှစ် ရှိပြီဖြစ်သည်။

“David Bowie ဟာ ကင်ဆာရောဂါကို သတ္တိရှိရှိနဲ့ ၁၈ လလောက် တိုက်ပွဲဝင်ခဲ့ပြီး၊ သူ့မိသားစုဝင်တွေ ရှေ့မှာပဲ ဒီနေ့ ညင်ညင်သာသာ ကွယ်လွန်သွားခဲ့ပါတယ်” ဟု အထင်ကရ အဆိုတော်ကြီး Daivd Bowie ၏ တရားဝင် ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် တနင်္ဂနွေနေ့က ရေးသား ဖော်ပြထားသည်။

Bowie ၏ သားဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ Duncan Jones ကလည်း တွစ်တာစာမျက်နှာတွင် သူ၏ ဖခင် ကွယ်လွန်သွားခြင်းနှင့် ပတ်သတ်၍ “အရမ်းဝမ်းနည်း မိပါတယ်။ ဒီသတင်း မှန်ကန်ကြောင်းကိုလည်း ဝမ်းနည်းစွာ အတည်ပြုလိုက်ပါတယ်။ ကျွန်တော် အွန်လိုင်းနဲ့ ခဏလောက် ဝေးကွာဦးမှာပါ။ အားလုံးကို ချစ်ခင်လျက်” ဟု အတိတ်မှ အဖြူအမည်း ဓာတ်ပုံ တစ်ပုံနှင့် အတူ ရေးသားဖော်ပြထားသည်။

သူ၏ အမည်ရင်းမှာ David Robert Jones ဖြစ်ပြီး အမေရိကန် အနောက်တိုင်း ကျေးလက်ရိုးရာ ဂီတ သူရဲကောင်း James Bowie ကို လေးစားအားကျသဖြင့် David Bowie ဟူသည့် အနုပညာနာမည်ကို ယူခဲ့ခြင်း ဖြစ်သည်။

၁၉၆၇ ခုနှစ်တွင် သူ၏ ပွဲဦးထွက် တေးအယ်လ်ဘမ် “David Bowie” ထွက်ရှိခဲ့ပြီး ထိုတေးအယ်လ်ဘမ်မှာ မအောင်မြင်ခဲ့ပေ။ သို့ရာတွင် ထို တေးအယ်လ်ဘမ်ကို “Space Oddity” ဟု အမည်ပြောင်းပြီး ၁၉၆၉ တွင် ထပ်ထုတ်ခဲ့ရာ အောင်မြင်သွားခဲ့သည်။ ၁၉၇၀ ခုနှစ်တွင် ဖြန့်ချိခဲ့သော “ The Man Who Sold the World” အယ်လ်ဘမ် နှင့် ၁၉၇၂ တွင် ဖြန့်ချိခဲ့သော “ The Rise and Fall of Ziggy Stardust and the Spiders From Mars” တေးအယ်လ်ဘမ် တို့မှာလည်း အောင်မြင်ခဲ့ရာ သူသည် နာမည်ကျော် ဂီတသမားတစ်ဦး ဖြစ်လာခဲ့သည်။

Ref: etonline

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly