မင်္ဂလာစျေး အသစ်ဆောက်မည်၊ ပျက်စီးဆိုင်ခန်းများအတွက် ထောက်ပံ့မည်ဟု သမ္မတကတိပြု

မင်္ဂလာစျေး အသစ်ဆောက်မည်၊ ပျက်စီးဆိုင်ခန်းများအတွက် ထောက်ပံ့မည်ဟု သမ္မတကတိပြု

ရန်ကုန်၊ ဇန်နဝါရီ ၁၁ ။ ။ ဇန်နဝါရီ၊ ၉ရက်၊ နံနက်ပိုင်းတွင် မီးလောင်ကျွမ်းခဲ့သည့် မင်္ဂလာဈေးကို အသစ်ပြန်လည်တည်ဆောက်ကာ ပျက်ဆီးသွားသည့် ဆိုင်ခန်းများအတွက်ထောက်ပံ့ကြေးနှင့် ချေးငွေများကို ပေးအပ်နိုင်ရေးဆောင်ရွက်ပေးသွားမည်ဟု မီးလောင်ပြီးသည့်နေရာသို့ လာရောက်ခဲ့သည့် သမ္မတဦးသိန်းစိန်က ဈေးသူဈေးသားများကို ကတိပြုခဲ့သည်။

မီးလောင်ပြီး နှစ်ရက်အကြာ နိုင်ငံတော်သမ္မတက မီးလောင်ခဲ့သည့်နေရာသို့ ဇန်နဝါရီ ၁၁ရက်၊ နေ့လည်ပိုင်းက လာရောက်ကြည့်ရှု့ပြီး မီးလောင်ဆုံးရှုံး ခဲသည့် ပိုင်ရှင်များနှင့် တွေ့ဆုံရာတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။ 

ဈေးသူဈေးသားများနှင့် တွေ့ဆုံရာတွင် မီးလောင်ဆုံရှုံးမှုကြောင့် နစ်နစ်ခဲ့သူများကို ယာယီဈေးများအဖြစ် နေရာချထားပေးမည့် ရွှေပြည့်စုံဈေးနှင့် ရွှေမင်္ဂလာဈေးကားပါကင်များသို့ ရွှေ့ပြောင်းစရိတ်အဖြစ် ကျပ် ငါးသိန်းမှ ၁၀သိန်းအထိ ထောက်ပံ့ပေးရန်နှင့် ရင်းနှီးမတည်ငွေရရှိရေးအတွက်ကိုလည်း ချေးငွေများရယူနိုင်ရန် စီစဉ်ပေးသွားမည်ဟု ဦးသိန်းစိန်က ပြောဆိုခဲ့သည်။

ယင်းအချက်များအပါအဝင် ဈေးပြန်လည်တည်ဆောက်ရေး၊ လုံခြုံစွာ လျှပ်စစ်ရရှိအသုံးပြုနိုင်ရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများအပြင် အင်ဂျင်နီယာပညာရှင်များအသင်းတို့နှင့် ဆွေးနွေးတိုင်ပင်ကာ ဆောင်ရွက်ပေးရန် ရန်ကုန်မြို့တော်ဝန် အပါအဝင်၊ ဈေးတာဝန်ရှိသူများက ဆောင်ရွက် ပေးရန် ၎င်းကတိုက်တွန်းခဲ့သည်။

ဇန်နဝါရီလ ၉ရက်၊ နံနက်ပိုင်း မင်္ဂလာဈေးမီးလောင်မှုကြောင့် ဆိုင်ခန်းပေါင်း ၁၆၀၀ ကျော် ပျက်စီးကာ ကျပ်သိန်းပေါင်း ၃၆၀,၆၀၂ သိန်းအထိ ဆုံးရှုံးခဲ့ရသည်ဟု မင်္ဂလာတောင်ညွန့် ရဲစခန်းက ထုတ်ပြန်ထားသည်။ မီးလောင်ပျက်စီးဆုံးရှုံးခဲ့သည့် ဆိုင်ပိုင်ရှင်များ ပြန်လည် ဆိုင်ဖွင့် လှစ်နိုင်ရေးအတွက် ရွှေပြည့်စုံဈေးနှင့် ရွှေမင်္ဂလာဈေးရှိကားပါကင်များတွင် ယာယီဆိုင်ခန်းများ နေရာချထားပေးမည်ဟုလည်း မီးလောင်သည့်နေတွင်ပင် ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က ဆိုထားသည်။

အဆိုပါဈေးမီးလောင်ရခြင်းမှာ ၄လွှာ၊ ဆိုင်အမှတ် ၄၅၁တွင် လိပ်ဆွဲတံခါးသံဂဟေဆော်ရာမှ ဝါယာရှော့ဖြစ်ပြီး မီးစတင်လောင်ကျွမ်းခဲ့သည်ဟု မင်္ဂလာတောင်ညွှန့်ရဲတပ်ဖွဲ့က စုံစမ်းသိရှိခဲ့ရသဖြင့် သက်ဆိုင်သူများကို အရေးယူနိုင်ရေး စိစစ်မှုများပြုလုပ်နေသည်ဟု ဇန်နဝါရီ ၁၁ရက်၊ နေ့လည်ပိုင်းတာဝန်ကျ ရဲအရာရှိက မဇ္ဈိမကိုပြောသည်။

ဇန်နဝါရီ ၉ရက် မင်္ဂလာဈေးမီးလောင်မှုသည် ၂၀၁၆ခုနှစ် နှစ်စပိုင်းတွင် ဆုံးရှုံးမှုအများဆုံး မီးလောင်မှုဖြစ်ပြီး၊ ၂၀၁၀ခုနှစ် မေလကလည်း ပထမအကြိမ်မီးလောင်ပျက်စီးခဲ့သဖြင့် အသစ်ပြန်လည်တည်ဆောက်ထားခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly